စီးရီးအေ ပွဲစဉ် (၉) တွင် ဘိုလော့ဂ်နာအသင်းကို အေစီမီလန်အသင်း ဂိုးပြတ်အနိုင်ရ

အီတလီစီးရီးအေပွဲစဉ် (၉) အဖြစ် ဘိုလော့ဂ်နာအသင်းနှင့် အေစီ မီလန်အသင်းတို့ပွဲစဉ်ကို အောက် တိုဘာ ၂၄ ရက် နံနက်ပိုင်းက ဘိုလော့ဂ်နာအိမ်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ အေစီမီလန်အသင်းက လေးဂိုး-နှစ်ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ယနေ့ပွဲစဉ်တွင် ဒဏ်ရာမှ သက်သာလာသည့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည် ယခုနှစ် ရာသီ အေစီမီလန်အသင်းအတွက်  ပထမဆုံးပွဲထွက် ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိသည်။ ယနေ့ပွဲစဉ် တွင် အလှည့်အပြောင်းများစွာ ဖြစ်ပေါ်ခဲ့ပြီး အေစီမီလန်တိုက်စစ်မှူး အီဗရာဟီမိုဗစ် ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့သလို  ဘိုလော့ဂ်နာအသင်းမှ ဆော်မာအိုရိုနှင့် ဆိုရီယာနိုတို့ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။

ပွဲချိန်အများစုကို အေစီမီလန်အသင်းက ထိန်းချုပ်ကစားနိုင်ခဲ့သော်လည်း ဘိုလော့ဂ်နာအသင်း၏ ဂိုးရရှိနိုင်လောက်သည့် အခွင့်အရေးများကို ဂိုးသမား တာတယူဆာနူက လက်စွမ်းပြကာကွယ်နိုင် ခဲ့သည်။ ဦးဆောင်ဂိုးကို အေစီမီလန်အသင်းကရရှိခဲ့ပြီး ပွဲချိန် ၁၆ မိနစ်တွင် အီဗရာဟီမိုဗစ်၏ ဖန်တီးမှု မှ လီယိုက သွင်းယူပေးခဲ့သည်။ ပွဲချိန် မိနစ် ၂၀ တွင် ဘိုလော့ဂ်နာအသင်းမှ ဆော်မာအိုရို အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။ ထို့နောက် ပွဲချိန် ၃၅  မိနစ်တွင် အေစီမီလန်အသင်းက ဒုတိယဂိုးရရှိခဲ့ပြီး ကယ်လာဘရီယာက သွင်းယူပေးခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ပြီး မကြာမီတွင် အီဗရာဟီမိုဗစ် ကိုယ့်ဂိုးကို သွင်းယူမိသလို ဖြစ်ခဲ့၍ ဘိုလော့ဂ်နာအသင်း ချေပဂိုးရရှိခဲ့သည်။ ပထမချေပဂိုး ရရှိပြီးနောက် မကြာမီတွင် ဘိုလော့ဂ်နာအသင်း ဒုတိယ ချေပဂိုးရရှိခဲ့ပြီး ဘာရိုးက သွင်းယူပေးခဲ့သည်။ သို့သော်လည်း ပွဲချိန် ၅၈ မိနစ်တွင် ဆိုရီယာနို အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည့် အတွက် ဘိုလော့ဂ်နာအသင်း အထိနာခဲ့ရသည်။

ယင်းနောက် အေစီမီလန်အသင်းက အသာစီးရယူကာ ပွဲချိန် ၈၄ မိနစ်တွင် အသင်းအတွက် တတိယဂိုး ကို ဘင်နာဆာက သွင်းယူပေးပြီး စတုတ္ထဂိုးကို ပွဲချိန်ပြီးခါနီးတွင် အီဗရာဟီမိုဗစ်က သွင်းယူပေးခဲ့သည်။ အီဗရာဟီမိုဗစ်သည် စီးရီးအေပြိုင်ပွဲ၌ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ တွင် တော့တီပြီးနောက် အသက် ၄၀ အရွယ်တွင် ဂိုးသွင်းယူနိုင်ခဲ့သည့် ကစားသမားဖြစ်လာခဲ့သည်။ ထို့အပြင် ၎င်းသည် ကစားသမားဘဝ တစ်လျှောက် ဒုတိယအကြိမ် ကိုယ့်ဂိုးကိုယ်သွင်းယူမိ ခဲ့သည်။ အေစီမီလန်အသင်း သည် စီးရီးအေပွဲစဉ် (၉) အပြီးတွင် နာပိုလီအသင်းထက် တစ်ပွဲပိုကစားကာ ရမှတ် ၂၅ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။

အောင်ဇော်