စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)တွင် ICT MODERN CLASSROOM ဖွင့်လှစ်

နေပြည်တော် ၂၈ ဇွန်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့်စိုက်ပျိုးရေးသိပ္ပံဌာနခွဲမှ စိုက်ပျိုးရေးသိပ္ပံကျောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်ဖွင့်လှစ်၍ စိုက်ပျိုးရေးဆိုင်ရာအတတ်ပညာများကို စာတွေ့လက်တွေ့ ကျွမ်းကျင်အောင် သင်ကြားပေးပြီးအလယ် အလတ်အဆင့်စိုက်ပျိုးရေး ပညာရှင်များကိုနှစ်စဉ်မွေးထုတ်ပေးလျှက်ရှိရာ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရရှိသူ(၁၉၂၇၁)ဦးနှင့် မွေးမြူရေးဒီပလိုမာလက်မှတ်ရရှိသူ(၁၉၆၈၈)ဦးတို့ကို လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်သကဲ့သို့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကျောင်း သား ၊ကျောင်းသူ (၆၂၉၀)ဦးတို့ကို လေ့ကျင့် သင်ကြားပေးလျှက်ရှိသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပျဉ်းမနားစိုက်ပျိုးရေး သိပ္ပံကျောင်း ICT Modern Classroom ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်အမှာစကားပြောကြား သည်။

ပြည်ထောင်စုဝန်ကြီးက ICT နည်းပညာကိုစိုက်ပျိုးရေးသိပ္ပံများ၏ သင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးခြင်းသည် ကျောင်းသားကျောင်းသူများအတွက် ခေတ်မီနည်း ပညာသစ်တစ်ခုကိုဖြည့်စွက် လေ့လာခွင့်ရရှိနိုင်ကြသဖြင့် လယ်ယာကဏ္ဍနှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်လာနိုင်ကြမည်ဖြစ်ကြောင်း၊ တာဝန် ရှိသူများ ဆရာဆရာမများအပိုင်းကလည်းဒေသတွင်းနှင့် နိုင်ငံတကာ၏ နည်းပညာသစ်များ ကိုမျက်ခြေမပြတ်လေ့လာပြီး သင်ကြားမှုအရည် အသွေးတိုးတက် သင်ကြားပေးနိုင် ရေးဆောင်ရွက်ကြခြင်းဖြင့် ကျောင်းဆင်းမောင်မယ်များအား ကျွမ်းကျင်မှုရှိသော စွန့်ဦးတီထွင်သူ စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးတိုးချဲ့ပညာပေးရေးကို စွမ်းစွမ်းတမံဆောင်ရွက်မည့်သူများအဖြစ် လေ့ကျင့်သင်ကြားပေးရန်လိုအပ် ကြောင်း ပြောကြားသည်။

စိုက်ပျိုးရေးသိပ္ပံကျောင်း(ပျဉ်းမနား)တွင် နယ်သာလန်နိုင်ငံမှ Netherland Initiative for Capacity Development in Higher Education(NICHE) ၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်သော ICT Modern Classroom အားပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဝင်၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့်စိုက်ပျိုးရေး သိပ္ပံဌာနခွဲ ညွှန်ကြားရေးမှူး   နှင့် NICHE မှ ကိုယ်စားလှယ်တို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ICT Modern Classroomအတွင်းလက်တွေ့သင်ကြားနေမှုများကိုလည်းကောင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်းသင်တန်းခန်းမများတွင် ဘာသာရပ်အလိုက်သင် ကြားပေနေမှု များကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကြသည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် နယ်ပယ်အသီးသီးမှ တာဝန်ယူဆောင်ရွက်လာကြမည့် အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များအဖြစ် အရည်အချင်း ပိုမိုပြည့်ဝစွာ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးအတွက် မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုး ရေးသိပ္ပံဌာနခွဲ အောက်ရှိစိုက်ပျိုးရေးသိပ္ပံများတွင် နယ်သာလန်နိုင်ငံမှ Nether land Initiative for Capacity Development in Higher Education(NICHE)၏ အထောက်အပံ့ဖြင့် Strengthening of Vocational Education and Training for Food Security Project(စိုက်ပျိုးရေးသိပ္ပံများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း)ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ(၂၁)မှ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့ထိစီမံကိန်းကာလ (၄)နှစ် ကြာ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)