စိတ်ဖိစီးမှုကိုမွေးထားမယ်ဆိုရင် ဒါတွေပေါက်ဖွားလာပါလိမ့်မယ်

၁၁  အောက်တိုဘာ

 

ဘာတွေပဲဖြစ်လာလာ သေလောက်တဲ့ကိစ္စမဟုတ်ဘူး၊ ပိုတောင်ကြံ့ခိုင်လာသေးတယ်” လို့ စိတ်ဖိစီးစရာ တစ်ခုခုကြုံနေရတိုင်း ပြောတတ်ကြတယ်။ အခက်အခဲကို ကျော်လွှားနိုင်ဖို့ ကိုယ့်စိတ်ကိုယ် ဖြေသိမ့်တဲ့နည်းပေါ့လေ။ ဒါပေမယ့် ဒီလိုဖိစီးမှုတွေက တာရှည်လာပြီဆိုရင်တော့ အဲဒီစကားမမှန်နိုင်တော့ပါဘူး။

 

အစာအိမ်အနာဖြစ်ရတာတွေဟာ ဒီလိုစိတ်ဖိစီးမှုတွေနဲ့ အရင်ဆုံးပတ်သက်လာတဲ့ ရောဂါပါပဲ။ သုတေသီတွေ နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ရလဒ်တွေအရ စိတ်ဖိစီးမှုတာရှည်ခံစားရခြင်းက ရောဂါတွေ ကျန်းမာရေးပြဿနာတွေ အတော်များများနဲ့ ဆက်နွှယ်နေတယ်လို့ တွေ့နေရပါတယ်။ အဲဒီထဲမှာ –

 

ဝက်ခြံတွေ၊

စိုးရိမ်ပူပန်စိတ်၊

အယ်ဇိုင်းမားရောဂါ

အရိုးထုထည်လျော့ပါးခြင်း

ကင်ဆာ (ကိုယ်ခံအားနည်းခြင်းကြောင့်)

စိတ်ကျရောဂါ

ဆီးချိုသွေးချိုရောဂါ

အစာခြေစနစ်ဆိုင်ရာရောဂါတွေ

နှလုံးရောဂါ

သားသမီးမရနိုင်ခြင်း

ကိုယ်ခံအားကျခြင်း

သွေးတိုးရောဂါ

အရိုးပွရောဂါ

လိင်စိတ်ကိုလျော့နည်းစေခြင်း

အစာအိမ်အနာ

လေဖြတ်ခြင်း

ကိုယ်အလေးချိန်တက်ခြင်း (စိတ်ဖိစီးမှုက ခန္ဓာကိုယ်တွင်း၊ အထူးသဖြင့် ဝမ်းဗိုက်တဝိုက်မှာ အဆီပိုစုပုံစေဖို့ အားပေးပါတယ်) တို့ပါဝင်ပါတယ်။

 

စိတ်ဖိစီးမှုခံစားနေရတဲ့အခါ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကို သိပ္ပံပညာအရ လေ့လာမှုရလဒ်တွေက ဒီနှစ်တွေမှာ တိုးတက်လာခဲ့ပေမယ့် ဖြစ်လာနိုင်တဲ့ အပြောင်းအလဲတွေအကြောင်းကတော့ ရှုပ်ထွေးနေဆဲဖြစ်ပြီး နားလည်အတည်ပြုနိုင်ဖို့ ခက်ခဲပါတယ်တဲ့။

 

ဒါဆို ဒီအန္တရာယ်တွေဖြစ်မလာအောင် ဘယ်လိုအဆင်ပြေအောင် နေထိုင်မလဲ နည်းနည်းအကြံပေး ချင်ပါတယ်။ ဥပမာ အလုပ်ခွင်မှာ ကွန်ပျူတာရှေ့ထိုင်ရင်း တာဝန်တွေပိ၊ ဖိအားပေးခံနေရချိန် အလုပ်အချိန်မမီရင် ဘယ်လိုလုပ်ရမလဲ၊ စိတ်ညစ်လိုက်တာ စသဖြင့် တွေးပြီးညစ်နေရင် အိုင်ဒီယာကောင်းကောင်း၊ လုပ်ဆောင်ချက်ကောင်းကောင်း ဘယ်ရနိုင်ပါ့မလဲ။ လုပ်ဆောင်နိုင်စွမ်း ပိုကောင်းလာမှ အခက်အခဲတွေကို ကျော်ဖို့ စိတ်ကူးကောင်းရမယ်လေ။

 

ဖိစီးနေတဲ့စိတ်ကိုဖြေလျှော့ဖို့ ခဏတော့အချိန်ပေးရပါမယ်။ အရင်ဆုံး အသက်ကိုပြင်းပြင်းရှူပါ။ လမ်းလျှောက်ထွက်ပါ(ရုံးမှာ break time မရနိုင်ရင် ကိုယ့်အလုပ်နေရာမှာပဲ ပြတင်းပေါက်နား၊ ဝရံတာနားခဏ ဟိုလျှောက်ဒီလျှောက်လုပ်ပေါ့)။ ကိုယ့်အတွက်အရေးကြီးဆုံးအရာတွေ၊ ရည်ရွယ်ထားတာတွေကို ကိုယ့်ကိုယ်ကို သတိပေးတဲ့အနေနဲ့ ပြန်ရေရွတ်ပါ။

 

ကဲ ဘာကိုမဆို ရင်ဆိုင်လိုက်ပါ။ ဘာပဲဖြစ်ဖြစ် ကျော်ဖြတ်ရမှာမဟုတ်လား။ လူတိုင်းမှာ ဖိစီးမှုရှိကြသလို ဘယ်သူကမှလည်း ကိုယ့်အစားခံပေးနိုင်မှာ မဟုတ်ပါဘူး။ မဖြစ်လာသေးတာတွေကို ခေါင်းထဲမှာတွေးပူ ခံစားနေရင် ရောဂါတိုးတာပဲ အဖတ်တင်မှာပါ။ ကိုယ့်ကိုယ်ကိုသနားနေတာနဲ့ပဲ ရမယ့်အခွင့်အရေးတွေကို လက်မလွှတ်သင့်ပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့သာ ဖြစ်အောင်ကျော်လွှားပါ။

 

စိတ်ဖိစီးရတဲ့နေ့ဆိုတာ တကယ်တော့ ပြဿဒါးမဟုတ်ပါဘူး။ ကိုယ့်ရဲ့စွမ်းဆောင်ရည်ပါဝါတွေကို တည်ဆောက်တဲ့နေ့ပါတဲ့။

 

ရေးသားသူ - Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”