စကားမပြောနိုင်သည့်ဝေဒနာရှင်များအတွက် ဆက်သွယ်ပေးနိုင်မည့်ခေါင်းစွပ်

၁၁ မေ

 

နည်းပညာများထွန်းကားတိုးတက်လာသည့်အလျောက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကိုလည်း အဆင့်မြင့်နည်းပညာများအသုံးပြုကာ ဖန်တီးထုတ်လုပ်လျက်ရှိရာ ရောဂါဝေဒနာရှင်တို့အတွက် အသုံးတည့်နည်းပညာပစ္စည်းများမှာလည်း ပိုမိုကောင်းမွန်လာပြီဖြစ်သည်။ မွေးရာပါအားနည်းချက်နှင့် ဆွံ့အနေသူများ၊ ထူးခြားသည့်ရောဂါများကြောင့် စကားမပြောနိုင်သူများနှင့် လေဖြတ်ဝေဒနာဖြစ်ကာစကားပြောနိုင်ခြင်းမရှိတော့သည့် လူနာများအတွက် ၄င်းတို့၏တုံ့ပြန်ဆက်သွယ်ချက်များကို ဦးနှောက်မှတစ်ဆင့် အာရုံခံ၍ပြန်လည်ဖော်ပြနိုင်သော ခေါင်းစွပ်ကဲ့သို့ ကိရိယာတစ်မျိုးကို ဦးနှောက်နှင့် အာရုံကြောအထူးကုသဆရာဝန်များနှင့် ကုသရေးအထောက်အကူပြုပစ္စည်းနည်းပညာရှင်တို့ ပူးပေါင်းကာ ဖန်တီးလိုက်ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါခေါင်းစွပ်မှာ လူနာ၏ဦးနှောက်မှ တုံ့ပြန်ချက် သွေးစီးဆင်းမှုများကို အာရုံခံတိုင်းတာပြီး ချိတ်ဆက်ထားသော ကွန်ပျူတာဖန်သားပြင်တွင် ပြန်လည် ဖော်ပြပေးသွားမည်ဖြစ်ကာ ဆရာဝန်၊ မိသားစုများနှင့် အခြားဆက်သွယ် ပြောဆိုလိုသည့်သူများကို သိရှိနိုင်စေမည်ဖြစ်ကြောင်းသိရသည်။

 

စတင်ဖန်တီးစဉ်က ဆရာဝန်မှ လူနာအား ခံစားနေရသည့်ရောဂါဝေဒနာနှင့် ပတ်သက်သည့် မေးမြန်းချက်များကို တုံ့ပြန်ဖြေကြားနိုင်ရန်သာ ဖန်တီးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မိသားစုများ၊ အခြား ဆက်သွယ်ပြောဆိုလိုသည့်သူများ နားလည်စေရန်အတွက်ကိုပါ ထပ်မံအဆင့်မြှင့်တင် ဖန်တီးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါကိရိယာကို ဖန်တီးနိုင်ရန်နှစ်ပေါင်း ၃၀ ခန့် အားထုတ်ခဲ့ရပြီးနောက် ယခုအသုံးပြုနိုင်နေပြီဖြစ်ကြောင်း သိရသည်။

 

“အခုတော့ လူနာတွေအတွက် အရေးကြီးတဲ့ မေးခွန်းတွေကို မေးမြန်းနိုင်နေပြီ ဖြစ်ပါတယ်၊ ဒီဝေဒနာရှင်တွေနဲ့ ဆက်သွယ်နိုင်ခြင်းဟာ ဒါပထမဆုံးပါပဲ၊ ဒါဟာ လူနာတွေနဲ့ သူတို့ရဲ့ မိသားစုဝင်များအတွက် အလွန်အရေးပါတဲ့ ဖန်တီးမှုတစ်ခု ဖြစ်လာပါတယ်” ဟု အဆိုပါနည်းပညာဖန်တီးမှုကို ဦးဆောင်သူ ဦးနှောက်အထူးကုဆရာဝန် Dr.Niels Birbaumer က ပြောကြားထားကြောင်း The Guardian သတင်းစာတွင် ဖော်ပြထားသည်။

 

ALEX