စိုးရိမ်ဖွယ်ရာတစ်ခုတည်းသောဤကမ္ဘာ

 

ဒေါက်တာမောင်ကျော်-ပါမောက္ခချုပ်(ငြိမ်း)

 

ပြဿနာများစွာရဲ့ ဇာစ်မြစ်

 

“ကမ္ဘာ့လူဦးရေ ခုနစ်ဘီလီယံအထိ ကြောက်ခမန်း လိလိ တိုးပွားလာတာဟာ ပြဿနာများစွာရဲ့ ဇာစ်မြစ်၊ ဒုက္ခအပေါင်းရဲ့တရားခံလို့” ၂၀၁၄ ခုနှစ် မတ်လ၊ မနီလာဟိုတယ်၊ အနာဂတ်ကမ္ဘာ ခေါင်းစဉ် နဲ့ Dr Yuan T Lee, (Nobel Laureate)က ဟော သွားခဲ့ပါတယ်။

 

ဒီလူဦးရေဟာ ၁၉၀၀ ပြည့်နှစ်က သုံးဘီလီယံ၊ ၂၀၀၀ ပြည့်နှစ်မှာ ခြောက်ဘီလီယံ ဖြစ်လာပါတယ်။ ၂၀၄၀ ပြည့်နှစ်လောက်ရောက်ရင် ရှစ်ဘီလီယံနား ရောက်မယ်လို့ ခန့်မှန်းပါတယ်။ ၂၀၅၀ ပြည့်နှစ် မှာဆိုရင် ၁၀ ဘီလီယံကျော်မယ်လို့ ကုလသမဂ္ဂ လူဦးရေနှင့် ရန်ပုံငွေအေဂျင်စီက ခန့်မှန်းပါတယ်။

 

“ကမ္ဘာ့လူဦးရေဟာ ၂ ဒသမ ၅ ဘီလီယံဆိုရင် သက်သောင့်သက်သာနဲ့ အတော်ပဲလို့” Dr Yuan T Lee က ဆက်လက်ဟောသွားခဲ့ပါတယ်။ လူဦးရေ အလွန်အမင်းတိုးပွားမှုဟာ အစားအစာ၊ ရေကောင်း ရေသန့်နဲ့ လျှပ်စစ်ဓာတ်အားတွေ ပိုပြီးလိုအပ်မယ် ဆိုတာ ထင်ရှားပါတယ်။ နိုင်ငံတကာရဲ့ လျှပ်စစ် ဓာတ်အားလိုအပ်ချက် ၆၀ ရာခိုင်နှုန်းအထိ မြင့်တက် လာလိမ့်မယ်။ ဒီကနေ့ အာရှတိုက်ထဲကသန်း ၇၀၀ ကျော် လူထုဟာ ခေတ်မီလျှပ်စစ်စနစ်နဲ့ အလှမ်းဝေး နေလျက်ရှိပါတယ်။ ရာသီဥတု ကမောက်ကမ ဖြစ်မယ်၊ မုန်တိုင်းကြီးငယ်တွေနဲ့ ကြုံရဦးမယ်။ ၁ ဒသမ ၄ ဘီလီယံ လူထုဟာ ရေကောင်းရေသန့်နဲ့ အလှမ်းမမီ ဖြစ်နေပါတယ်။ ရေမသန့်ရှင်းမှုရောဂါ (Waterborne Disease)ကြောင့် လူခုနစ်သန်းဟာ အသက်ဆုံးရှုံးလျက်ရှိပါတယ်။

 

၂၀ ရာစု လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀-၅၀ အတွင်း ရာသီဥတုက ကမောက်ကမ ဖြစ်လာတာကြောင့် မြစ်ရေကြီးတာ၊ ရေလွှမ်းမိုးတာ၊ ကမ္ဘာ့ဒေသအချို့ မှာ စိုက်ပျိုးမြေတွေ ပတ်ကြားအက်ကွဲတာ၊ ရေကြီး တာ၊ ဆိုင်ကလုန်းမုန်တိုင်းတွေ မကြာခဏတိုက် ခတ်တာ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာ၊ ရေခဲတောင်နဲ့ ရေခဲမြစ်တွေ အရည်ပျော်တာ၊ ကမ္ဘာ့ ဒေသအချို့မှာ ကွက်ကြားကွက်ကြား မီးလောင်တာ၊ ရေနဲ့ မြေဆီလွှာခန်းခြောက်တာတွေနဲ့ အတိဒုက္ခ ရောက်ခဲ့ကြရပါတယ်။ ပတ်ဝန်းကျင် ယိုယွင်းပျက်စီး မှုကြောင့် မကြုံစဖူး ဒုက္ခပင်လယ်တွေ ဝေခဲ့ကြရပါ တယ်။ အဓိကအကြောင်းက ကမ္ဘာကြီးပူနွေးလာလို့ ဆိုပြီးကောက်ချက်ချကြပါတယ်။ လူတွေ အတိဒုက္ခ ရောက်ကြရပုံတွေဟာ ကျွန်တော်တို့ပရိသတ် နားရည်ဝနေပါတယ်။

 

မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြား ဘင်္ဂလား ပင်လယ်အော်ရဲ့ ကောင်းကင်မှာ ရောက်ရှိလာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ ဘိုလာဆိုင်ကလုန်း မုန်တိုင်းနဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတို့ကို ဖန်တီးခဲ့တယ်လို့ သိပ္ပံရှုထောင့်က ပြောရမှာဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံအောက်ပိုင်းကို ဖျက်ဆီးခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။ လူမှုဘဝဆုံးရှုံးမှု၊ ပျက်စီးမှုဟာ လွန်စွာကြီးမားခဲ့ ပါတယ်။

 

အနာဂတ်ကမ္ဘာ

 

ရေလွှမ်းမိုးတဲ့နေရပ်မှာ ကျွန်တော်တို့ နေကောင်း နေကြရနိုင်တယ်။ အသက် ၅၀ ရှိတဲ့ လူကြီး ပရိသတ်ဟာ နောင်အနှစ် ၂၀ ကျော်လာရင် အာဟာရပြည့်ဝတဲ့ အစားအစာ၊ ရေနဲ့ စွမ်းအင်တွေ ပိုပြီးလိုအပ်ပါမယ်။ လက်ရှိအခြေအနေမှာ တစ်ဘီလီံ ကမ္ဘာလူထုဟာ ဆာလောင်ငတ်မွတ်နေပါတယ်။ သုံးပုံ နှစ်ပုံသော အဲဒီလူထုဟာ ကျွန်တော်တို့ အာရှ တိုက်နဲ့ ပစိဖိတ်ဒေသမှာ ရှိနေပါတယ်။ ၁ ဒသမ ၄ ဘီလီယံ လူထုဟာ ရေကောင်းရေသန့်နဲ့ အလှမ်း မမီ ဖြစ်နေပါတယ်။ အဲဒီစာရင်းထဲမှာ ကျွန်တော်တို့ မြန်မာတွေမပါဘူးလို့ မပြောနိုင်ပါဘူး။ ခင်ဗျား အသက် ၂၀ ဆိုရင် အဲဒီအချိန်မှာ လေးဆယ်ကျော်ပြီ၊ မိသားစုအတွင်းမှာ အိမ်ထောင်ဦးစီးလည်း ဖြစ်နေ လောက်ပြီ။ သိပ္ပံပညာနဲ့ နည်းပညာ တတ်ကျွမ်းရင် မိသားစုကို ထိန်းနိုင်လောက်မယ်။ အုပ်ချုပ်ရေးမှူး၊ လွှတ်တော်အမတ်၊ မြို့တော်ဝန် စတဲ့တာဝန်တွေ လည်း ယူရင်ယူရလိမ့်မယ်။ ကျွန်တော်တို့ခေတ်မှာ ဘယ်လိုနေထိုင်သင့်သလဲ၊ ဘာတွေလုပ်သင့်သလဲ ဆိုတဲ့အဖြေရှိပြီလား။

 

ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ

 

၂၀၅၀ ပြည့်နှစ်မှာ အာရှတိုက်က မြို့ကြီးပြကြီး တွေဟာ ဆန်ရေစပါး၊ ဂျုံနဲ့ ကောက်ပဲသီးနှံ လိုအပ်ချက်မှာ ဂျုံနဲ့စပါးတန်ချိန် ၁ ဒသမ ၃ တန် ဘီလီယံ ဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ၊ နှစ်စဉ် ၇၇ သန်း တိုးပွားလာမယ့်လူဦးရေဟာ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ဖြစ်ပါတယ်။ ရေမသန့်ရှင်း မှုရောဂါ (Waterborne Disease)ကြောင့် လူ ခုနစ်သန်းဟာ အသက်ဆုံးရှုံးလျက်ရှိပါတယ်။ ငါးနှစ် အရွယ် ကလေးငယ်တွေက ၂ ဒသမ ၂ သန်းအတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေ ပိုပြီးလိုအပ်လို့ စိုက်ပျိုးရေးကဏ္ဍက ပိုပြီးထုတ်ရပါတယ်။ ၂၀၁၂ ခုနှစ် အေဒီဘီရဲ့ ခန့်မှန်းချက်အရ အသား၊ ငါး ၁၉၇ မီလီယံတန်လိုအပ်တယ်လို့ သိရပါတယ်။

ဒီလိုထုတ်နိုင်ဖို့ဆိုတာ ရေနဲ့ စွမ်းအင် လိုအပ်လာမှာဖြစ်ပါတယ်။ မိုးကိုမျှော်ရုံနဲ့ ရေမရနိုင်တော့ မယ့်အခြေအနေဖြစ်ပါတယ်။ ကျွဲ၊ နွားနဲ့ လူ့ခွန်အားနဲ့ မဖြစ်နိုင်တော့တဲ့အခြေအနေမို့ လျှပ်စစ်စွမ်းအင်ကို အခုကတည်းက ဖြည့်ဆည်းနိုင်အောင် လုပ်ထား ရမယ့်ကိစ္စလို့ ပြောချင်ပါတယ်။ မြို့ကြီးပြကြီးတွေ မှာလည်း ကမ္ဘာကြီး ပူနွေးစေတဲ့ ကာဗွန်ဓာတ်ငွေ့ တွေကို သူသူငါငါ ရှူရှိုက်ရင်း ပျော်စရာပဲလို့ ထင်နေ တဲ့လူထုထဲမှာ ခင်ဗျား၊ ကျွန်တော် ပါဝင်နေတတ်ပါ လိမ့်မယ်။ ကောင်းကောင်းစား၊ ကောင်းကောင်း နေလိုတဲ့ ၂၁ ရာစုရဲ့ လူနေမှုဘဝမြင့်မားလိုမှုဟာ ဒုနဲ့ဒေးတွေ့ရလိမ့်မယ်။ တားမရနိုင်တဲ့ မျှော်မှန်းချက်ပဲ။ လူငယ်ကျောင်းသားတွေဟာ ဒီလိုကြီးမားတဲ့ လိုအပ်ချက်တွေနဲ့ကြုံရမှာ ဖြစ်ပါတယ်။

 

mdn

 

ရှည်လျားတဲ့သမိုင်းအကြောင်းရင်းတွေကဘာတွေလဲ

 

ကမ္ဘာဦးကတည်းကရှိခဲ့တဲ့ လေထုနဲ့ ရေထုထဲ မှာ ရေခိုးရေငွေ့နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် သိပ္ပံ အခေါ်အရ (Greenhouse Effect) ဖန်လုံအိမ်အာနိသင် သက်ရောက်မှုကြောင့် ကမ္ဘာကြီးဟာ နွေးနွေး ထွေးထွေးနဲ့ နေသာထိုင်သာရှိခဲ့ပါတယ်။ အခု ကမ္ဘာရဲ့ နှစ်စဉ်ပျမ်းမျှ အပူချိန်ဟာ ၁၅ ဒီဂရီစင်တီ ဂရိတ်သာရှိပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေခိုးရေငွေ့တို့ဟာ သဘာဝအလျောက် လေထုထဲ မှာရှိနေတာကြောင့် ဒီဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ တို့ဟာ ကမ္ဘာမှာ လူသတ္တဝါတို့ ပေါ်ပေါက်လာဖို့၊ နေထိုင်နိုင်ဖို့ အဓိကကျလှတဲ့ မိတ်ဆွေတွေပါပဲ။

 

လွန်ခဲ့တဲ့ နှစ် ငါး-ခုနစ် သိန်းလောက်က ပီကင်း မင်းလူသား မျိုးနွယ်တို့ဟာ ကျောက်တောင်ဂူထဲမှာ သစ်ကိုင်းခြောက်၊ သစ်ရွက်ခြောက်၊ မြက်ခြောက် တွေမီးရှို့ရင်း မီးတောက်မီးလျှံကိုတွေ့ခဲ့ပါတယ်။ မီးလျှံဟာပူတယ်၊ နွေးမယ်၊ အလင်းရစေတယ်ဆိုတဲ့ ခံစားချက်ကို သိခဲ့မယ်။ အသားကင်စားရတာ အရသာရှိမှန်း သိသူတွေ၊ မီးငြိမ်းသွားတော့လည်း ဂူထဲမှာ ဆက်လက်နွေးစေတယ်။ ပီကင်းမင်း လူသားမျိုးနွယ်တို့ဟာ မီးကိုသုံးနိုင်တဲ့အချိန်ကစပြီး အပြင်မှာ အမဲလိုက်၊ ဂူထဲမှာအောင်း၊ အသားကင်ကို ကိုက်၊ မီးလှုံလိုက်နဲ့ နှစ်ပေါင်းထောင်သောင်းမကနေခဲ့ပြီး ပီကင်းမင်းတို့ရဲ့ ယဉ်ကျေးမှုသမိုင်းကို စတင်ပြောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ မီးလောင်မှု ဖြစ်စဉ်က ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထွက်တာကို ပီကင်းမင်း သိနိုင်စရာအကြောင်းမရှိ၊ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ သက်ရောက်မှု ဖြစ်စဉ်ကို ပီကင်းမင်းလူသားမျိုးနွယ်ဟာ သိနှင့် နေပြီဖြစ်ပါတယ်။ သိပ္ပံနည်းကျ ဂူရဲ့နံရံမှာမရေးခဲ့ နိုင်တာပဲ ဖြစ်ပါတယ်။

 

သိပ္ပံပညာဟာ အခရာ

 

 ၁၈၉၆ ခုနှစ်က Swedish Chemist Svante Arrhenius ဟာ လေထုတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှုကို နှစ်ဆမြှင့်တင်ပါက ကမ္ဘာမြေပြင်ရဲ့ ပျမ်းမျှအပူချိန်ဟာ ၅-၆ ဒီဂရီစင်တီဂရိတ် မြင့်တက်နိုင်တယ်လို့ လန်ဒန်အီဒင်ဘာရာ၊ ဒပ်ဗလင်၊ ဖိလော်ဆော်ဖစ်ကယ်မဂ္ဂဇင်းတွေထဲမှာ တွက်ပြခဲ့ပါ တယ်။ ရာသီဥတုနဲ့ပတ်သက်ပြီး အစောဆုံးထွက်ပေါ် ခဲ့တဲ့စာတမ်းပါပဲ။ Svante Arrhenius က ကျောက် မီးသွေးကို ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် လေထုထဲ မှုတ်ထုတ်လိုက်တယ်၊ ဆောင်းရာသီဟာ ပိုပြီးပျော့ ပျောင်းလာဖွယ်၊ ပတ်ဝန်းကျင်ကိုပင် အကျိုးပြုနိုင် ဖွယ်ဖြစ်တယ်လို့ရေးခဲ့ပါတယ်။ လေထုထဲပိုမိုရောက်လာတဲ့ ဒီဓာတ်ငွေ့ဟာ အပူကိုစုပ်ယူထားနိုင်တော့ ဖန်လုံအိမ်လို ကမ္ဘာ့လေထုကြီးဟာ ‘စောင်’ ခြုံထား သလိုနွေးနေတော့တာပဲ။ အေးချမ်းတဲ့နိုင်ငံတွေမှာ ပန်းအလှပင်တွေ စိုက်ပျိုးနိုင်ဖို့ Greenhouse တွေဆောက်၊ ပန်းအလှပင်တွေ စိုက်ကြပါတော့တယ်။ လေထုထဲ မှုတ်ထုတ်လိုက်တဲ့ဒီဓာတ်ငွေ့ဟာ သစ်ပင် သစ်တောတွေ အသက်ရှင်သန်ဖို့ဖြစ်တယ်။ သိပ္ပံအခေါ်အရ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ (Green-house gas) လို့ ခေါ်ပါတယ်။

 

Svante Arrhenius

 

ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ ပုံမှန်အတိုင်း (၂၈၅-၃၀၀ ppm)ဆိုရင် မိတ်ဆွေဓာတ်ငွေ့ ဖြစ်ပါ တယ်။ သစ်ပင်သစ်တောတွေ၊ လယ်ယာစပါး ကောက်ပဲသီးနှံတွေဖြစ်ဖို့၊ အသက်ရှင်သန်ဖို့ဖြစ် ပါတယ်။ ppm ဆိုတာ parts per million လေထုတစ်သန်းပုံ ပုံရင် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ဟာ ၂၈၅-၃၀၀ ပုံ ရှိတယ်လို့ပြောတာ ဖြစ်ပါတယ်။

 

စက်မှုတော်လှန်ရေးကြီး

 

၁၈ ရာစု​နှောင်းပိုင်းက ဥရောပတစ်ခွင်မှာ ကျောက်မီးသွေးကို စတင်အသုံးပြုရာမှာ စက်မှုတော်လှန်ရေးကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ရေနွေးငွေ့ အင်ဂျင်စက်တွေကို ကျောက်မီးသွေးနဲ့ မောင်းပြီး စက်ရုံတွေလည်ပတ်စေခဲ့ပါတယ်။ စက်ရုံတွေဟာ မီးခိုးတလူလူဖြစ်ခဲ့ပါတယ်။ ဆီမီးအိမ်နေရာမှာ လျှပ်စစ်မီးလုံးတွေနဲ့ အစားထိုးခဲ့ပါတယ်။ မြင်းနဲ့ဆွဲတဲ့ ရထားလုံးတွေနေရာမှာ မော်တော်ယာဉ်တွေက နေရာရလာပါတော့တယ်။ နောက်တော့ လျှပ်စစ်ထုတ်တဲ့အထိ ကျောက်မီးသွေးကိုသုံးခဲ့ပါတယ်။ ဥရောပနဲ့ အမေရိကတို့ဟာ စက်မှုတော်လှန်ရေး လမ်းကြောင်းပေါ်မှာ ရောက်ခဲ့ပါတော့တယ်။ လူတွေရဲ့စရိုက်လက္ခဏာတွေလည်း အကြီးအကျယ် ပြောင်းလဲသွားပါတယ်။

 

လေထုတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့(ကာဗွန်ဓာတ်ငွေ့) တဖြည်းဖြည်း များပြားလာတာ ဟာလည်း ၁၈၉၀-၁၉၁၀ ပြည့်နှစ်အတွင်း သိပ္ပံနဲ့ နည်းပညာ တီထွင်ဆန်းသစ်မှုနဲ့အတူ တွဲပါလာတာ ဖြစ်ပါတယ်။ ၁၉၀၀ ပြည့်နှစ်က ကမ္ဘာ့ရေနံစိမ်း ထုတ်လုပ်မှုပမာဏဟာ ရေနံစိမ်းဆီပီပါ သန်း ၁၅၀ ကနေ ၂၀၀၀ ပြည့်နှစ်မှာ ဘီလီယံ ၃၀ အထိ ထုတ်လုပ်လာရပါတယ်။ ၁၉၄၀ ပြည့်နှစ်ရောက်တော့ လေထုအတွင်း (ကာဗွန်ဓာတ်ငွေ့) CO2 ဟာ 300 ppm နီးပါး ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဒီဓာတ်ငွေ့ရဲ့ပမာဏဟာ ၄၀၁ ppm အထိ ကြောက်ခမန်းလိလိ မြင့်တက်လာပါတယ်။ ပို၍ပို၍ထွက်လာတဲ့ ကာဗွန်ဓာတ်ငွေ့တွေကြောင့် ပင်လယ်သမုဒ္ဒရာရဲ့ အက်ဆစ်ဂုဏ်ဟာ ၂၈ ရာခိုင်နှုန်းအထိ မြင့်တက်ပြောင်းလဲသွား ပါတယ်။

 

သဘာဝအလျောက်ဖြစ်စဉ်

 

လေထုတွင်း ကာဗွန်ဓာတ်ငွေ့ပမာဏဟာ ၃၇၅ ပီပီအမ်ဆိုပါတော့။ လူတစ်ယောက်ဟာ အသက် တစ်ခါရှူရှိုက်ရင်ပဲ ကာဗွန်ဓာတ်ငွေ့ ၃၇၅ ပီပီအမ်ဝင်ပြီး ရှူထုတ်လိုက်တဲ့အခါ လူ့ကိုယ်ခန္ဓာတွင်း ဆဲလ်ပေါင်းများစွာရဲ့အလုပ်မျိုးစုံကြောင့် ကာဗွန်ဓာတ်ငွေ့ပမာဏ လေးသောင်းပီပီအမ် ထွက်လာပါတယ်။ သဘာဝအလျောက် သက်ရှိသက်မဲ့တွေ ဆွေးမြည့်ကြရင်လည်း ကာဗွန်ဓာတ်ငွေ့ထွက်နေပါတယ်။ ဒီဖြစ်စဉ်ရှိမနေရင် လေထုထဲမှာ ပုံမှန်ရှိနေတဲ့ ကာဗွန်ဓာတ်ငွေ့ဟာ လအနည်းငယ်အတွင်းမှာ ကုန်ဆုံးသွားပါမယ်။

 

ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ (Greenhouse gas) ပမာဏနဲ့ ဆက်စပ်နေ

 

ရာသီဥတုပြောင်းလဲမှုကို အထူးတလည် လေ့လာတဲ့ အဖွဲ့ကတော့ “The Intergovernmental Panel on Clamite Change (IPCC)” ဖြစ်ပါတယ်။ ပညာရှင်ပေါင်း ၂၅၀၀ က သိပ္ပံအချက်အလက်တွေကို မျှမျှတတ သုံးသပ်တဲ့အဖွဲ့ အရှိကိုအရှိအတိုင်း ရာသီ ဥတုပြောင်းလဲမှုကို စနစ်တကျလေ့လာနေတာဖြစ် ပါတယ်။ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့တွေအနက် အဓိကအကျဆုံးတရားခံဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့်လို့ ခွဲခြားဆွဲထုတ်ပြနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်အတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုဟာ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာအပေါ် တည်မှီခဲ့ပါတယ်။

 

သိပ္ပံပညာရှင်တွေ တိတိကျကျသိနေတဲ့ အချက် (၃) ချက်

 

(၁) ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ဟာ အပူ စုပ်ယူတယ်ဆိုတဲ့ အချက်

(၂)  ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ရဲ့ လေထု အတွင်းပါဝင်မှုဟာ လွန်ခဲ့တဲ့နှစ် ၁၅၀ အတွင်း မှာ (280-360 ppm)အထိ မြင့်တက်လာတာ ကိုလည်း တွေ့ရပါတယ်။

(၃) ကမ္ဘာ့ပျမ်းမျှ အပူချိန်ဟာ မတည်မငြိမ်တာ ကိုလည်း တွေ့ရတာဖြစ်ပါတယ်။

 

ဒီအချက်သုံးချက် ဆက်စပ်မှုရှိသလားလို့ နက်နက်ရှိုင်းရှိုင်းလေ့လာတဲ့အခါ ကမ္ဘာ့သဘာဝ၊ မြေပြင်သွင်ပြင် လက္ခဏာတွေဟာ လွန်ခဲ့တဲ့နှစ် ၁၀၀ ကနဲ့မတူ ထူးထူးခြားခြား ပြောင်းလဲလာတာကို တွေ့ရပါတယ်။ ကမ္ဘာ့ပျမ်းမျှအပူချိန်ကို နှစ်ပေါင်း ၁၆၀ အတွင်း စနစ်တကျတိုင်းတာခဲ့တဲ့ မှတ်တမ်းတွေအရ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်က ကမ္ဘာ့အပူချိန်ဟာ သိသိသာသာမြင့်တက်လာခဲ့တယ်။ ၁၉၉၈ ခုနှစ်က အမြင့်ဆုံးအပူချိန်ကို ရောက်ခဲ့ပါ တယ်။ ဒုတိယအပူချိန်အမြင့်ဆုံးနှစ်ဟာ ၂၀၀၁ ခုနှစ် ဖြစ်ခဲ့ပါတယ်။ ကမ္ဘာမှာ အပူချိန်အမြင့်ဆုံးအထိ ရောက်ခဲ့တဲ့ ၁၀ နှစ်ဟာ လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်းက ဖြစ်ပေါ်ခဲ့ပါတယ်။ မြောက်ဝင်ရိုးစွန်းက ရေခဲတွေ ပျော်ကျတာ ကမ္ဘာကြီးပူနွေးခြင်းရဲ့လက္ခဏာပဲ။ ကာဗွန်ဒိုင်အောက်ဆိုဒ် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ တွေဟာ ပူနွေးခြင်းရဲ့တရားခံပဲလို့ သိပ္ပံပညာရှင်တွေ က ကောက်ချက်ချတာဖြစ်ပါတယ်။

 

 ကမ္ဘာ့သိပ္ပံပညာရှင်တွေဟာ ကမ္ဘာ့လေထုရဲ့ အပူချိန်မြင့်တက်လာမှု ပုံမမှန်ရာသီဥတု ဖြစ်ပေါ်တာ၊ ဆိုင်ကလုန်း မုန်တိုင်းတွေ မကြာခဏတိုက်ခတ်တာ၊ ရေကြီးတာ၊ တောမီးတွေလောင်တာဟာ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ပမာဏနဲ့ ဆက်စပ် နေတယ်ဆိုတာ ခိုင်မာတဲ့အထောက်အထားတွေနဲ့ပြလာကြလို့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ လူထုဟာ သဘောပေါက်လက်ခံလာကြတယ်။

 

လက်ရှိအခြေအနေ

 

လက်ရှိအခြေအနေမှာ နှစ်စဉ် ကျောက်ဖြစ် ရုပ်ကြွင်းလောင်စာ မက်ထရစ်တန် ငါးဘီလီယံကို သုံးပြီး လျှပ်စစ်ထုတ်တာက ၃၅ ရာခိုင်နှုန်း၊ သွားလာရေး သယ်ယူပို့ဆောင်ရေးက ၃၁ ရာခိုင်နှုန်း၊ စက်မှုလုပ်ငန်းတွေအတွက် ၂၁ ရာခိုင်နှုန်း၊ စီးပွား ရေး ငါးရာခိုင်နှုန်းနဲ့ အိမ်တွင်းအနွေးဓာတ်ရဖို့ ခုနစ် ရာခိုင်နှုန်းသုံးနေရတယ်လို့ တွက်ချက်ထားတာ ကိုသိရပါတယ်။ ကမ္ဘာ့ရေနံသိုက်ကြီးတွေ တွေ့ပြန် တော့ မော်တော်ယာဉ်၊ ရထား၊ သင်္ဘော၊ လေယာဉ်ပျံ တွေနဲ့ ကမ္ဘာကိုပတ်ပြီး စီးပွားရေး၊ နိုင်ငံရေးတွေနဲ့ စစ်ပွဲတွေအထိ ဒီရေနံက တွန်းပို့ပေးတယ်လို့ ပြောနိုင် ပါတယ်။

 

နံပါတ်(၁)ကတော့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားစက်ရုံတွေ ကမ္ဘာအရပ်ရပ်မှာ များလာလို့ပဲ။ ကျောက်မီးသွေးတန်တစ်ထောင် သုံးပြီးတစ်နာရီကြာ လျှပ်စစ်ထုတ်မယ်ဆိုရင် လေထု တွင်းသို့ ကာဗွန်ဒိုင်အောက်ဆိုဒ် တန်နှစ်ထောင် ထုတ်လွှတ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ငါးရာခိုင်နှုန်း သာရှိတဲ့ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ အရပ်ရပ်ကထွက်တဲ့ ရေနံပမာဏရဲ့ ၂၅ ရာခိုင်နှုန်းကို သုံးစွဲတာဖြစ်ပါတယ်။ နည်းပညာနဲ့ စက်မှုပညာ လွန်စွာထွန်းကားတဲ့ နိုင်ငံလည်းဖြစ်တော့ ဒီပမာဏ အထိ မြင့်တက်သုံးရတာလည်း ဖြစ်ပါတယ်။ ဒီကျောက်မီးသွေး၊ ရေနံနဲ့ရေနံဓာတ်ငွေ့ကို သုံးပြီး ခေတ်မီစီးပွားရေးကို တည်ထောင်တာဖြစ်ပါတယ်။ အမေရိကန်ရဲ့ လူမှုစီးပွားဘဝမြင့်မားဖို့ အခြား စွမ်းအင်အရင်းအမြစ်မရမီမှာ ဒီကျောက်ဖြစ် ရုပ်ကြွင်းလောင်စာကို လက်မလွှတ်နိုင်ဘဲ သုံးရတာ ဖြစ်ပါတယ်။ လျှပ်စစ်စွမ်းအင်ထုတ်ရာမှာ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဥရောပနဲ့ ဂျပန်နိုင်ငံတို့ဟာ ကျောက်မီးသွေး၊ ရေနံ၊ အဏုမြူစွမ်းအင်နဲ့ ရေအားလျှပ်စစ်ကို အသုံးပြုကြတာတွေ့ရပါတယ်။ စွမ်းအင် အရင်းအမြစ်ကိုအခြေခံပြီး လျှပ်စစ်ဓာတ်ကို ထုတ်ကြရပါတယ်။ လျှပ်စစ်နဲ့ပဲ ပစ္စည်းမျိုးစုံကိုထုတ်၊ အလုပ်လုပ်ကြပါတယ်။

 

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့တွေ့ဆုံကြရာမှာ တရုတ်ပစ္စည်းတွေအပေါ် အခွန်အကောက်တွေ လျှော့မယ်ဆိုရင် အမေရိကန်က ကျောက်မီးသွေးကို ဝယ်မယ်လို့ ညှိနှိုင်းချက်သတင်းကို ၂၀၁၈ ခုနှစ်က ဖတ်ရှုရပါ တယ်။ တရုတ်ရဲ့ စွမ်းအင်လိုအပ်ချက် ဘယ်လောက် ကြီးမားတယ်ဆိုတာ ဒီသတင်းကိုကြည့်ရင်၊ ဖတ်ရင် သိနိုင်ပါတယ်။ ဒါကြောင့် ရန်စီမြစ်ကို အခြေပြုပြီး အလွန်တရာကြီးမားတဲ့ ရေကန်ကြီးသုံးခု (Three Georges Dam) တည်ဆောက်ပြီး လျှပ်စစ်ထုတ် သုံးစွဲတာဟာ သူ့နိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်တင်းတာပဲ။ ဒီလောက်များပြားတဲ့ လျှပ်စစ် ဓာတ်အားထုတ်လုပ်ဖို့ ကျောက်မီးသွေးကိုသာ သုံးရမယ်ဆိုရင် လေထုအတွင်း ထုတ်လွှတ်မယ့် ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏဟာ လွန်စွာမြင့်တက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ဟာ သူ့ရဲ့ ရေအားအရင်းအမြစ်ကိုအခြေခံပြီး လျှပ်စစ်ထုတ်ရတာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံကတော့ လောပိတ၊ ပေါင်းလောင်း ရေအားလျှပ်စစ်၊ ရဲရွာရေအားလျှပ်စစ်တွေ ရရှိတာမို့ လေထုကို ပူနွေးစေမယ့် ကာဗွန်ဓာတ်ငွေ့မထုတ် လွှတ်ကြပါဘူး။ မြစ်ချောင်း၊ အင်းအိုင်တွေ၊ တောင်ကျရေတွေကို ပိတ်ဆို့တားဆီးပြီး ရေအားလျှပ်စစ် ထုတ်မယ်ဆိုရင် မြန်မာဟာ နှစ်အနည်းငယ်အတွင်းမှာ ချမ်းသာမှာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု ဟာလည်း မှန်မှန်ကန်ကန် ဖြစ်လာမယ်လို့ ပြောနိုင်ပါတယ်။

 

ကျောက်မီးသွေးသုံးပြီး လျှပ်စစ်ထုတ်ရတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေက ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်တာ ကမ္ဘာမှာ အများဆုံးဖြစ်လျက်ရှိပါတယ်။ ပုံမှာတွေ့မြင်ရတဲ့ ကာဗွန်ခြေရာ (Carbon foot Print) အရ တရုတ် က ခြေဖမိုး၊ အမေရိကန်က ခြေဖနောင့် ဖြစ်နေပါတယ်။

 

ဆက်လက်ဖော်ပြပါမည်