စလေရုပ်စုံကျောင်းတော်ကြီးသို့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မေလအထိ နိုင်ငံခြားခရီးသွား တစ်သောင်းကျော် ဝင်ရောက်

နေပြည်တော် ၁၂  မေ  

 

စလေရုပ်စုံကျောင်းတော်ကြီးမှာ နိုင်ငံခြားသားခရီးသွားများ၏ စိတ်ဝင်စားစရာ အဆောက်အအုံတစ်ခုဖြစ်ရာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် မေလပထမပတ်အထိ နိုင်ငံခြားသား ခရီးသွား ၁၀၂၆၁ ဦးဝင် ရောက်ခဲ့ကာ ဘဏ္ဍာ ငွေကျပ် သိန်းငါးရာကျော်ရရှိနေပြီဖြစ် ကြောင်း သိရသည်။

 

အဆိုပါရုပ်စုံကျောင်းတော်ကြီးသို့ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်ကလည်း နိုင်ငံခြားသားခရီးသွား ၁၂၀ဝ၀ ဝင်ရောက်ခဲ့ပြီး ဘဏ္ဍာငွေကျပ်သိန်း ၆၀ဝ ရရှိခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (စလေ)မှ ဦးစီးအရာရှိ ဒေါ်ချိုချိုလွင်ထံမှ သိရသည်။

 

 

စလေရုပ်စုံကျောင်းကြီးတွင် ပြခန်းများ၊ ရုပ်စုံကျောင်းပေါ်ရှိ ကုန်းဘောင်ခေတ် ရှေးဟောင်းအမွေအနှစ် ပစ္စည်းများ၊ စလေဦးပုည၏ လက်ရေးမူများ၊ ဗုဒ္ဓဝင် ပန်းပုရုပ်တုများ၊ ရတနာပုံခေတ် အုပ်ချုပ်ရေးဆိုင်ရာ စာပေပုရပိုက်များ၊ အမျိုးသမီးတစ်ဦး၏ ကျောက်စာတစ်ခုနှင့်အတူ လက်မှုပစ္စည်းများကိုလည်း လေ့လာ တွေ့ရှိနိုင်သည်။ အဆိုပါ စလေရုပ်စုံ ကျောင်းကြီးအနီး၌ စလေရောက် အမှတ်တရ ပစ္စည်းများနှင့် စလေမြို့၏ နာမည်ကျော်ထုတ်ကုန် တစ်ခုဖြစ်သည့် စလေဇီးသီးနှင့် ဇီးယိုများကိုလည်း ဝယ်ယူရရှိနိုင်သည်။

 

သမိုင်းဝင်စလေရုပ်စုံကျောင်းတော်ကြီးကို ကျောင်းဒါယကာ ဦးဘိုးကြည်နှင့် ကျောင်းဒါယိကာမ ဒေါ်ရွှေသက် တို့က မြန်မာသက္ကရာဇ် ၁၂၄၄ ခုနှစ်တွင်စတင်ဆောက်လုပ်ခဲ့ပြီး ၁၂၅၄ ခု နှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ကာ ကျောင်းထိုင်ဆရာတော် သုဓမ္မာဂိုဏ်းထောက်ဆရာတော် ဦးဂုဏအတွက် ဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ 

 

 

အဆိုပါကျောင်းတော်ကြီးအား စလင်းမြို့နယ် တညောင်ကျေးရွာမှ လက်သမားများက ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး ပန်းပုပ်ရုပ်တု ၄၅ ရုပ်ကို ရေစကြိုမြို့နယ်မှ ပန်းပုဆရာများက ထုလုပ်ခဲ့ကြောင်း သိရသည်။ ကျောင်း အမျိုးအစားမှာ အိမ်တော်ပုံကျောင်းအမျိုးအစားဖြစ်ကာ တိုင်အလုံးပေါင်း ၁၅၀၊ အနံ ၈၉ ပေရှိသည်။ ဆောက်လုပ်စဉ်က အဆောင် ခုနစ်ဆောင်ရှိခဲ့သော်လည်း ယခုလက်ရှိတွင် အဆောင်ခြောက် ဆောင်သာ ကျန်ရှိတော့သည်။ အဆိုပါ စလေရုပ်စုံကျောင်းတော်ကြီးကို ၁၉၉၅ ခုနှစ်တွင် ရှေးဟောင်းသုတေသနဌာနမှ  ပြတိုက်အဖြစ် စတင်ဖွင့်လှစ် ခဲ့ကြောင်းသိရသည်။ 

 

အဆိုပါ စလေကျောင်းတော်ကြီးအနီး ဥယျာဉ်ကျေးရွာတွင် တည်ရှိသည့် နရပတိစည်သူမင်းကြီး၏ ကောင်းမှုတော် ရှင်ပင်စာကြိုလှဘုရားကြီးသို့လည်းသွားရောက်လေ့လာနိုင်သည်။

 

ရှင်ပင်စာကြိုလှဘုရားကြီးသည် သက္ကရာဇ် ၄၁၉ ခုနှစ် (အေဒီ ၁၀၅၇ )တွင် ပုဂံပြည့်ရှင်အနော်ရထာမင်းကြီး သုဝဏ္ဏဘူမိ သထုံပြည် မနူဟာမင်းထံမှပင့်ဆောင်လာသော ပိဋကတ်သုံးပုံကို သံဃာတော်အပါး တစ်ထောင် နှင့်အတူ ဆင်ဖြူတော် ၃၂စီးဖြင့်ပင့်ဆောင်လာရာ ယခုဥယျာဉ်ကျေးရွာအနီး သီရိဇေယျကုန်းတော်ပေါ်၌ ကြိုဆိုပင့်ဆောင်လာသူများဆုံမိကြရာ အမှတ်အသားကျောက်စာတိုင်စာထူခဲ့ကြကြောင်း၊ အဆိုပါ နေရာတွင် မင်းခုနစ်ဆက်မြောက် သက္ကရာဇ် ၅၃၆ ခုနှစ် (အေဒီ ၁၁၇၄)တွင် နရပတိစည်သူမင်းကြီးနန်းတက်တော်မူရာ အဆိုပါ ဘိုးလောင်းတော်များမှတ်သားထားခဲ့သည့်နေရာတွင် သက္ကရာဇ် ၅၅၄ ခုနှစ်(အေဒီ ၁၁၉၂)တွင် ရှင်ပင် စာကြိုလှဘုရားကြီးအားတည်ထားကိုးကွယ်တော်မူခဲ့ကြောင်း အဆိ်ုပါဘုရားကြီးတွင် ရေးထိုးထားသော မှတ်တမ်း များအရ သိရသည်။

 

ဇင်ဦး(မြန်မာ့အလင်း)၊
ဓာတ်ပုံ- သီဟစည်သူ