စိုက်ပျိုးရေးကုန်ထုတ်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့အတွက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

ဂျာမနီ - မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေသည့်အပြင် လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန  ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဂျာမနီနိုင်ငံ ဂျာမန်ဖွံ့ဖြိုးရေးဘဏ်တို့အကြား စိုက်ပျိုးရေး ကုန်ထုတ်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့အတွက် Financing Agreement and Separate Agreement လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ရှိ စီမံခန့်ခွဲနေသည့် ကျေးလက်လမ်းမိုင်ပေါင်း (၅၅၅၀၇) မိုင်ရှိပြီး တံတားပေါင်း (၂၄၁၈၃) စင်း၊ ကျေးလက်လမ်းများ သုံးစွဲနိုင်မှုမှာ ရာသီမရွေး သုံးစွဲနိုင်သည့် ကျေးလက်လမ်း စုစုပေါင်းကျေးရွာ၏ ၅၀ ရာခိုင်နှုန်းအားလည်းကောင်း၊ ခြောက်သွေ့ရာသီ၌ အသုံးပြုနိုင်သည့် ကျေးလက်လမ်း စုစုပေါင်းကျေးရွာ၏ ၃၆ ရာခိုင်နှုန်းနှင့် လမ်းမရှိသေးသည့် ကျေးလက်ရွာပေါင်း ၁၄ ရာခိုင်နှုန်းရှိပါကြောင်း၊ ထို့ကြောင့် ကျေးလက်လမ်းများကို မဟာဗျူဟာ ရည်မှန်းချက်ထားရှိကာ ကျေးလက်လမ်း ဖွံ့ဖြိုးစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနသည် ၂၀၁၈ - ၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်လမ်း (၂၈၃၈) မိုင်၊ တံတားပေါင်း (၁၄၉၈) စင်းအတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ် ရန်ပုံငွေမှ ကျပ် (၃၂၅) ဘီလီယံဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျေးလက်လမ်းများ ဖွံ့ဖြိုးစေရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း။

ကျေးလက်ဒေသ၌ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်က ရှမ်းပြည်နယ်တောင်ပိုင်း၌ ၂၀၁၄ ခုနှစ်ကစတင်၍ ထောက်ပံ့ပေးရာမှာ စုစုပေါင်း ထောက်ပံ့ငွေပေါင်း ယူရို (၃၈ ဒသမ ၉) သန်း ပေးအပ်ပြီး ဖြစ်ပါကြောင်း၊ ထောက်ပံ့ပြီး စီမံကိန်းများမှာ ကျေးလက်ဒေသ၏ လူမှုဘဝကို မြှင့်တင်ပေးခြင်း၊ အကျိုးရလဒ်များ၊ အကျိုးပြုမှုများ ရရှိခဲ့ပါကြောင်း။

ဂျာမန်ဖွံ့ဖြိုးရေးဘဏ်၏ ခိုင်မာသည့် ဂတိပြုမှုကြောင့် ကျေးလက်ကုန်ထုတ်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ယူရို (၅) သန်းအထောက်အပံ့ကို လက်မှတ်ရေးထိုး နိုင်ခြင်းဖြစ်ပါကြောင်း၊ အနာဂတ်တွင်လည်း ဆက်လက်ပြီး စီမံကိန်းတိုးချဲ့ပြီး ထောက်ပံ့ပေးအပ်မည်ဟု မျှော်လင့်မိပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်နယ်အစိုးရအဖွဲ့တို့မှလည်း စီမံကိန်းလမ်းများအား ရေရှည်တည်တံ့စေရန်အတွက် ထိန်းသိမ်းပေးသွားမည်ဖြစ်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနကလည်း ယနေ့လက်မှတ်ရေးထိုးသည့် စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဂျာမနီနိုင်ငံ၊ ဂျာမန်ဖွံ့ဖြိုးရေးဘဏ် ( KFW) မှ Country Director Ms. Eva Schneider က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကုန်ထုတ်လမ်းများ တိုးတက်အောင် ဆောင်ရွက်ရန် ထောက်ပံ့ပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးခင်သက် နှင့် ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KFW) မှ Country Director Ms. Eva Schneider တို့က ပြည်ထောင်စု ဝန်ကြီး၏ ရှေ့မှောက်တွင် စိုက်ပျိုးရေးကုန်ထုတ်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့အတွက် Financing Agreement and Separate Agreement စာချုပ်များအား လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြသည်။

ယနေ့ကျင်းပသည့် အခမ်းအနားသည် ဂျာမနီနိုင်ငံ ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KFW) မှ ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကုန်ထုတ်လမ်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်အတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းများ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီအောင် တည်ဆောက်ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာမည် ဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာမှာဖြစ်ပြီး စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်သို့ လွယ်ကူချောမွေ့စွာ ပို့ဆောင်နိုင်မည်ဖြစ်သည်။

ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KFW) မှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးခဲ့ရာ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ ကျေးလက်ဖွံ့ဖြိုးရေး အစီအစဉ်အဆင့် (၁) တွင် ယူရို (၇) သန်း၊ အဆင့် (၂)နှင့် (၃)တွင် ယူရို (၁၁) သန်း၊ အဆင့် (၄)တွင် ယူရို (၁၀ ဒသမ ၉) သန်းနှင့် ကျေးလက်လမ်းများ ပြန်လည်ထူထောင်ရေးစီမံကိန်းအတွက် ယူရို (၁၀)သန်း စုစုပေါင်း ယူရို (၃၈ ဒသမ ၉)သန်း ရှိပြီဖြစ်ကြောင်း သိရှိရသည်။