စိုက်ပျိုးရေပိုမိုတိုးတက် ရရှိနိုင်ရေးအတွက် ဒေသအလိုက် ရေရရှိရေးနည်းလမ်းများ စူးစမ်းရှာဖွေ ဖော်ထုတ်ခြင်းလုပ်ငန်းများဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာအနီး ကျောက်ချက် တံတားအောက် ဆင်သေ ချောင်းအတွင်း တစ်နှစ်ပတ်လုံး ရေထိန်းထားရန်နှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သန့်ရှင်း သာယာလှပစေရေး စီမံဆောင်ရွက်ရန်အတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ယာယီရေ ထိန်းတမံ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 

ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာကာ ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှုများ လျော့နည်းလာခြင်းနှင့် ယခုနှစ်အယ်နီညို ကာလဖြစ်စဉ်များကြောင့် စိုက်ပျိုးရေပိုမိုတိုးတက် ရရှိနိုင်ရေးအတွက် ဒေသအလိုက် ရေရရှိ ရေးနည်းလမ်းများ စူးစမ်းရှာဖွေ ဖော်ထုတ်ခြင်းလုပ်ငန်းများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယခုတည်ဆောက်လျက်ရှိသည့် ဆင်သေချောင်း ယာယီချောင်းပိတ်ဆည် အနီးတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြင်းကောင်ရေ (၁၀) ကောင်ရှိသော ဆိုလာ ရေတင်စက်ရုံ တပ်ဆင်ထားရှိပြီး အနီးပတ်ဝန်းကျင်ရှိ လယ်မြေများသို့ စိုက်ပျိုးရေပေးဝေ လျက်ရှိရာ ယာယီရေထိန်းတမံ တည်ဆောက်မှုလုပ်ငန်းပြီးစီးပါက ဒေသစိမ်းလန်းစိုပြည်ရေးနှင့် ဖွံ့ဖြိုးရေးကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် ဒိုးနွယ်ကျေးရွာ အနီးရှိ ပုလွေးချောင်းပေါ်တွင် ယာယီရေထိန်းဆည်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ် ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ပုလွေးချောင်း ယာယီရေထိန်းဆည်တွင် စိုက်ပျိုးရေရရှိစေရေး လုပ်ငန်း (၁)ခု ၊ ရိုးနှင့် ချောင်းများပေါ်တွင် ရေမြှင့်အဆောက်အအုံ တည်ဆောက်၍ စိုက်ပျိုးရေရရှိရေး လုပ်ငန်း (၃) ခု ၊ ရေသွယ်မြောင်းဖောက်လုပ်၍ စိုက်ပျိုးရေရရှိရေးလုပ်ငန်း (၃)ခု တို့ ပါဝင်သဖြင့် လုပ်ငန်း များ အားလုံးပြီးစီးပါက ချောင်းမငယ် ဆည်ရေသောက်စနစ်အတွင်း စိုက်ပျိုးရေ ပိုမိုတိုးတက် ပေးဝေနိုင်မည်ဖြစ်ပြီး ဆင်အုံကန်ကို ရေကူဖြည့်တင်းပေးခြင်းမှ တစ်ဆင့် ဆင်အုံကန်အောက် ပိုင်း ရေသောက်စိုက်ပျိုးမြေ ဧရိယာ ၄၆၀၇ ဧက ၏ နွေစပါး၊ မိုးစပါးနှင့် ဆောင်းသီးနှံ ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေတိုးတက်ပေးဝေနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် သာစည်ကျေးရွာ အနီး ရုံးပင်ချောင်းပေါ်တွင် ဆောင်ရွက်လျက်ရှိသည့် ယာယီရေထိန်းဆည် တည်ဆောက်ရေး လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလ အတွင်း ပြီးစီးရေး၊ ရေသောက်ဧရိယာများ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် တောင်သူများ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။

ရုံးပင်ချောင်းပေါ်တွင် ယာယီရေထိန်းဆည်ပြုလုပ်၍ မဒန်းဆည်ရေသောက်စနစ် လက်တံမြောင်းအမှတ် (၂) လက်တံခွဲ (၅)သို့ ရေကူဖြည့်တင်းခြင်းလုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၆၀ ရာခိုင်နှုန်းခန့် လုပ်ငန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ ရုံးပင်ချောင်းယာယီရေထိန်းဆည် တည်ဆောက်ရေးလုပ်ငန်းများပြီးစီးပါက စိုက်ပျိုးဧရိယာ ၅၅၀ ဧကကို ရေကူပေးဝေနိုင်မည်ဖြစ်သောကြောင့် ဆောင်းသီးနှံနှင့် နွေသီးနှံစိုက်ပျိုးရေ တိုးတက်ပေးဝေနိုင်မည်ဖြစ်၍ ဒေသ၏သီးနှံစိုက်စွမ်းအားများ ပိုမိုတိုးတက်လာစေခြင်းနှင့် ဒေသစိမ်းလန်း စိုပြေရေးအတွက် အကျိုးပြုစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်