စိတ်ပျော်စေဖို့ ဘာတွေစားမလဲ 

နေ့ရက်တိုင်းကို စိတ်ပျော်ရွှင်စွာနဲ့ ဖြတ်သန်းဖို့ဆန္ဒရှိနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ လူတစ်ယောက်ဟာ စိတ်ပျော်ရွှင်မှ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှာပါ။ ဒီတော့ စိတ်ပျော်စေဖို့ အကောင်းဆုံး လုပ်ဆောင် သင့်ပါ တယ်။ ဒီတစ်ခေါက်တော့ စိတ်ကြောင့်ရုပ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှု မရှိစေဘဲ နေ့ရက်တိုင်း မှာ ပျော်ရွှင်နေစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို Helloဆရာဝန် ပရိသတ်ကြီးကို ပြောပြပေး ပါရစေ…………. 

 

စိတ်ပျော်စေဖို့ ဘာတွေစားမလဲ……………

 

စိတ်ပျော်ရွှင်ဖို့အတွက်ဆိုရင်တော့ 

 

ဆယ်လ်မွန် 

 

ဆယ်လ်မွန်က ခန္ဓာကိုယ်အတွက် အာဟာရဖြည့်တင်းပေးနိုင်သလို စိတ်ပျော်ရွှင်မှုကိုလည်း အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ အာရုံစူးစိုက်မှုကောင်းစေနိုင်သလို ဆယ်လ်မွန်မှာပါတဲ့ omega-3 fatty acids ကစိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပြီး စိတ်ဓာတ်မကျအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဗီတာမင် B12 ပါဝင်နေမှုက စိတ်ခံစားမှုကိုကောင်းစေပြီး စိတ်ပျော်ရွှင်နေစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ 

 

ဟင်းနုနွယ် 

 

အစိမ်းရောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်တဲ့ ဟင်းနုနွယ်က ခန္ဓာကိုယ်အတွက် သံဓာတ် ဖြည့်ပေးနိုင်သလို ဖောလစ်အက်ဆစ်ပါဝင်မှုမြင့်မားတာကြောင့် စိတ်ဖိစီးတာမျိုး မဖြစ်အောင်ကာကွယ်ပေးသလို စိတ်ပျော်ရွှင်မှုကိုဖြစ်စေတဲ့ ဆီရာတိုနင်ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်နေတာကြောင့် စိတ်ရောကိုယ်ပါကျန်းမာစေနိုင်မှာပါ။ 

 

ကြက်သား 

 

ကြက်သား၊ ကြက်ဆင်သားတို့မှာ အမိုင်နိုအက်ဆစ်ပါဝင်နေတာကြောင့် စိတ်ပျော်ရွှင်စေမှာ အသေအချာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကြက်သား နဲ့ ကြက်ဆင်သားတို့က ခန္ဓာကိုယ်အတွက်အားဖြစ်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ 

 

နို့ 

 

စိတ်ခံစားမှုကောင်းစေဖို့အတွက်ရော ခန္ဓာကိုယ်အာဟာရပြည့်စေဖို့အတွက်ပါ အရေးပါတဲ့ အရာတစ်ခုပေါ့။ နို့မှာ အိုင်အိုဒင်းပါဝင်နေတာကြောင့် သိုင်းရွိုက်ဂလင်းတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေပြီး စိတ်ခံစားမှုကိုကောင်းစေနိုင်သလို ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေနိုင်မှာပါ။ နို့မှာပါတဲ့ ပရိုတင်းက စိတ်ပူပန်မှုကို သက်သာစေနိုင်ပါတယ်။ 

 

ချောကလက် 

 

ချောကလက်ရဲ့အရသာက စိတ်ကျေနပ်မှုကို အပြည့်အဝ ပေးစွမ်းနိုင်တာ အသေအချာပါ။ ချောကလက်မှာပါဝင်နေတဲ့အရာတစ်ခုက စိတ်ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သလို ခန္ဓာကိုယ်က နာကျင်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ စိတ်ခံစားမှုကောင်းစေနိုင်ပြီး နှလုံးရောဂါ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ 

 

ငရုတ်သီး 

 

ငရုတ်သီးက ပူစပ်စပ်အရသာရှိပေမယ့် စိတ်ခံစားမှုကိုတော့ကောင်းစေနိုင်တာအမှတ်ပါ။ ငရုတ်သီး မှာပါတဲ့ capsaicin ဒြပ်ပေါင်းက ဦးနှောက်ကို အန်ဒရိုဖင်း ဟော်မုန်းထွက်လာအောင် လုပ်ဆောင်ပေး ပြီး စိတ်ပျော်ရွှင်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ 

 

ပျားရည် 

 

ပျားရည်က သကြားထက်ပိုပြီးကျန်းမာသလို  စိတ်ခံစားမှုကိုလည်းကောင်းစေနိုင်ပါတယ်။ စိတ်ဓာတ် ကျတာကို ကင်းဝေးစေပြီး စိတ်ပျော်ရွှင်နေစေဖို့ လုပ်ဆောင်ပေးပါတယ်။ 

 

အုန်းသီး 

 

အုန်းသီးကို အဆီများတယ်ဆိုပြီး ရှောင်နေတယ်ဆိုရင် အခုပဲစားလိုက်ပါ။ အုန်းသီးမှာပါတဲ့ အဆီက ဦးနှောက်ကျန်းမာစေနိုင်ပြီ စိတ်ခံစားမှုကိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ပျော်ချင်သူတွေ အနေနဲ့ အုန်းသီးစားပေးလို့ရပါတယ်။ 

 

မှို 

 

မှိုက ခန္ဓာကိုယ်အတွက် အာဟာရပေးနိုင်သလို စိတ်ခံစားမှုကောင်းစေဖို့အတွက်လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ မှိုစားသုံးပေးတာက စိတ်ဓာတ်ကျတာကို ကာကွယ်ပေးသလို စိတ်ပူပန်မှု ကို လျော့ကျစေနိုင်ပါတယ်။ 

 


ရေးသားသူ Aye Thi Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”