စလင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

စလင်း  ဇူလိုင်   ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း ၂၀ ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀၊ ကျေးရွာ ၂၀ အတွက် ငွေကျပ် သန်း ၂၀၀ ဖြင့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း ခင်း​ခြင်းလုပ်ငန်း ၁၄ ခု ၊ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း နှစ်ခု၊ ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ လူကူးသစ်သားတံတား တည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ ဂါလန် ၂၀၀၀ ဆံ့ ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ ​ကျေးရွာတွင်း ဗို့ ၄၀၀ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း တစ်ခု တို့ကို ကျေးရွာဖွံ့ဖြိုးရေးကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်နှင့် ဝန်ထမ်းများက ဘိုကုန်းကျေးရွာ၌ အဆိုပါ စီမံကိန်းဖြင့် တည်ဆောက်ထားသော  လူကူးသစ်သားတံတားကို ဇူလိုင် ၉ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အထွေး