စိန်ရတုပြည်ထောင်စုနေ့မှသည် ... ကမ္ဘာတည်သည့်တိုင်

ပြည်ထောင်စုဟု ဆိုလိုက်လျှင် မတူကွဲပြားမှုများဖြင့် စုစည်းနေထိုင်ခြင်း၊ ပေါင်းစည်းခြင်း၊ ညီညွတ်ခြင်းသဘောတို့ ပါဝင်ပါသည်။ စုစည်းမှု၊ ညီညွတ်မှုမရှိဘဲ ပြည်ထောင်စုအဖြစ် မည်သို့တည်ဆောက်ကြမည်နည်း။ ပြည်ထောင်စုနှင့် ညီညွတ်ရေးသည် ခွဲခြား၍မရနိုင်ပါ။ ပြည်ထောင်စု၏ အဓိကကြန်အင်လက္ခဏာလည်း ဖြစ်ပါသည်။

စည်းလုံးညီညွတ်မှုဖြင့်သာ ပြည်ထောင်စုကို တည်ဆောက်နိုင်ပါသည်။

ပြည်ထောင်စုအမှတ်သရုပ်

ပြည်ထောင်စု၏ အမှတ်သရုပ်သည် အားလုံးပါဝင်သော စည်းလုံး ညီညွတ်မှု ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် ပင်လုံစာချုပ်သည် တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုအမှတ် လက္ခဏာ ဖြစ်ပါသည်။ မြန်မာ့တ်လပ်ရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပင်လုံစာချုပ်ဖြင့် ကတိကဝတ်ပြုခဲ့ကြသည်။

ပင်လုံစာချုပ်ကို အမျိုးမျိုးသော အခက်အခဲများကြားမှ သဘောတူချုပ်ဆိုခဲ့ရသည်။ လွယ်လွယ်ကူကူရရှိလာခဲ့သည့် စုပေါင်းအင်အားမဟုတ်ချေ။ သို့ဖြစ်ရာ မိမိတို့နိုင်ငံ၏ စည်းလုံးခြင်းအမှတ် လက္ခဏာ ပင်လုံစာချုပ် ချုပ်ဆိုသည့်နေ့ကို ပြည်ထောင်စုနေ့အဖြစ် နှစ်စဉ်ကျင်းပလာခဲ့သည်။ သို့ဖြစ်ရာ ပြည်ထောင်စုနေ့၏အနှစ်သာရ သဘောတွင် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသော စည်းလုံးမှုခွန်အားများ ကိန်းအောင်းပါဝင်နေပေသည်။

အခုဆိုလျှင် ပြည်ထောင်စုနေ့မှာ စိန်ရတုသို့ပင် ပြည့်လေပြီ။ နှစ်ပေါင်းအားဖြင့် ၇၅ နှစ်။ မျိုးဆက်အားဖြင့် မျိုးဆက်တစ်ဆက်ကျော် ဖြစ်သည်။ လွန်ခဲ့သော ၇၅ နှစ်က ပြည်ထောင်စုဖွား တိုင်းရင်းသား ခေါင်းဆောင်များ၏ စည်းလုံးမှု၊ ညီညွတ်မှု၊ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်မှုကို ပင်လုံစာချုပ်ဖြင့်သက်သေပြုခဲ့ကြသည်။ လက်မှတ်ရေးထိုး ခဲ့ကြသည်။ ယင်းစည်းလုံးညီညွတ်မှု၏ ရလဒ်မှာ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နှစ်ပေါင်း ၁၀၀ ကျော် ဆုံးရှုံးခဲ့ရသည့် လွတ်လပ်ရေးရရှိခြင်းပင်ဖြစ်သည်။ နယ်ချဲ့တို့၏ နည်းလမ်းမျိုးစုံဖြင့် သွေးခွဲအုပ်ချုပ်မှုအောက်မှာပင် တိုင်းရင်းသားအပေါင်း၏ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သည်။ ဖော်ဆောင်နိုင်ခဲ့ပေသည်။ ဂုဏ်ယူဖွယ်၊ အတုယူဖွယ်ကြိုးပမ်းလုပ်ဆောင်မှု ဖြစ်ပါသည်။

ယင်းကြိုးပမ်းမှုဖြစ်သော ပြည်ထောင်စုအမှတ်သရုပ် စည်းလုံးခြင်းသည် ဆက်လက်ဆောင်ရွက်ရန်များ ရှိနေသေးသည့်တိုင် ၇၅ နှစ် ပြည့်လာခဲ့သည်မှာ နိုင်ငံ၏ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါပြီ။

ပြည်ထောင်စု၏အနှစ်သာရ

မိမိတို့၏ ဘိုးဘွားတို့သည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုဖြင့် ကိုလိုနီခေတ်လွန် မြန်မာနိုင်ငံကို တည်ဆောက်နိုင်ခဲ့ကြပါသည်။ ပြည်ထောင်စုနိုင်ငံအဖြစ် ကမ္ဘာ့အလယ် ရပ်တည်နိုင်ခဲ့ပါသည်။ မျိုးဆက်အဆင့်ဆင့်အနေဖြင့်လည်း ပြည်ထောင်စု အနှစ်သာရ ပြည့်ဝသည့် နိုင်ငံတော်ကြီး အဓွန့်ရှည်စေရန် ထိန်းသိမ်းစောင့်ရှောက် ကြရပါဦးမည်။ တိုင်းရင်းသားများအချင်းချင်း မတူကွဲပြားမှုများနှင့် ယှဉ်တွဲနေထိုင်ခြင်း၊ မတူကွဲပြားမှုများကို အသိအမှတ်ပြုခြင်း၊ အပြန်အလှန် လေးစားခြင်း၊ ဘုံအကျိုးစီးပွားအပေါ် ရပ်တည်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း ကဲ့သို့သော အနှစ်သာရများမှာ ပြည်ထောင်စု အခွန့်ရှည်ရေးအတွက် အခြေခံလိုအပ်ချက်များ ဖြစ်ပါသည်။

ထိုအနှစ်သာရများ ရရှိရန်ဆိုသည်မှာလည်း တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းဖြင့် လုပ်ဆောင်၍ မရနိုင်ပါချေ။ သက်ဆိုင်သူအားလုံး၏ ပူးပေါင်းလုပ်ဆောင်မှုများဖြင့်သာ အကောင်အထည်ဖော် ကြရပါသည်။ သို့မှလည်း ရေရှည်ခိုင်မာသော ပြည်ထောင်စုနိုင်ငံအဖြစ်  ရပ်တည်နိုင်မည် ဖြစ်ပါသည်။  

ဆိုးမွေများကို အဆုံးသတ်

မိမိတို့ဘိုးဘွားများလက်ထက်က ပြည်ထောင်စုနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ခဲ့ပါလျှင် မိမိတို့လက်ထက်များတွင် ဘိုးဘွားများတို့ထက် ပိုမိုစည်းလုံးသော၊ ပိုမိုညီညွတ်သော၊ ပိုမိုချစ်ကြည်သော ပြည်ထောင်စုနိုင်ငံတော်ကြီးကို ဆက်လက် တည်ဆောက်ကြရမည်မှာ မျိုးဆက်အဆင့်ဆင့်တို့၏ သမိုင်းပေးတာဝန်ဖြစ်ပါသည်။ မိမိတို့ဘိုးဘွားများ သမိုင်းတာဝန် ကျေပွန်ခဲ့သလို မိမိတို့သည်လည်း တာဝန်ကျေကြရပါမည်။ ထိုသို့တာဝန်ကျေရန်ဆိုရာတွင် ယခင်က တွေ့ကြုံခဲ့ရသည့် သမိုင်းဖြစ်စဉ်များထဲမှ ကောင်းမွေ၊ ဆိုးမွေများကို ယနေ့ တည်ဆောက်နေသည့် နိုင်ငံ၏အနာဂတ်ရည်မှန်းချက်များနှင့်အညီ ဆန်းစစ်သင်ခန်းစာယူကြ ရပါမည်။

လူတစ်ယောက်အတွက်ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ အတိတ်မှ ကောင်းမွေ၊ ဆိုးမွေများ ရှိတတ်ကြပါသည်။ လက်ဆင့်ကမ်းရရှိလာသော အမွေများကို အကောင်း၊ အဆိုး ပိုင်းခြား သုံးသပ်ကြရပါမည်။ ထိုကောင်းမွေ၊ ဆိုးမွေများထဲမှ ကောင်းမွေများကို လက်ဆင့်ကမ်းဆက်ခံ၍ ဆိုးမွေများကိုမူ သင်ခန်းစာယူ ပြုပြင်ပြောင်းလဲ ကြရပါမည်။ ဆိုးမွေများဆိုသည်မှာ လက်ခံရယူသင့်သည့် အမွေ မဟုတ်သကဲ့သို့ မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းပေးရမည့် အမွေ များလည်း မဟုတ်ပါ။ မိမိတို့ကာလအတွင်း အဆုံးသတ်နိုင်ရန် ကြိုးပမ်းကြရပါမည်။ သို့မှသာ ပစ္စပ္ပန်ကာလနှင့် အနာဂတ်မျိုးဆက်သစ်တို့အတွက် အဆိုးသံသရာကို ရပ်တန့်နိုင်မည်ဖြစ်ပါသည်။

ဆိုးမွေများကို အဆုံးသတ်ရန်ဆိုသည်မှာ အတိတ်သမိုင်းကို မေ့လိုက်ခြင်း၊ ပစ်ပယ်လိုက်ခြင်း၊ ငြင်းဆိုခြင်းမဟုတ်ပါ။ ပြီးဆုံး သွားခဲ့သည့် အတိတ်ဖြစ်စဉ်ဖြစ်ရပ်တို့အပေါ် လှေနံဓားထစ် တရားသေ စွဲမှတ်ယူနေခြင်းကြောင့် ရှေ့ဆက်ကြရမည့် အနာဂတ်နိုင်ငံ တည်ဆောက်ရေးကို မထိခိုက်စေလိုသည့်သဘော၊ အဟန့်အတား မဖြစ်စေလိုသည့် သဘော၊ ပိုမိုတိုးတက်စေလိုသည့်သဘောကို ဆိုလိုခြင်းဖြစ်ပါသည်။

မိမိတို့သည် အတိတ်သမိုင်းထဲတွင် ရပ်တည်နေကြရန်မဟုတ်ဘဲ လက်ရှိပစ္စက္ခ အခြေအနေကို တည့်တည့်ရှုကြရပါမည်။ ပစ္စုပ္ပန်ကို တည့်မတ်စွာရပ်တည်နိုင်ရန် အတိတ်ကို သင်ခန်းစာယူကြခြင်းဖြင့် ပိုမိုကောင်းမွန်သောနိုင်ငံ တည်ဆောက်လိုသည့် ရည်ရွယ်ချက် ဖြစ်ပါသည်။ ။

သင်ခန်းစာယူသည့်သဘောတွင် အတိတ်မှလုပ်ရပ်များ၊ ဖြစ်စဉ် များအပေါ် အမှားအမှန် ဆင်ခြင်ခြင်း၊ ဝေဖန်သုံးသပ်ခြင်း၊ မှန်သောအရာများကိုယူ၍ အမှားများကို ပစ်ပယ်ခြင်း၊ ပြင်ဆင်ခြင်း၊ တိုးတက်ခြင်း စသည့် လုပ်ငန်းစဉ်များ ပါဝင်ပါသည်။ သင်ခန်းစာယူသည် ဆိုရာတွင်လည်း တစ်ဖက်သတ်ရှုမြင်မှုများကိုရှောင်ရှား၍ သူ့ဘက် ကိုယ့်ဘက်မျှတသောအမြင်နှင့် ရှုထောင့်များမှ သင်ခန်းစာယူကြရမည် ဖြစ်ပါသည်။ သို့မှသာ ပြည်ထောင်စုအတွင်း ဖြစ်ပေါ်လာသည့် အခက်အခဲ၊ အဟန့်အတားနှင့် အကျပ်အတည်းများကို မှန်မှန်ကန်ကန် ချဉ်းကပ်ဖြေရှင်းနိုင်မည်ဖြစ်ပြီး တွေ့ကြုံနေရသည့် အခက်အခဲများကို လျှော့ချခြင်း၊ အဆုံးသတ်ခြင်းနှင့်ရေရှည်ပိုမိုကောင်းမွန်အောင် တည်ဆောက်ခြင်းများ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

ယုံကြည်မှုတည်ဆောက်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး

ပြည်ထောင်စုအတွက် စည်းလုံးညီညွတ်မှုဟုဆိုလျှင် ယင်းနှင့်အတူ ယုံကြည်မှုတည်ဆောက်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး တို့မှာလည်း ဒွန်တွဲ၍ ပါဝင်နေပါသည်။ ယုံကြည်မှုနှင့် အမျိုးသား ရင်ကြားစေ့ရေး မပါဝင်ဘဲ စည်းလုံးမှုတည်ဆောက်နိုင်မည် မဟုတ်ချေ။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှုရရှိရန် ဖြစ်ပေါ်လာသော ပဋိပက္ခများကို ဖြေရှင်းကြရာတွင် ယုံကြည်မှုတည်ဆောက်ရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်ကြရပါသည်။

ရင်ကြားစေ့ရေးဆိုသည်မှာ ခင်မင်ရင်းနှီးသော ဆက်ဆံရေးများကို ပြန်လည်တည်ဆောက်ခြင်း သို့မဟုတ် တစ်ဦး၏အမြင်/ ယုံကြည်မှုတို့ကို အခြားသူများနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြုလုပ်သည့် လုပ်ဆောင်ချက်ဟု Oxford Dictionary က ဖွင့်ဆိုပါသည်။ Merriam-Webster Dictionary ၏ ဖွင့်ဆိုချက်တစ်ခုမှာ မတူကွဲပြားသော အယူအဆများ၊ အချက်အလက်များ စသည် တို့ကို တစ်ချိန်တည်းတွင် မှန်ကန်အောင် သို့မဟုတ် တည်တံ့အောင် နည်းလမ်းရှာဖွေသည့် လုပ်ငန်းစဉ်ဟုဆိုပါသည်။ ထို့အတူ အမျိုးသားရင်ကြားစေ့ရေးသည် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်ဟု ပညာရှင်အချို့ကဖွင့်ဆိုကြောင်း မှတ်သားဖူးပါသည်။

ယုံကြည်မှုတည်ဆောက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် မတူကွဲပြားမှုများပြားသည့် မိမိတို့နိုင်ငံအတွက် နက်နဲရှုပ်ထွေးသည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။ ထိုသို့သောအခြေအနေတွင် ပါဝင်ပတ်သက်သူ အားလုံး၏ မှန်ကန်သော စိတ်သဘောထား၊ စိတ်ရှည်မှု၊ သည်းခံမှု၊ စေ့စပ်ညှိနှိုင်း လိုမှုနှင့် တစိုက်မတ်မတ်လုပ်ကိုင်မှုများဖြင့် အခက်အခဲ၊ အတား အဆီးများကို ကျော်ဖြတ်ကြရပါမည်။

ပဋိပက္ခဖြစ်ပွားရသည့် အရင်းခံအကြောင်းတရားများကို နားလည်မှုရှိစွာဖြင့် ညှိနှိုင်းအဖြေရှာ ကြရမည်ဖြစ်ပါသည်။ ထိုသို့  လုပ်ဆောင်နေစဉ် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် ယုံကြည် မှုနှင့် ရင်ကြားစေ့ရေးကိုထိခိုက်စေမည့် အပြုအမူ၊ အပြောအဆိုများကို ထိန်းသိမ်းကြရပါသည်။ ထို့အပြင် ပဋိပက္ခများအဆုံးသတ် နိုင်သည့် ဆက်ဆံရေးမျိုး ထူထောင်ရန်ဆိုပါက အပြန်အလှန် တောင်းဆိုမှုများကို ရပ်ဆိုင်းခြင်းဖြင့် ပဋိပက္ခများကို လျှော့ချနိုင်  မည်ဖြစ်ပါသည်။ သို့မှသာ အမျိုးသားညီညွတ်ရေးကို ဦးတည်သည့် ယုံကြည်မှုတည်ဆောက်ရေးနှင့် ရင်ကြားစေ့ရေး ဖြစ်လာပါမည်။

မိသားစုစိတ်ဓာတ်

သမိုင်းစဉ်ဆက် ဥမကွဲသိုက်မပျက် နေထိုင်လာခဲ့ကြသော ပြည်ထောင်စုမြန်မာနိုင်ငံသည် ပြည်ထောင်စုသားအားလုံး၏ နေအိမ် ဖြစ်ပါသည်။ မိသားစုတစ်ခုအနေဖြင့်ဆိုလျှင် ညီရင်းအစ်ကို မောင်ရင်းနှမများ စုစည်းနေထိုင်ကြသော အိမ်ကြီးဖြစ်ပါသည်။ မိသားစုအတွင်း အိမ်တွင်းရေးပြဿနာများ၊ တစ်ဦးနှင့်တစ်ဦးအကြား မကျေနပ်မှုများ ဖြစ်ပွားတတ်ကြသည်မှာ သဘာဝဖြစ်ပါသည်။ ဖြစ်တတ်သည့် အိမ်တွင်းရေးပြဿနာများရှိစေကာမူ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် မိသားစုစိတ်ဓာတ်ဖြင့် ပြေလည်စွာ ဖြေရှင်းကြမည်ဆိုလျှင် ထာဝစဉ်ပျော်ရွှင်အေးချမ်းသော မိသားစုအိမ်ကြီး ဖြစ်နေပါလိမ့်မည်။ အမိမြန်မာပြည်အတွင်း တစ်မြေတည်းနေ တစ်ရေတည်းသောက်နေကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးသည် ညီရင်းအစ်ကို မောင်ရင်းနှမများပင် မဟုတ်ပါလား။

အမိပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်ရေး၊ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချစ်ကြည်စွာ ထာဝစဉ် ယှဉ်တွဲနေထိုင်ရန် မိသားစုစိတ်ဓာတ်၊ ပြည်ထောင်စုစိတ် သဘော ထားများ ထားရှိခြင်းဖြင့် မိမိတို့အိမ်တွင်းရေးကို ပြေလည်စွာ ဖြေရှင်း နိုင်ပါသည်။ တစ်ဦးနှင့်တစ်ဦးအကြား သဘောထားမတိုက်ဆိုင်မှုများ ရှိပါကလည်း ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းကြ မည်ဆိုပါက ချစ်စကို ရှည်စေပြီး မုန်းစကို တိုစေပါလိမ့်မည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအား မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း တည်ဆောက်ကြမှ တစ်ဆင့်ထက်တစ်ဆင့် ပိုမို တိုးတက်သောနိုင်ငံဖြစ်လာပြီး အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် ယှဉ်လျှင်လည်း ပိုမိုစည်းလုံးသော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင် ပါမည်။ ထိုသို့ရပ်တည်နိုင်ရန် ပြည်ထောင်စု၏အကျိုး၊ ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးကို ပြည်ထောင်စုသားများ၏ စည်းလုံး ညီညွတ်မှုအပေါ် မဏ္ဍိုင်ပြု၍ ဖော်ဆောင်ကြရပါမည်။

စိန်ရတုမှသည်

ယခုအခါ စိန်ရတုတိုင်ပြီဖြစ်သော ပြည်ထောင်စုနေ့အခါသမယတွင် ပြည်ထောင်စု နိုင်ငံတော်ကြီး၏ အနာဂတ်ကို မျှော်ကြည့်မိပါသည်။ ထိုအနာဂတ်များသည် မိမိတို့လက်ဝယ် ရှိနေပါသည်။ မိမိတို့ လက်ဝယ်ရှိနေသောပြည်ထောင်စု၏အနာဂတ်၊ ပြည်သူတစ်ရပ်လုံး၏ အနာဂတ်ကို ကိုယ်စီကိုယ်စီ၏ ညီညွတ်လိုသော စိတ်သဘောထားများဖြင့် လက်တွဲကြိုးပမ်းကြလျှင်ဖြင့် ပြည်ထောင်စု၏အနာဂတ် လှပလာမည်ဖြစ်ပြီး အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်မည် ဖြစ်ပါသည်။ စည်းလုံးညီညာလျှင် အောင်မြင်မည်၊ သမဂ္ဂါနံ တပေါ သုခေါ (သမဂ္ဂါနံ - စိတ်ဓာတ်ညီညွတ်သူတို့၏ တပေါ-အကျင့်သည်။ သုခေါ - ချမ်းသာခြင်း၏အကြောင်းဖြစ်၏) ဟု မြန်မာ ဆိုရိုးစကားတွင် မှတ်သားရပါသည်။ စည်းလုံးညီညွတ်မှုမရှိလျှင် ချမ်းသာခြင်းလည်း ရှိနိုင်မည်မဟုတ်ချေ။

မိမိတို့နိုင်ငံသည် တိုင်းရင်းသားများဖြင့် စုစည်းနေထိုင်လာခဲ့သည်မှာ ယခုမှ မဟုတ်ပါ၊ ရှေးအစဉ်အဆက်ကပင် ဖြစ်ပါသည်။ သို့သော်လည်း ရေရှည်ခိုင်မာသော ပြည်ထောင်စုတည်ဆောက်ရန် ဆိုပါမူ မတူကွဲပြားမှုများဖြင့် စည်းလုံးညီညွတ်ကြရပါမည်။

မတူကွဲပြားမှုများဖြင့် စည်းလုံးညီညွတ်ခြင်း Unity in Diversity သည် မတူကွဲပြားသော တစ်ဦးချင်း သို့မဟုတ် အုပ်စုများအကြား သဟဇာတဖြစ်မှုနှင့် စည်းလုံးညီညွတ်မှုဟု ဆိုပါသည်။ တူညီမှုမရှိဘဲ စည်းလုံးမှု Unity without uniformity နှင့် ပြိုကွဲမှု မရှိဘဲ ကွဲပြားမှု Diversity without fragmentation သဘောကို နားလည်လက်ခံ၍ လက်တွဲဆောင်ရွက်ကြမည်ဆိုပါလျှင် ပြည်ထောင်စု ဤခရီး နီးပါလိမ့်မည်။ ထို့အတူ စိန်ရတုပြည်ထောင်စုနေ့မှသည် ကမ္ဘာတည်သရွေ့ ပြည်ထောင်စုနေ့များတိုင် အဓွန့်ရှည်သော ပြည်ထောင်စုနိုင်ငံကြီးအဖြစ် ဝင့်ထည်စွာ ရပ်တည်နိုင်မည်ဖြစ်ပါသည်။     ။

သိန်းထွန်း (IR)