စက်ရုံအလုပ်ရုံများ ပိတ်သိမ်းမှု ၁၂၀ ကျော်ရှိသော်လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြသည့်စက်ရုံ သုံးရုံသာရှိ

ရန်ကုန်  ၈   ဧပြီ 

စက်ရုံအလုပ်ရုံများ ပိတ်သိမ်းမှု ၁၂၀ ကျော်ရှိသော်လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကောမရှင်သို့ တင်ပြသည့် စက်ရုံ သုံးရုံသာရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ဧပြီ ၇ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများ အပေါ် စောင့်ကြည့်ရေးအဖွဲ့နှင့် လုပ်ငန်းပိုင်းဆိုင်ရာ ဖြေရှင်းရေးအဖွဲ့တို့ကို ဖွဲ့စည်းထားပြီး စောင့်ကြည့်ရေးအဖွဲ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်ကာ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ စောင့်ကြည့်ရေးအဖွဲ့ဖြင့် စောင့်ကြည့်ရာတွင် စက်ရုံအလုပ်ရုံများမှ လုပ်သားလျှော့ချခြင်း၊ ယာယီပိတ်သိမ်းခြင်းနှင့် အပြီးပိတ်သိမ်းခြင်းတို့ကို တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။

"ဒီလိုစောင့်ကြည့်တဲ့အနေအထားမှာ ထူးခြားမှုရှိတာကတော့ စက်ရုံအလုပ်ရုံတွေက လုပ်သားလျှော့ချခြင်း၊ ယာယီပိတ်သိမ်းခြင်း၊ အပြီးပိတ်သိမ်းခြင်းတွေ တွေ့လာရပါတယ်၊ ဒီအချိန်မှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြပြီး ဆောင်ရွက်ထားတာတော့ သုံးခုပဲရှိပြီး ကျန်တာကတော့ သက်ဆိုင်ရာ စက်ရုံအလုပ်ရုံများနဲ့ စက်မှုဇုန်များ အခြေအနေများပေါ် မူတည်ပြီး ဆောင်ရွက်သွားတာ တွေ့ရှိရမှာဖြစ်ပါတယ်၊ ဧပြီ ၁ ရက်နေ့အထိ ရရှိထားတဲ့ သတင်းကတော့ စက်ရုံအလုပ်ရုံပေါင်း ၁၂၄ ရုံ ရပ်နားထားတာ တွေ့ရပါတယ်၊ အဲဒီထဲမှာမှ အပြီးပိတ်သိမ်းတာ ၃၆ ခု၊ ယာယီပိတ်သိမ်းတာ ငါးခု၊ လုပ်သားအင်အားလျှော့ချတာ သုံးခုရှိတယ်ဆိုတဲ့အကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရကတဆင့် သတင်းများ ရရှိထားတာဖြစ်ပါတယ်"ဟု  ဦးသန့်စင်လွင် က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ တင်ပြထားသည့် စက်ရုံအလုပ်ရုံများကို သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဌ ဦးဆောင်ပြီး ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကို မတ်လ ၁၃ ရက်က အဖွဲ့ဝင်ကိုးဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီအနေဖြင့် ချေးငွေများ ထုတ်ချေးရေးအပြင် သက်ဆိုင်ရာဌာနအလိုက် ဖြေလျှော့မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

"ဒီကော်မတီကနေ ချေးငွေများထုတ်ပေးရေး အပါအဝင် သက်ဆိုင်ရာဌာနအလိုက် ဖြေလျှော့မှုလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပါတယ်၊ ဒီနေ့ထိ သက်ဆိုင်ရာ ဌာနများမှတစ်ဆင့်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှတစ်ဆင့် ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ နစ်နာတဲ့ အခက်အခဲဖြစ်နေတဲ့ လုပ်ငန်းရှင်များအပေါ်မှာ ကျွန်တော်တို့ဌာနအနေနဲ့ ချေးငွေလျှောက်လွှာ လက်ခံတဲ့အပိုင်းမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်"ဟု ဦးသန့်စင်လွင် က ဆက်ပြောသည်။

လက်ရှိ ချေးငွေလျှောက်လွှာများ လက်ခံလျက်ရှိရာ စတင်သည့်အချိန်မှ ဧပြီ ၇ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ချေးငွေလျှောက်လွှာပေါင်း ၇၉၆ စောင် လက်ခံရရှိပြီး လုပ်ငန်းရှင်များမှ ချေးရန်တောင်းခံငွေ ပမာဏ ကျပ်ငွေ ၁၂၇ ဘီလီယံရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် ချေးငွေများနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ စိစစ်ရေးအဖွဲ့နှင့် ချေးငွေထုတ်ပေးရေးအဖွဲ့တို့က လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ချေးငွေများ အမြန်ဆုံး ထုတ်ပေးနိုင်ရေးကိုလည်း အမြန်ဆုံး ဆောင်ရွက်နေကြောင်း သိရသည်။

ပိတ်သိမ်းသည့် အဆိုပါ စက်ရုံအလုပ်ရုံများအနေဖြင့်လည်း ပိတ်သိမ်းခြင်းကို အကြောင်းမကြားပါက ရင်းနှီးမြှုပ်နှံမှုဥပဒေအရ အရေးယူနိုင်ကြောင်း၊
ထိုသို့ အရေးယူမည်ဖြစ်သော်လည်း လက်ရှိအချိန်ထိ တစ်ကြိမ်မျှ မဖြစ်သေားပါကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ ကြောင့် အထည်ချုပ်စက်ရုံများ ကုန်ကြမ်းမရဟု ဆိုကာ ပိတ်သိမ်းမှုများရှိသကဲ့သို့ ထွက်ပေးတိမ်းရှောင်ကာ သတင်းမပေးပို့သည့် စက်ရုံအလုပ်ရုံများ၏ အခြေအနေကိုလည်း သတင်းရရှိပါက မြေပြင်ကွင်းဆင်းသည့်အဖွဲ့နှင့် စစ်ဆေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ပြောကြားထားသည်။

Nyein Nyein