စိုးရိမ်ဖွယ်ရာတစ်ခုတည်းသောဤကမ္ဘာ

ဒေါက်တာမောင်ကျေ

(ယမန်နေ့မှအဆက်) 

ကမ္ဘာ့လူဦးရေဟာ ၂ ဒသမ ၅ ဘီလီယံပဲ ဖြစ်ဖြစ်၊ ခြောက်ဘီလီယံပဲဖြစ်ဖြစ် လူတစ်ဦးချင်းဟာ လှုပ်ရှားမှုတစ်ခုမဟုတ်တစ်ခု ကင်းနိုင်ကြသည်မဟုတ်။ အသက်ရှင်သွားလာနေထိုင်ရေးကအစ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ကားတဝီဝီနဲ့ မောင်းနှင် လိုကြတဲ့ ဆန္ဒအဆုံး အကျုံးဝင်သူတိုင်းဟာ လေထု တွင်းသို့ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့တွေ မည်၍ မည်မျှ ထုတ်လွှင့်သည်ကို ကာဗွန်ခြေရာအဖြစ်၊ ဒီကာဗွန်ခြေရာ အကြီးအသေးဟာ ရာသီဥတုပူနွေးမှုကို ထပ်ဟပ်စေပါတယ်။ 

တရုတ်နဲ့ အမေရိကန်နိုင်ငံတို့ဟာ ကျားကြီး ခြေရာကြီးဆိုသလို ကာဗွန်ခြေရာကြီးတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ကျောက်မီးသွေးနဲ့ ရေနံဓာတ်ငွေ့လောင်စာကို အများဆုံးသုံး လျှပ်စစ်ထုတ်၊ သွားလာရေး လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ပြီး ကမ္ဘာကို ရောင်းချဖြန့်ဖြူးပါတယ်။ ဥပမာ ကမ္ဘာ့နာမည်ကြီး Addidas တံဆိပ်ကဲ့သို့ ကောင်းတဲ့အားကစားဖိနပ်တွေကိုတရုတ်နိုင်ငံက ၄၀ ရာခိုင်နှုန်း ထုတ်လုပ်ရောင်းချပါတယ်။ 

လမ်းပေါ်မှာပြေးနေတဲ့ မော်တော်ကား

နံပါတ် (၂) ကတော့ ကမ္ဘာတစ်ဝန်း လမ်းပေါ်မှာ ပြေးနေတဲ့ မော်တော်ကားစီးရေဟာ သန်းပေါင်း ၁၂၀၀ အထိ ကြောက်ခမန်းလိလိ များပြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ စာရင်းဇယားအရ ကမ္ဘာမှာ မော်တော်ယာဉ်အကြီးအသေး စုစုပေါင်း သန်း ၁၂၀၀ ရှိပါတယ်။ အဓိပ္ပာယ်က လူခြောက်ယောက်ဟာ ကားတစ်စီးပိုင်တဲ့ သဘောပါ။ အမေရိကန်နိုင်ငံရဲ့ လူဦးရေဟာ သန်း ၃၀၀၊ ကားစီးရေက သန်း ၂၄၀ ဆိုပြန်တော့ အမေရိကန်ငါးဦးဟာ ကားလေးစီးပိုင်ပါတယ်။

တရုတ်က လက်ရှိမှာ ကားစီးရေသန်း ၁၈၀၊ နောင်မှာ သန်း ၅၀၀ အထိ ရောက်ဖို့ မျှော်မှန်းနေပါတယ်။ ဂျာမနီနဲ့ဂျပန်နိုင်ငံတို့ဟာ လူနှစ်ဦး ကားတစ်စီးနီးပါးပိုင်ကြပါတယ်။ ၂၁ ရာစုမှာထုတ်တဲ့ မော်တော်ကားတွေဟာ အက်ဆစ်ဓာတ်ငွေ့မထွက် သလောက်ကောင်းပါတယ်။ နည်းပညာမြင့်တွေ သုံးထားလို့ပါပဲ။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ပါ။ ဓာတ်ဆီ၊ ဒီဇယ်ဆီ တစ်ဂါလန်သုံးတိုင်း လေထုထဲကို ကာဗွန်ဓာတ်ငွေ့ ၉-၁၀ ကီလိုဂရမ် ထုတ်လွှတ်ပါတယ်။

ကားငယ်တစ်စီးဟာ ၇ ဒသမ ၃ လီတာ ဖြည့်ထားရင် ကီလိုမီတာ ၁၀၀ အထိ မောင်းနိုင်ပါတယ်။ ဒီကားဟာ ခြောက်ကီလိုမီတာ သို့မဟုတ် ၃ ဒသမ ၇၅ miles မောင်းလိုက်တာနဲ့ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ် တစ်ကီလိုဂရမ် မှုတ်ထုတ်လိုက်ပါတယ်။ လေထုမှာ တင်ကျန်ခဲ့တဲ့ ဒီကာဗွန် ဓာတ်ငွေ့ဟာ ကမ္ဘာကြီးပူနွေးဖို့ ကြီးမားတဲ့ အကြောင်းတရား ဖြစ်ပါတယ်။ အများသုံး ဘတ်စ်ကား တစ်စီးဟာ ဥပမာ YBS ဆိုပါတော့ ၁၀ - ၁၂ ကီလိုမီတာ မောင်းလိုက်တာနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် တစ်ကီလိုဂရမ် ထုတ်လွှတ်ပါတယ်။ ခြောက်ကီလိုမီတာ ဆိုရင် သုည ဒသမ ၅ ကီလိုဂရမ် ကာဗွန်ဒိုင် အောက်ဆိုဒ် လေထုထဲဝင်လာတာ ဖြစ်ပါတယ်။ ဒီ ဘတ်စ်ကားဟာခရီးသည် ၄၀ ကို သယ်ယူပို့ဆောင်တာမို့ တွက်ခြေကိုက်ပါတယ်။

တစ်နှစ်မှာ သစ်ပင်နှစ်ပင်စိုက်ကြ

နံပါတ် (၃) ကတော့ ၁၉၀၀ ပြည့်နှစ်မှာ သစ်တောဟက်ကာ ခြောက်ဘီလီယံရှိရာက ၂၀၀၀ ပြည့်နှစ်မှာ သစ်တော ဟက်ကာ သုံးဘီလီယံ ပဲ ကျန်ပါတော့တယ်။ ကျန်ရှိတဲ့ သစ်တောသုံးဘီလီယံဟာ လေထုတွင်းက ပုံမှန်ရှိနေတဲ့ CO2 ကို စုပ်ယူနိုင် စွမ်းကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာကြီး ပူနွေးဖို့ ကြီးမားတဲ့ အကြောင်းတရား ဖြစ်ပါတယ်။ မြန်မာလူထုအများဟာ ကာဗွန်သံသရာကို တိတိကျကျ နားမလည်သော်လည်း “တစ်ပင်လဲ ဆယ်ပင် ထူ” ဆိုတဲ့ စကားရှိပါတယ်။ ကျွန်တော်တို့ မြန်မာ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက ရှိခဲ့တဲ့ စကားမို့ သစ်တစ်ပင်ခုတ်ရင် ဆယ်ပင် စိုက်ကြဖို့ မှာခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်ပါစံနှုန်းကတော့ အသက် ၁၁ နှစ်နဲ့ အသက် ၆၀ ရှိ အမျိုးသား အမျိုးသမီးတိုင်းဟာ တစ်နှစ်မှာ သစ်ပင်နှစ်ပင် စိုက်ကြဖို့ သတ်မှတ်ချက်ရှိပါတယ်။

သစ်ပင်တွေစိုက်ကြရင် အရိပ်အာဝါသရလို့ အေးမြတဲ့အပြင် လေထုထဲလည်း အောက်ဆီဂျင်ပိုပြီး ရောက်သွားတော့ လေဟာသန့်ရှင်းလာမယ်။ ရောဂါ ဖြစ်စေတဲ့ ဗက်တီးရီးယားတွေလည်း ကင်းစင်လာမယ်။ အမြော်အမြင်နဲ့ ကိုယ့်ဒေသ ကိုယ့်ရပ်ရွာတွေနဲ့ တက္ကသိုလ်၊ ကျောင်းပရဝဏ်တွေမှာ လမ်းမကြီး တွေဘေးမှာ ကိုယ့်ဒေသတွင်းကိစ္စ၊ ကမ္ဘာ့လှုပ်ရှားမှု အသွင်ဖြစ်လို့ လူထုလူမှုအဖွဲ့အစည်းတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေက နှစ်စဉ်ပါဝင် စိုက်ပျိုးကြခြင်းအားဖြင့် ကမ္ဘာကြီးပူနွေးတာ၊ ပုံမမှန် ရာသီဥတုဖြစ်ပေါ်တာ၊ ဆိုင်ကလုန်းမုန်တိုင်း တွေ မကြာခဏတိုက်ခိုက်တာ၊ တောမီးတွေ လောင်တာ ဘေးအန္တရာယ်က ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ 

အနာဂတ်ကမ္ဘာဟာ ပျော်ရွှင်ချမ်းမြေ့နိုင်ပါမလား

လူတို့ဟာ အပြောကျယ်လှတဲ့ ရုက္ခသတ္တ လောကကြီးထဲမှာ နက်ရှိုင်းစွာ ယှက်နွှယ်မှုတွေနဲ့ နှောင်ဖွဲ့ထားတာဖြစ်ပါတယ်။ လူ့ပတ်ဝန်းကျင်ဟာ တကယ်တော့သီးခြားစီမဟုတ်၊ နက်ရှိုင်းပြီး ကွန်ရက်သဖွယ် ယှက်နွှယ်ဆက်စပ်နေမှုကို လူ့ပတ်ဝန်းကျင်လို့ ခေါ်တာပဲဖြစ်ပါတယ်။ လူသားမျိုးနွယ်က ဉာဏ်ရည်အမြင့်ဆုံးဆိုတော့ လူကိုဗဟိုပြုတာဖြစ်သော်လည်း လူ့ပတ်ဝန်းကျင်ရှိ လေထု၊ ရေထု၊ ရုက္ခ၊ သတ္တ၊ ဇီဝဂေဟစနစ်ကြီး စွမ်းအင်အရင်းအမြစ်ကြီး ဖောက်ပြန်ယိုယွင်းလာတာနဲ့အမျှ လူမှုဘဝဟာလည်း ယိုယွင်းပျက်သုဉ်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူဟာ ဉာဏ်ရည်အမြင့် ဆုံးဆိုပြီး လောကရဲ့ဆရာတစ်ဆူလို့ ခံယူလို့မရနိုင်တော့တဲ့ အခြေအနေသို့ ရောက်သွားနိုင်ပါတယ်။ ကမ္ဘာကြီးဟာ ရောဂါစုံနဲ့ကျန်းမာရေးယိုယွင်းလာတဲ့ သဘောရှိရာ ကမ္ဘာကြီးရဲ့ကျန်းမာရေးကို အလေးထားဖို့ အထူးလိုအပ်လာပါတယ်။ ပြေးစရာမြေမရှိဆို သလို နောက်ထပ်ကမ္ဘာ တစ်ခုပေါ်ပေါက်လာဖို့ဆိုတာ ဘယ်လိုမှ စဉ်းစားနိုင်ဖွယ်ရာမဖြစ်နိုင်တာကို ထင်လင်းစွာ မြင်ကြရမှာဖြစ်ပါတယ်။

ကမ္ဘာကြီးနဲ့ အနီးဆုံးလကမ္ဘာကို ရွှေ့ပြောင်း နေဖို့ဆိုတာဟာ စိတ်ကူးယဉ်အိမ်မက်ထဲမှာပဲ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ၊ ဤကမ္ဘာမြေ ကဲ့သို့ဖြစ်ရန် လကမ္ဘာကို ပြောင်းလဲယူမယ်ဆိုရင် ယနေ့သိပ္ပံနဲ့ နည်းပညာအရ ကြိုးပမ်းအားထုတ်မယ် ဆိုရင်တောင် နှစ်ပေါင်းသုံးရာနီးပါးကြာမယ်လို့ ခန့်မှန်းထားတာကြောင့် ဖြစ်ပါတယ်။ နေစကြဝဠာ အတွင်းက အင်္ဂါဂြိုဟ်ဆိုပါတော့၊ ဒီနေ့သိပ္ပံနည်းကျ တွေ့ရှိချက်တွေအရ ဘယ်လိုမှ စဉ်းစားနိုင်ဖွယ်ရာ မဖြစ်တာကိုတွေ့ရပါမယ်။ ဒါကြောင့် ရှည်လျားဦးမယ့် အနာဂတ်ကမ္ဘာခရီးကား အိမ်မက်ထဲမှာပဲ ထားကြပြီးတော့ ဒီနေ့ကမ္ဘာရဲ့ ကျန်းမာရေးကောင်းအောင် အသက်ရှည်ရှင်သန်အောင် စဉ်းစားကြရမှာ ဖြစ်တယ်။

သိပ္ပံနည်းကျ တိုင်းတာချက်များအရ 

လက်ကိုင်ဖုန်းနဲ့ ပုံမှန်တစ်နေ့ နှစ်မိနစ်ခန့် ဆက်သွယ်ပြောဆိုရာမှာသုံးခဲ့ရင် တစ်နှစ်ကြာတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏဟာ ၄၇ ကီလို ဂရမ် ထုတ်လွှတ်တာနဲ့ ညီမျှပါတယ်။ ဘာကြောင့်လဲ၊ ဒီလက်ကိုင်ဖုန်းကို ဒီလိုသုံးနိုင်ဖို့ လျှပ်စစ်အားသွင်းရလို့ပဲ။

သောမတ်အယ်ဒီဆင် တီထွင်ခဲ့တဲ့ တစ်ရာဝပ် မီးသီးကိုသုံးပြီး တစ်နှစ်တာ မီးမပိတ်မိခဲ့ရင် ကာဗွန် ဒိုင်အောက်ဆိုဒ်ပမာဏ ၅၀၀ ကီလိုဂရမ် ထုတ်လွှတ် ပါလိမ့်မယ်။ 

မြန်မာအခေါ် အီကြာကွေးမီးလုံးသုံးခဲ့လို့ မီးမပိတ်မိခဲ့ရင်တောင် ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ ၉၀ ကီလိုဂရမ် ထွက်ပါလိမ့်မယ်။ ဒါကြောင့် လျှပ်စစ်မီးသုံးစွဲသူမှန်သမျှဟာ ကာဗွန်ခြေရာနဲ့ ကင်းလွှတ်နိုင်စရာမရှိဘူးလို့ ပြောတာဖြစ်ပါတယ်။ 

သီးသန့်ကိုယ်ပိုင်မော်တော်ကားကို တစ်နှစ် မိုင်ပေါင်း ၉၀၀၀ မောင်းခဲ့ရင် ထိုသူဟာ နှစ်စဉ် သစ်ပင် ၂၅ ပင် စိုက်ရမယ်လို့ ကာဗွန်ခြေရာအရ သိရပါတယ်။ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ထုတ်လွှတ်တဲ့ မော်တော်ကားပိုင်ရှင်ဟာ တစ်နှစ် သစ်ပင် ၂၅ ပင်ကိုတော့ ဖြစ်အောင် စိုက်သင့်ပါတယ်။

အနိမ့်ဆုံးအဆင့်မှာပင် ကိုယ့်ခြံဝန်းအတွင်း ၁၈ ပေ - ၃ ပေ အကျယ်မှာ ပန်းပင်အလှတွေ စိုက်ရင်ပဲ ကိုယ့်အိမ်က ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလည်း သန့်စင်နိုင်ပြီ လို့ပြောနိုင်ပါတယ်။ 

မြန်မာတို့ ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ

ကျွန်တော်တို့နိုင်ငံရဲ့တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ ကျောက်မီးသွေးသုံးပြီး လျှပ်စစ်ကို ထုတ်သင့်ပါတယ်။ နည်းပညာအတော် အသင့်သာလိုတဲ့ ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံ တွေကို မိုးများတဲ့ ဒေသတွေမှာ ရဲရဲရင့်ရင့်တည်ဆောက်ပြီး စက်မှုလယ်ယာကို တည်ထောင်သင့်ပါတယ်။ မြန်မာ့တံခါးကိုဖွင့် “အပြင်မှာ ဘာတွေဖြစ်နေသလဲ” လို့ ကြည့်တဲ့အခါ သိပ္ပံနဲ့နည်းပညာဟာပိုပြီး အခရာ ကျတာတွေ့ရမှာ ဖြစ်ပါတယ်၊၊ ရာသီဥတုရေမြေ ကောင်းမွန်တဲ့ ကျွန်တော်တို့နိုင်ငံအတွက် ဥပမာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီနဲ့ ပဲခူးတိုင်း ဒေသကြီးတွေမှာ ပန်းမျိုးစုံစိုက်ပျိုးပြီး ကမ္ဘာကို ပန်းတင်ပို့နိုင်ရင် လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ကိုလည်း လျှော့ချနိုင်မယ်။ ဝင်ငွေလည်း ပုံမှန်ရနိုင် မယ်လို့ ပြောပြချင်ပါတယ်။ 

ကျောက်မီးသွေးသုံးပြီး သံရည်ကြိုစက်တွေ၊ သံမဏိထုတ်တဲ့ စက်ရုံတွေဟာ အခုဆိုရင် နည်းပညာ မြင့်လာတော့ အက်ဆစ်မိုးဖြစ်စေမယ့် ဆာလ်ဖာဓာတ်ငွေ့တို့ကို ကောင်းကောင်းဖယ်နိုင်ပြီမို့ ကျောက်မီးသွေးသုံးပြီး စက်ရုံတည်ထောင်ရမှာကို အထူးကြောက်လန့်စရာ မလိုဘူးလို့ပြောချင်ပါ တယ်။ ကျောက်မီးသွေးသာသုံးကြရပြီး လျှပ်စစ် ထုတ်ကြရတဲ့ နိုင်ငံတွေဟာလျှပ်စစ်ကို အထူး ချွေတာသုံးစွဲကြရပါတယ်။ 

ကမ္ဘာကြီးကိုပူနွေးစေတဲ့ အဓိက ဓာတ်ငွေ့ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ကိုယ့်ကြောင့် ပိုမိုမထွက်စေဖို့ လိုအပ်ပါတယ်။ ကိုယ်တစ်ယောက် တည်းအနေနဲ့ မည်သို့မည်ပုံ လျှော့ချနိုင်မယ်ဆိုတာ တွေလည်း စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ ဒီသဘောပဲ− 

•    သန်းပေါင်းခုနစ်ထောင်ကျော်ရှိတဲ့ ကမ္ဘာ့လူထုဟာ ကာဗွန်ဓာတ်ငွေ့ လျှော့ချတဲ့ နည်းတွေကို မမေ့မလျော့ကျင့်သုံးခြင်းဖြင့် တစ်ခုတည်းသောကမ္ဘာကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ 

•    အခြေခံကျကျလုပ်ရမယ့်ကိစ္စက လျှပ်စစ်ဓာတ် ခြိုးခြံချွေတာသုံးစွဲဖို့က ပထမလုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ 

•    ဒုတိယလုပ်ငန်းစဉ်က ရေကိုခြိုးခြံချွေတာသုံးစွဲဖို့နဲ့ လျှော့ပြန်လည်သုံးနှင့် အလီလီသုံး နိုင်သည်ဆိုတဲ့စနစ်ကို ကျင်းသုံးနိုင်တဲ့ လူသုံးကုန်ပစ္စည်းတွေပဲဖြစ်ပါတယ်။

ကောင်းပါပြီ.. ကျွန်တော်တို့ တစ်ဦးချင်း တစ်ယောက်ချင်းဟာ နောက်တစ်နေ့၊ နောက် တစ်လ၊ နောက်တစ်နှစ် ဘာဖြစ်မလဲဆိုတာ သိချင် ကြတာသဘာဝပါပဲ။ အနာဂတ်ကမ္ဘာဟာ ပျော်ရွှင် ချမ်းမြေ့စွာ နေနိုင်ပါ့မလား၊ အနာဂတ် ပတ်ဝန်းကျင် မှာ ဒုက္ခအပေါင်းမှကင်းဝေးချင်၊ အနာဂတ်ဘာဖြစ် မလဲသိချင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အနာဂတ်ဘဝကို စိုးရိမ်ပူပန်ပြီးတွေးပူလို့ပဲ ဖြစ်ပါတယ်။ သို့ရာတွင် ဒီလောင်စာတွေနဲ့ ဇီဝသယံဇာတ ပစ္စည်းတွေဟာ တဖြည်းဖြည်းကုန်ဆုံးတဲ့ နှုန်းဟာလည်း မြန်လာပါတယ်။ လူတို့ရဲ့လှုပ်ရှားမှုတွေကြောင့် ကမ္ဘာ့ပတ်ဝန်းကျင်လောကဟာ ပျက်သုဉ်းလာလို့ အသက်ဆက်လက်ရှင်သန်ဖို့ အခက်ကြုံလာမှာကို တွေးပူမိလာကြပါတယ်။ သူတို့ ရဲ့ ပုံမှန်လုပ်နေကျအလုပ်တွေ မလုပ်နိုင်တော့မှာ ကိုလည်း တွေးပူမိကြပါတယ်။

ကမ္ဘာကြီးပူနွေးလာပြီး ဘေးဒုက္ခအပေါင်းက ကင်းဝေးဖို့၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လူထုကို အခြေခံရမယ်။ လူထုတွင်းမှာရှိတဲ့ ထုတ်လုပ်ရောင်းချ သုံးစွဲသူတိုင်းမှာ တာဝန်ကိုယ်စီရှိကြတာကို သိရှိရုံသာမက လိုက်နာကျင့်သုံးရမှာဖြစ်တယ်။ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကို ရှေးယခင်ကကဲ့သို့ လုပ်နေကြမယ်ဆိုရင် ဆိုင်ကလုန်းတွေနဲ့ တွေ့ရလိမ့်မယ်။ ရေကြီး ရေလျှံ ရေဘေးဒုက္ခတွေ ကြုံရလိမ့်မယ်။ အပူလှိုင်း၊ အအေးလှိုင်း၊ မိုးသည်းထန်၊ မိုးခေါင်တဲ့ ဖြစ်ရပ်တွေကို တွေ့ကြုံရလိမ့်မယ်။

လျှပ်စစ်ဓာတ် ချွေတာကြ

အကြောင်းရင်း ဇာစ်မြစ်ကတော့ ရေနဲ့ လျှပ်စစ်ဓာတ်ကို ခြိုးခြံချွေတာ ထုတ်လုပ်သုံးစွဲဖို့ပါပဲ။ ရေမကြွယ်ဆိုတဲ့အတိုင်း- လူတိုင်းလူတိုင်းဟာ

•    ရေပူ ရေအေး၊ လေပူ လေအေး လိုအပ်သလောက် လျှပ်စစ်ဓာတ်အားကို သုံးစွဲတာ ပြုရပါမယ်။ အပြင်မှာ လွန်စွာပူပြင်းမှ လေအေးစက်ကို အသုံးပြုရပါမယ်။

•    မြို့ကြီး ပြကြီးတွေမှာ လူထုသုံးဘတ်စ်ကား လိုင်း၊ မြို့ပတ်ရထား၊ မြေအောက်ရထားလိုင်းတွေနဲ့ ရုံးသွားရုံးပြန်လုပ်ကြရပါတယ်။ ကျောင်းကြိုကျောင်းပို့လုပ်ကြရပါမယ်။ 

•    အသီးအနှံ၊ အသား၊ ငါးကို ပြည်တွင်းမှ ရွာနီး ချုပ်စပ်မှ ဝယ်ယူသုံးစွဲကြရပါမယ်။ ခြေလေး ချောင်းသားကို လျှော့စားရပါမယ်။ 

•    လျှော့ပြန်လည်သုံးနှင့် အလီလီသုံးနိုင်သည် ဆိုတဲ့ (Reduce, Reuse and Recycle) စနစ် ကို ကျင်းသုံးရပါမယ်။

ကောင်းပါပြီ.. ဒီဆောင်းပါးကို ဒီလို နိဂုံး ချုပ်ချင်ပါတယ်။

•    ၂၀၄၀ ပြည့်နှစ်မှာ နိုင်ငံရဲ့ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို နည်းပညာသုံးပြီး နည်းမျိုးစုံ နဲ့ ဖြည့်ဆည်းကြရပါလိမ့်မယ်။ ကျွန်တော် တို့ အများကြီး ပြင်ဆင်ရပါမယ်။

•    ကောင်းကောင်းစား၊ ကောင်းကောင်းဝတ် ကောင်းကောင်းပျော်ပါးချင်တဲ့ ၂၁ ရာစုရဲ့ လူထု၊ ၂၅ နှစ်အရွယ်ရှိတဲ့ လူငယ်တွေရဲ့ ဆန္ဒဟာ တားဆီးဖို့ခက်ခဲ့တဲ့ မျှော်မှန်းချက် ကြီးဖြစ်နေပါတယ်။ 

•    ပညာတတ်ရင် သိပ္ပံနဲ့နည်းပညာတတ်ကျွမ်းရင် မိသားစုကို ထိန်းနိုင်လောက်မယ်။ အုပ်ချုပ်ရေးမှူး၊ လွှတ်တော်အမတ်၊ မြို့တော်ဝန် စတဲ့တာဝန်တွေလည်း ယူရင် ယူရလိမ့်မယ်။ 

•    ရာသီဥတုတွေ ကမောက်ကမဖြစ်လို့ မုန်တိုင်းကြီးငယ်တွေနဲ့ကြုံရ၊ ရေလွှမ်းမိုးတဲ့ နေရပ်မှာ၊ နေကောင်းနေကြရနိုင်တယ်။ ကျွန်တော်တို့ ခင်ဗျားတို့ခေတ်မှာ ဘယ်လိုနေထိုင်သင့်သလဲ၊ ဘာတွေလုပ်သင့်သလဲဆိုတဲ့ အဖြေ ရှိပြီလား။ 

•    အဖြေရှိပြီဆိုရင် ကျွန်တော်တို့ ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့များမယ်။ ကမ္ဘာကြီးပူနွေးတာ၊ ပုံမမှန်ရာသီဥတုဖြစ်ပေါ်တာ၊ ဆိုင်ကလုန်း မုန်တိုင်းတွေ မကြာခဏ တိုက်ခိုက်တာ၊ တောမီးတွေလောင်တာ ဘေးအန္တရာယ်က ကာကွယ်နိုင်မှာ တစ်ခုတည်းသော ဤကမ္ဘာကို ကယ်တင်နိုင်မှာဖြစ်ပါကြောင်း ရေးသား အပ်ပါတယ်။ ။