စီးပွားရေးယန္တရား ပြန်လည်ပတ်နိုင်ရေးနှင့် ဘုရားကျောင်းကန်များသို့ ပြန်လည်သွားရောက်နိုင်ရေး

 

၂၀၁၉ ခုနှစ် နှောင်းပိုင်းမှ စတင်ခဲ့သည့် ကိုဗစ်-၁၉ကပ်ရောဂါသည် ၂၀၂၁ ခုနှစ်သို့ ဝင်ရောက်လာသည့်အချိန်ထိ ကမ္ဘာမြေပေါ်မှပျောက်ကွယ်မသွားသေးဘဲ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူအများကြား ထဲတွင် ကူးစက်ပျံ့နှံ့ကောင်းနေဆဲ။ အချို့ဒေသများတွင်မူ ဗီဇပြောင်းကာ လူ့အဖွဲ့အစည်းကိုဆက်လက်၍ အန္တရာယ်ပြုနေဆဲ ဖြစ်သည်။

ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားရမှုတွင်ကျန်းမာရေးသာမက စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးကဏ္ဍတို့အထိကိုပါ ရိုက်ခတ် သည်။ လူတစ်ဦးမှ အခြားလူများထံလျင်လျင်မြန်မြန် လွယ်လွယ် ကူကူ ကူးစက်သည့် ၎င်းဗိုင်းရပ်စ်၏ သဘောသဘာဝကြောင့် လူတို့၏ နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှုများကို စည်းမျဉ်း စည်းကမ်းများချမှတ်ကာ အကန့်အသတ်များပြုလုပ်လာရသည်။ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားပြင်းထန်သည်နှင့်အမျှ ပို၍ပို၍ တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများကို ချမှတ်ပြီး ရောဂါ ကူးစက်မှု အရှိန်အဟုန်ကို တန့်စေကာ တဖြည်းဖြည်းနှင့် ပြန်လည် ကျဆင်းစေရသည်။

ရောဂါကူးစက်မှု တားဆီးထိန်းချုပ်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ရသည့် အကန့်အသတ်အတားအဆီးများက တစ်ဖက်တွင်လည်း ဘေးထွက်ဆိုးကျိုးတို့ ရှိနေသည်။ ကူးသန်းသွားလာမှုများ လျော့နည်းကျဆင်းသွားခြင်း၊ စိုက်ပျိုးရေးနှင့် စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုတို့ ဖြစ်ပေါ်ခြင်း၊ ကုန်စည်ရောင်းဝယ်မှုနှင့် သယ်ယူပို့ဆောင်မှုများ တုံ့ဆိုင်းသွားခြင်းတို့နှင့် အတူ ပြည်သူများ၏ စားဝတ်နေရေးတို့ကိုပါ ထိခိုက်လာသည်။ သို့ဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ကိုဗစ်-၁၉ ရောဂါ ပပျောက်ကင်းစင်မှု မရှိသေးစေကာမူ ရောဂါပိုး နှင့်အတူယှဉ်တွဲ နေထိုင်နိုင်ရေး အစီအမံများ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ကာ လိုက်ကျင့်သုံးနေထိုင်ကြရင်း စီးပွားရေးယန္တရားများကို ပြန်လည်လည်ပတ်လုပ်ကိုင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြသည်။ရောဂါပိုးနှင့် အတူ ယှဉ်တွဲနေထိုင်သည်ဟုဆိုရာတွင် မိမိကိုယ်ကိုယ် ရောဂါမကူးအောင် သတိပြုနေထိုင်သလို အခြားသူများကို မကူးစက်စေရန်အတွက်လည်း စည်းမျဉ်းစည်းကမ်း များနှင့်အညီ လိုက်နာနေထိုင်ကြခြင်းဖြင့် မိမိတို့၏ စီးပွားရေး၊ လူမှုရေးတို့ကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ကိုင်ကြခြင်းပင်ဖြစ်သည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ရောဂါပိုးတွေ့ရှိမှုနှုန်းမှာ စစ်ဆေးမှုများ၏ ၂ ရာခိုင်နှုန်း ကျော်ကျော်မျှသာ ပျမ်းမျှအားဖြင့်ရှိနေပြီး ဖြေလျှော့မှုများ ပြုလုပ်နိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏သတ်မှတ်ချက်ဖြစ်သော ၅ ရာခိုင်နှုန်း နှင့်အောက်သို့ ရောက်ရှိနေပြီဖြစ်သည်။ တစ်ဖက်တွင်လည်း ဖြေလျှော့မှုများ ပြုလုပ်လိုက်သည်နှင့် ကူးစက်မှုများ ပြန်လည်များပြားလာပြီး ပိုးတွေ့ရာခိုင်နှုန်း မြင့်တက်လာနိုင်သည့်အခြေအနေနှင့် မိမိတို့နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် တွေ့နေရပြီဖြစ်သော ဗီဇပြောင်းကူးစက်မြန် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး၏ အန္တရာယ်တို့ကိုလည်း မျှော်မှန်းတွက်ဆထားရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို အရှိန်အဟုန်မပျက် ဆောင်ရွက်ရင်း ရောဂါမကူးစက်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင့်သုံးနေထိုင်ကြခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ခြင်း၊ မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာသနာအလိုက် ဘုရားကျောင်းကန်များတွင် စိတ်နှလုံး၏ ငြိမ်းချမ်းရာကို ရှာဖွေ ဆောက်တည်ခြင်းတို့ ဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း