စကားလုံးနှင့် အနက်အဓိပ္ပာယ်(၁၃)

မောင်ခင်မင် (ဓနုဖြူ)

 

 

“အရင်အပတ်တုန်းက လက်တွေ့ပြောဆိုသုံးနှုန်းတဲ့အခါ တွေ့ရတဲ့ အနက်အဓိပ္ပာယ် သဘောတွေကို ပြောမယ်လို့ ဘဘပြောထားပါတယ်”

 

“ ဪ... သမီးက သတိပေးတာပေါ့။ ဘဘ မမေ့ပါဘူး။ စကားလုံးတွေ တစ်လုံးချင်း အဓိပ္ပာယ် ဘယ်လိုရှိတယ်၊ အနက်အဓိပ္ပာယ်ချင်း ဘယ်လိုဆက်သွယ်မှုရှိတယ် ဆိုတာတွေ အရင်အပတ်ထိ တော်တော်ပြောပြီးပြီဆိုတော့ သမီးလည်းတော်တော် သဘောပေါက်ရောပေါ့”

 

 

“ဟုတ်ကဲ့ပါ။ သမီးစိတ်ဝင်စားပါတယ် ဘဘ”

 

“တစ်ခုစဉ်းစားကြည့်စမ်းပါ။ စကားလုံးတွေကို သုံးတဲ့အခါ တစ်လုံးချင်း သုံးတာလား။ တစ်လုံးနဲ့တစ်လုံး ဆက်စပ်သုံးတာလား။ ဘယ်လိုသုံးပါလိမ့်။”

 

“တစ်လုံး နဲ့တစ်လုံး ဆက်စပ်သုံးတာပါ ဘဘ။ အဆက်အစပ်မရှိဘဲ တစ်လုံးချင်း မသုံးပါဘူး”

 

“ အေး... ဘဘတို့ တစ်ယောက်နဲ့တစ်ယောက် စကားနဲ့ဆက်သွယ်တယ်ဆိုတာ စကားလုံးတွေကို တစ်လုံးနဲ့တစ်လုံး ဆက်စပ်ပြီး ကိုယ်ဆိုလိုတဲ့ အဓိပ္ပာယ်ရအောင် ပြောရ၊ ရေးရတာ မဟုတ်လား”

 

“ ဟုတ်ပါတယ် ဘဘ”

 

“စကားတစ်လုံးချင်းပဲ သုံးတာမျိုးလည်း ရှိတော့ရှိတာပေါ့။ လူတစ်ယောက်ကို ‘လာ’ ၊ ‘ထိုင်’ ၊ ‘စား’ ဆိုတာမျိုး အမိန့်ပေးတဲ့ စကားမျိုးကတော့ တစ်လုံးချင်း သုံးတာပေါ့။ ပြီးတော့ ‘ဒါဘယ်သူလဲ’ လို့မေးရင် ‘မောင်မောင်’ လို့ တစ်လုံးတည်း ပြန်ဖြေတာမျိုးလည်း ရှိတာပေါ့။ ဒါပေမယ့် ရှေ့ကမေးတဲ့စကားနဲ့ဆက်စပ်ပြီး ပြောရတာလေ။ အဲဒီလိုပဲ ‘ဘယ်ကလာသလဲ’ လို့မေးရင် ‘ဈေးက’လို့ ခြုံပြော တဲ့စကားမျိုးလည်းရှိတာပေါ့။ ‘ဈေးကပြန်လာပါတယ်ခင်ဗျာ’ လို့ အပြည့်အစုံ ပြောတာမျိုးလည်းရှိတာပေါ့။ ဘယ်လိုပုံစံပဲပြောပြော အဆက်အစပ်တစ်ခုခုတော့ ရှိတာချည်းပဲလေ”

 

“ဟုတ်ကဲ့ပါ”

 

“အဆက်အစပ် နှစ်မျိုးရှိတယ်ကွဲ့။ စကားအဆက်အစပ်နဲ့ အခြေအနေအဆက်အစပ်ပေါ့။ စကားအဆက်အစပ်ဆိုတာက ရှေ့စကားနောက်စကား အဆက်အစပ်ပေါ့။ အဲဒီ အဆက်အစပ်အရ အဓိပ္ပာယ်ကို နားလည်ရတာပေါ့။ အဓိပ္ပာယ် နှစ်မျိုး သုံးမျိုး ဖြစ်နိုင်တဲ့စကားတွေဟာ စကားအဆက်အစပ်ကြောင့် ဘယ်အဓိပ္ပာယ်ကို ဆိုလိုတယ်ဆိုတာ ကွဲကွဲပြားပြားဖြစ်သွားတဲ့အကြောင်း ဘဘ ပြောဖူးပါတယ်။ ဆိုပါတော့ကွယ်။ ‘တောင်ဘက်ကလေတိုက်တယ်’ ၊ ‘တောင်ပေါ်တက်တယ်’၊ ‘ဒီကြိုးက ငါးတောင်ရှည်တယ်’ ဆိုတဲ့စကားလုံးတွေမှာ ‘တောင် ‘ရဲ့ အဓိပ္ပာယ်ဟာ ရှေ့နောက် စကားအဆက်အစပ်ကြောင့် ကွဲပြားထင်ရှားသွားတာလေ”

 

“ ဟုတ်ပါတယ် ဘဘ”

 

“အခြေအနေအဆက်အစပ်ဆိုတာက အခု ဘဘနဲ့ သမီးနဲ့ပြောဆိုနေကြတဲ့ အခြေအနေမျိုးပေါ့။ ဘဘရဲ့အိမ်ဧည့်ခန်းမှာ ဘဘနဲ့သမီးနဲ့ အဓိပ္ပာယ်အကြောင်း ပြောဆိုနေကြတယ်ဆိုတဲ့ အခြေအနေကို ဆိုလိုတာပဲ။ ဘယ်သူတွေ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘာအကြောင်းပြောကြတယ်ဆိုတဲ့ အခြေအနေတွေကို ဆက်စပ် စဉ်းစားရတာပေါ့။ ဘဘဆက်ရှင်းပြပါ့မယ်”

 

“ ဟုတ်ကဲ့ပါ ဘဘ”

 

“အဆက်အစပ်နဲ့ပတ်သက်တဲ့ သဘောထားတွေအကြောင်းလည်း ပြောရဦး မယ်။ တချို့ပညာရှင်တွေက ဘယ်လိုပြောသလဲဆိုရင် စကားလုံးတွေကို အဆက် အစပ်နဲ့သုံးမှ အဓိပ္ပာယ်ပေါ်တယ်တဲ့။ အဆက်အစပ်မပါရင် ဘာအဓိပ္ပာယ်မှ မရှိဘူးတဲ့။ အဲဒီလိုပြောကြတယ်”

 

“ဪ”

 

“အဲဒီအယူအဆက အဆက်အစပ်ကို အလေးပေးလွန်းရာရောက်တဲ့အယူ အဆပဲ။ အဲဒီအယူအဆကို သဘောမတူတဲ့ပညာရှင်တွေက အဆက်အစပ်မပါဘဲ စကားတစ်လုံးတည်းနဲ့ သူ့ဘာသာအဓိပ္ပာယ်ရှိနေတဲ့ အသုံးတွေကို ထောက်ပြကြတယ်။ စာအုပ် နာမည်တွေပေါ့။ Jane Austin ရဲ့ Persuation ဆိုတဲ့ဝတ္ထုနာမည်မျိုး တစ်လုံးတည်းနဲ့ အဓိပ္ပာယ်ရှိနေတာပဲ-တဲ့။ Kiplingါ ရဲ့ စာအုပ်နာမည်က သဒ္ဒါစကားလုံးတစ်လုံးတည်းပဲ။ ‘IF’တဲ့။ အဲဒီသာဓကတွေထောက်ပြပြီး အဆက် အစပ်မပါဘဲ အဓိပ္ပာယ်ရှိပုံကို သာဓကပြကြတယ်”

 

“ဘဘ မြန်မာဝတ္ထုတွေမှာလည်း နာမည်တစ်လုံးတည်းပါတဲ့ ဝတ္ထုတွေရှိတာပဲ နော်။ ဂျာနယ်ကျော်မမလေးရဲ့ ‘သွေး’ လိုဟာမျိုးပေါ့”

 

“ ဟုတ်ပါတယ်။ ဆရာမင်းဆွေရဲ့ ‘ဓား’ တို့၊ ဆရာမင်းကျော်ရဲ့ ‘တစ္ဆေ’ တို့ ဟိုတလောက ဇာတ်လမ်းတွဲရိုက်သွားတဲ့ မစန္ဒာရဲ့ ‘အရိပ်’ တို့ စကားတစ်လုံးတည်းနဲ့ အဓိပ္ပာယ်ရှိတာတွေပဲ”

 

“ ဟုတ်ကဲ့ပါ”

 

“တစ်ခုတော့ရှိပါတယ်။ ဝတ္ထုနာမည်ကို စကားတစ်လုံးတည်း ပြပေမယ့် အဲဒီအဓိပ္ပာယ်ရအောင် ဆက်စပ်နေတဲ့ စကားအဆက်အစပ်ကတော့ စာအုပ် တစ်အုပ်လုံးပဲလို့ ဆိုနိုင်တာပေါ့။ စကားအဆက်အစပ်နဲ့ လုံးဝမပတ်သက်တာတော့ မဟုတ်ဘူးလေ”

 

“ဟုတ်ကဲ့ပါ။ နားလည်ပါပြီ ဘဘ”

 

“အဲ... ပညာရှင်တချို့ကတော့ အဆက်အစပ်ကို ဖယ်ထားချင်ကြတယ်။ စကားလုံးတွေဟာ သူ့ဟာသူ အဓိပ္ပာယ်ရှိနေတာပဲ။ အဆက်အစပ်မလိုပါဘူးလို့ ပြောကြတယ်။ အဲဒီလိုကျတော့လည်း အဆက်အစပ်ကို ပစ်ပယ်လွန်းရာရောက်တာပေါ့။ တချို့စကားတွေကျတော့ အဆက်အစပ်မပါဘဲ သုံးလို့ကိုမရဘူးလေ။ ‘ဒီဟာဘာလဲ’ ဆိုတဲ့ အမေးစကား၊ ‘ဟို စာအုပ်ခဏပြပါ’  ဆိုတဲ့ စကားတွေကို သုံးရင် ပတ်ဝန်း ကျင်က အဲဒီပစ္စည်းတွေကို လက်ညှိုးထိုးမပြဘဲ သုံးလို့မှမရတာလေ။ ပြင်ပအခြေအနေ အဆက်အစပ်မပါဘဲ ‘ဟိုဟာ’ ‘ဒီစာအုပ်’ ဆိုတာတွေဟာ ဘာကို ဆိုလိုတယ်ဆိုတာ မသိနိုင်ဘူးလေ။ ဒီတော့ အဆက်အစပ်ကို လုံးဝဘေးဖယ်ထားလို့ မရဘူးပေါ့ကွယ်”

 

“ဟုတ်ကဲ့ပါ။ မှတ်ထားပါ့မယ်”

 

“နောက်တစ်ချက်က ‘ကျွန်တော့်ကွန်ပျူတာ ငိုနေတယ်’ ဆိုတဲ့ စကားလို အနက်သွေဖည်တဲ့ ဝါကျမျိုး၊ ‘ကျွန်တော် ဆေးသွားဝယ်မလို့’ ဆိုတဲ့ ဝါကျလို အနက်နှစ်ခွထွက်တဲ့ ဝါကျမျိုးကို ပြလိုက်တာနဲ့ အနက်သွေဖည်နေကြောင်း၊ အနက် နှစ်ခွဖြစ်နေကြောင်း သိဖို့က ကွန်ပျူတာဆိုတာ ငိုတတ်တဲ့ သဘာဝရှိ မရှိ၊ ‘ဆေး’ ဆိုတဲ့စကားလုံးဟာ ‘ရောဂါကုတဲ့ဆေး၊ နံရံသုတ်တဲ့ဆေး’ စတဲ့အနက်တွေ အမျိုးမျိုးရှိ နေလို့ဆိုတဲ့ ပတ်ဝန်းကျင်အဆက်အစပ်တွေကို ကြိုပြီး သိထားမှ အနက်သွေဖည် နေတာ၊ အနက်နှစ်ခွဖြစ်နေတာကို သိမှာလေ။ သမီးနားလည်ရဲ့လား”

 

“နားလည်ပါတယ် ဘဘ”

 

“အဲဒီတော့ အဆက်အစပ်ကို လုံးဝဖယ်ထားလို့ မရဘူးလေ။ ချုပ်ပြီးကြည့်ရင် တော့ စကားလုံးတွေမှာ အမာခံအနက်တစ်ခုခုတော့ နဂိုကတည်းက ရှိပြီးသားလေ။ အဲဒီအနက်ကို သုံးတဲ့နေရာလိုက်ပြီး ကွဲပြားထင်ရှားလာအောင် အဆက်အစပ်က အထောက်အကူပြုပေးတယ်လို့ ပြောရင်တော့ လက်ခံနိုင်တဲ့ အယူအဆဖြစ်မှာ ပေါ့ကွယ်”

 

“ဟုတ်ကဲ့ပါ ဘဘ”

 

“ဒီတော့ စကားအဆက်အစပ်ကို ဘယ်လိုအထောက်အကူပြုတယ်ဆိုတာ ကြည့်ရအောင်။ နာမည်တူ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေအကြောင်းပြောရင် ဘယ်ပုဂ္ဂိုလ်ကို ဆိုလိုတယ်ဆိုတာ စကားအဆက်အစပ်က ကွဲပြားအောင် လုပ်ပေးတယ်ကွဲ့”

 

“သာဓက ကလေး... ဘဘ”

 

“ဆိုပါတော့။ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေထဲမှာ ‘ဦးကျော်ရင်’ တစ်ယောက်မက ရှိတယ်ကွဲ့။ ကဲ... သမီး ဘယ်ပုဂ္ဂိုလ်ကို ကြားဖူးသလဲ”

 

“သမီးကြားဖူးတာက မီးပုံးပျံဦးကျော်ရင်ပါ ဘဘ၊ စွန့်စွန့်စားစားနဲ့ မီးပုံးပျံစီးပြတဲ့ ပုဂ္ဂိုလ်ပါ”

 

“ဟုတ်တယ်။ အဲဒီလိုပဲ။ စာပေလောကမှာ ‘ပုပ္ပားဦးကျော်ရင်’ ရယ်လို့ ထင်ရှား တဲ့ စာရေးဆရာကြီးရှိတယ်။ ရဟန်းဘဝတုန်းကတော့ ‘လယ်တီဦးကောဝိဒ’လို့ ထင်ရှားတယ်။ မြန်မာစာပေဆိုင်ရာကျမ်းတွေ ပြုစုခဲ့တာပေါ့။ နောက်တစ်ယောက်က မန္တလေး၊ ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်မှာ ပါမောက္ခချုပ်လုပ်ရင်း ကွယ်လွန်သွားတဲ့ မြန်မာ စာပေပညာရှင် ဆရာကြီးဦးကျော်ရင်ပေါ့။ မြန်မာစာ ကထိကဦးကျော်ရင်ဆိုပြီး ထင်ရှားတဲ့ ပုဂ္ဂိုလ်ပဲ။ အဲဒီလို နာမည်တူပုဂ္ဂိုလ်တွေထဲမှာ ဘယ်သူ့ကို ဆိုလိုတယ်ဆိုတာ စကားအဆက်အစပ်အရ သိနိုင်တာပေါ့”

 

“ဟုတ်ကဲ့ပါ”

 

“နောက်တစ်ခုကတော့ ဝါစင်္ဂ... အဲ - စကားလုံးအမျိုးအစား တစ်မျိုးထက်ပိုတဲ့ စကားလုံးတွေကို ဘယ်အဓိပ္ပာယ်နဲ့ သုံးတယ်ဆိုတာ စကားအဆက်အစပ်က ခွဲခြား ပေးတယ်။ ‘သွား’ ဆိုပါတော့။ နာမ်ကို သုံးရင် ပါးစပ်ထဲက သွားကို ဆိုလိုတာပေါ့။ ကြိယာကိုသုံးရင် လမ်းသွားတာကို ဆိုလိုတာပေါ့။ ဘယ်ဝါစင်္ဂ၊ ဘယ်အဓိပ္ပာယ်နဲ့ သုံးတယ်ဆိုတာ စကားအဆက်အစပ်အရ ခွဲခြားပြီး သိနိုင်တာပေါ့ကွယ်”

 

“နားလည်ပါပြီ ဘဘ”

 

“တချို့အဆက်အစပ်တွေကတော့ တွဲသုံးနေကျ ဖြစ်နေလို့ ဘယ်စကားလုံးဟာ ဘယ်စကားလုံးနဲ့ တွဲနေကျလဲဆိုတာ ကြိုပြီးခန့်မှန်းလို့ရတယ်ကွဲ့။ အနက်အဓိပ္ပာယ်အရ ဆက်စပ်လို့တွဲသုံးတဲ့ စကားလုံးတွေလေ။ ဆိုပါတော့။ ‘ပု’ နဲ့ ‘တို’ ဟာ ‘ရှည်’ရဲ့ ဆန့်ကျင်ဘက်တွေချည်းမို့ အဓိပ္ပာယ်တူတယ်လို့ ပြောနိုင်တယ်။ ဒါပေမယ့် တခြားစကားလုံးနဲ့ တွဲသုံးတဲ့အခါ ဘယ်စကားလုံးကို ဘယ်စကားလုံးနဲ့ တွဲမှဆိုတဲ့ ကန့်သတ်ချက်ရှိတယ်ကွဲ့”

 

“ဟုတ်ကဲ့ပါ။ ‘ပု’ ဆိုရင် ‘အရပ်ပု၊ သစ်ပင်ပု၊ တိုက်ပုကလေး’ လို့ သုံးပေမယ့် ‘တို’ နဲ့ တွဲပြီးတော့ ‘အရပ်တို၊ သစ်ပင်တို၊ တိုက်တိုကလေး’ လို့ မသုံးတာမျိုးလား ဘဘ”

 

“သမီးက သဘောပေါက်လွယ်ပါတယ်။ ဟုတ်ပါတယ်။ အဲဒီလိုပဲ ‘တုံးတို ၊တိုင်တို၊ ဆေးလိပ်တို’ ဆိုတဲ့ နေရာမှာ ‘တုံးပု၊ တိုင်ပု၊ သစ်ပင်ပု’ လို့ သုံးလေ့ မရှိဘူးလေ”

 

“ဟုတ်ကဲ့ပါ”

 

“တိရစ္ဆာန်တချို့ရဲ့ အော်သံတွေမှာလည်း တွဲသုံးနေကျ အတွဲတွေရှိတယ်။ ‘မြင်းဟီတယ်၊ ကျားဟိန်းတယ်၊ ခြင်္သေ့ဟောက်တယ်၊ ခွေးဟောင်တယ်’ဆိုတာ မျိုးတွေပေါ့”

 

“ဟုတ်ကဲ့ပါ။ ‘ကြက်တွန်တယ်၊ ြွေမတွန်တယ်’ ဆိုတာလည်း ကြားဖူးပါတယ်”

 

“အားလုံးနဲ့ သုံးနိုင်တဲ့စကားလုံးကတော့ ‘အော်တယ်’ ပေါ့ကွယ်။ ဘာကောင်ဖြစ်ဖြစ် ‘အော်တယ်’လို့ သုံးရတာပဲ။ ခုပြောခဲ့တာတွေကတော့ တိရစ္ဆာန်ကိုလိုက်ပြီး သီးသန့်သုံးတာပေါ့”

 

 

“ဟုတ်ကဲ့ပါ”

 

“အဲဒီလို တွဲသုံးနေကျစကားတွဲတွေ ရှိပါတယ်။ ကဲ ‘ကက်ကက်လန်’ ဆိုရင် ဘာနဲ့တွဲမလဲ သမီး”

 

“ ‘ကက်ကက်လန် ရန်တွေ့တယ်၊ ရန်ထောင်တယ်’ လို့ တွဲပါတယ် ဘဘ”

 

“ဒီ့ပြင် စကားနဲ့ တွဲလေ့မရှိဘူး။ အဲဒီလိုပဲ ‘ကျိကျိတက်’ ဆိုရင် ‘ချမ်းသာတယ်’ နဲ့ တွဲတယ်။ အဲဒီလိုပဲ ‘ဟက်တက်’ ဆိုရင် ‘ကွဲ’ ၊ ‘စုံးစုံး’ ဆိုရင် ‘မြုပ်’ ၊ ‘ပေါလော’ ဆိုရင် ‘ပေါ် ‘ ဆိုပြီး တွဲနေကျစကားတွဲတွေ ရှိပါတယ်။ အနက်ဆက်စကားလုံးတွဲလို့ ခေါ်တယ်။ အင်္ဂလိပ်လိုတော့ Cullocation ပေါ့။ သမီးစိတ်ဝင်စားရင် ဆက်လေ့လာ ကြည့်ပေါ့နော်”

 

 

“ဟုတ်ကဲ့ပါ”

 

မြန်မာ့အလင်း