စလင်းမြိုနယ် အခြေပြုပြေးဆွဲလျက်ရှိသော ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်လိုင်းများမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား အခြေခံစားသောက်ကုန်များထောက်ပံ့

စလင်း  ၆    မေ

 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများကြီးကြပ်ရေး ကော်မတီမှ မြို့နယ်အခြေပြုပြေးဆွဲလျက်ရှိသော ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်လိုင်းများမှ ယဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီက စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ သန်းဆုအောင် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်ဂိတ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အခြေပြုခရီးသည်တင် မော်တော်ယာဉ်လိုင်းများဖြစ်သည့် သန်းဆုအောင်၊ ပွင့်သစ်နဒီ၊ ဆင်ဖြူကျွန်းစတား၊ မိုးသောက်ရောင်နီ မော်တော်ယာဉ်လိုင်းများမှ မော်တော်ယာဉ်(၅၃)စီးအတွက် တစ်စီးလျှင် ဆန် ၆ ပြည်၊ ဆီ ၁ ပိဿာ၊ ကြက်သွန်နီ ၁ ပိဿာ၊ ဒင်္ဂါးခေါက်ဆွဲခြောက်ထုတ် ၄ ထုတ်စီအား မြိုနယ်ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီဥက္ကဌ ဉီးတင်မောင်ဆန်းနှင့် အတွင်းရေးမှူး ဉီးသူ့ထက် အောင်တို့မှ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးအတွက် ခရီးသည်တင် မော်တော်ယာဉ်လိုင်းများပြေးဆွဲခြင်းကို မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးမော်တော်ယာဉ် လိုင်းများကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ယခုလ(၁၅)ရက်နေ့အထိရပ်နားထားပြီး ယာဉ်ပြေးဆွဲမှု ရပ်နားထားသည့်ကာလအတွင်း ယဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၏ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ပေးအပ်ရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် စနစ်တကျ ပေးအပ်ခဲ့ကြောင်း ဦးသူ့ထက်အောင်မှ ပြောကြားသည်။

 

စိုးမိုးသူ(စလင်း)