စလင်းမြို့ဝက်သည်းကန်အတွင်းရှိ ရှင်ပင်ရွှေမုဌောဘုရားတွင် ဘုရာဖူးများဖြင့် စည်ကား

စလင်း ၁၄ အောက်တိုဘာ

 

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များ၏အထွက်အမြတ်ထားရာ အဘိဓမ္မာ အခါတော်နေ့ ဖြစ်သည်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သော ဝက်သည်းကန် အတွင်းရှိ ရှင်ပင်ရွှေမုဌောဘုရားတွင် အနယ်နယ် အရပ်ရပ်မှဘုရားဖူးများ၊ အပန်းဖြေလာရောက်သူများဖြင့် စည်းကားများပြားခဲ့ကြောင်းသိရသည်။

 

ဝါလကင်းလွတ်သီတင်းကျွတ်ကာလအစိုးရရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များဖြစ်သောကြောင့် ရပ်နီး ရပ်ဝေးမှ ဘုရားဖူးများ၊ ဒေသခံပြည်သူများသည် မိမိတို့အားလပ်ရက်အတွင်း ပျော်ရွင်စွာ လာရောက်အပန်းဖြေကြပြီး ဝက်သည်းကန်အတွင်းတွင် တည်ထားကိုးကွယ်တော်မှုသော ရှင်ပင်ရွှေမုဌောဘုရားအား ပန်း၊ ရေချမ်း ဆက်ကပ်ကုသိုလ်ယူသူများ၊ ဥပုသ်သီတင်း ဆောက်တည်သူများ၊ ငါးအစာကြွေးသူများ၊ ကန်အတွင်းခြေနင်း အပျော်စီးလှေစီးသူများ၊ ဘုရားရင်ပြင်တွင်အမှတ်တရဓါတ်ပုံရိုက်သူများ၊ ကန်အနောက်ဘက်ရှိ ကန်ညောင် ကုန်းတောရကျောင်းသို့ အပျာ်စီးစက်လှေစီးသူများဖြင့်စည်ကားများပြားခဲ့သည်။

 

ထို့နောက် ညနေချမ်းအချိန်တွင် ရှင်ပင်ရွှေမုဌောကျောင်းဆရာတော်ဉီးမာဏီတမှကြီးကြပ်၍  ဘုရားအား ဆီမီးတစ်ထောင်ဖြင့်ပူဇော်ကန်တော့ပြီး စလင်းမြို့ပေါ်ရှိအလှူရှင်များက လာရောက် ကြသူများအား အချိုရေ၊ ဖျော်ရေအအေးများဖြင့်ဧည့်ခံခဲ့ကြောင်း သိရသည်။

 

စိုးမိုးသူ( စလင်း)