စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်း ကျင်းပ

တာရာ

စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးသူရိန်လွင်က အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး (စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူမှုတိုးတက်ရေးလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူး)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်းအောင် (ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး)၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်မှုရုံး၊ ဥပဒေလုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူး ဒေါ်ထားထား (ပဋိညာဉ်များ အတည်ပြုဆောင်ရွက်ခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး) နှင့် Zeya & Associate Co.,Ltd. Chairman/CEO ဦးဇေယျသူရမွန် (ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်) တို့က ပါဝင်ဆွေးနွေးခဲ့သည်။

 

 

အစီအစဉ်မှူး။   ။ ပထမဦးဆုံးအနေနဲ့ Ease of Doing Business အညွှန်းကိန်း ဘယ်လောက် ရှိတယ်ဆိုတာကို ရှင်းပြပေးပါဦးခင်ဗျာ။

 

mdn

ဦးအောင်စိုး။     ။ လက်ရှိတိုင်းတာနေတဲ့ Doing Business အညွှန်းကိန်းက ၁ဝ ခု ရှိပါတယ်။ အဲဒီ ၁ဝ ခုမှာ စီးပွားရေးလုပ်ငန်းတစ်ခု စတင်တည်ထောင်တာက စပါတယ်။ ပြီးရင် အဆောက်အဦ ဆောက်လုပ်ခွင့်ရယူခြင်း၊ အခွန်ပေးဆောင်မှု၊ ချေးငွေ ရရှိနိုင်မှု၊ ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း၊ အနည်းစုရင်းနှီးမြှုပ်နှံ သူများအား အကာအကွယ်ပေးခြင်း၊ ပဋိညာဉ်များ အတည်ပြုဆောင်ရွက်ခြင်း၊ အကြွေးမဆပ်နိုင်မှု အခြေအနေကို ဖြေရှင်းပေးနိုင်မှု၊ လျှပ်စစ်ဓာတ်အားရရှိနိုင်မှု၊ ပြည်ပကုန်သွယ်မှု စတဲ့ ၁ဝ ခုကို တိုင်းတာပါတယ်။ နောက်ထပ် နှစ်ခု ထပ်ပြီးတိုးချဲ့ဖို့လည်း ရှိပါတယ်။ အဲဒါက အလုပ်သမား ဈေးကွက်စည်းမျဉ်းတွေနဲ့ အလုပ်အကိုင် ဖန်တီးနိုင်မှုကို တိုင်းတာတဲ့ အညွှန်းကိန်းတစ်ခုနဲ့ အစိုးရနဲ့စာချုပ်ချုပ်ဆိုပြီး ပစ္စည်းဝယ်ယူတာနဲ့ပတ်သက်တာကို တိုင်းတာဖို့ လည်းရှိပါတယ်။ ဒီ ၁ဝ ခုကို ကမ္ဘာ့ဘဏ်ကဦးစီးပြီး ဆောင်ရွက်ပါတယ်။ ဒီဟာကို ကျွန်တော်တို့နိုင်ငံက ၂၀၁၄ ခုနှစ်ကတည်းက စတင်ပြီးပါဝင်ခဲ့တယ်။ စတင်ပါဝင်တဲ့ အချိန်တုန်းက တစ်ကမ္ဘာလုံးမှာ နိုင်ငံပေါင်း ၁၈၉ နိုင်ငံက ဒီစနစ်ထဲမှာပါဝင်တယ်။

 

အဲဒီတုန်းက ကျွန်တော်တို့က ၁၈၂ ဆိုတော့ ကျွန်တော်တို့ရဲ့ အောက်မှာ ခုနစ်နိုင်ငံပဲရှိတယ်။ အခုတော့ ကျွန်တော်တို့ရဲ့ ကြိုးစားမှုကြောင့် တဖြည်းဖြည်း တိုးတက်လာတယ်။ မနှစ်တုန်းက ကျွန်တော်တို့က နိုင်ငံပေါင်း ၁၉ဝ မှာ ၁၇၁ ဖြစ်တယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့က အဆင့် ၁၆၅ ဖြစ်တဲ့အတွက် အဆင့် ခြောက်ဆင့် တက်လာပါတယ်။


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာနကို တာဝန်ခံဌာနအဖြစ် တာဝန်ပေးထားတဲ့အတွက် ကျွန်တော်တို့ရဲ့ ဒုတိယဝန်ကြီးဦးဆောင်တဲ့ Ease of Doing Business Ranking တိုးတက်ရေး လုပ်ငန်းအဖွဲ့က ဦးဆောင်ပြီး သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက အညွှန်းကိန်းတစ်ခုချင်းကို တာဝန်ယူကြီးကြပ်ပြီး နှစ်စဉ်ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခုလို တိုးတက်မှု ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကိုလည်း ဆက်လက်ပြီး တိုးတက်အောင် ဆောင်ရွက်သွားမယ့် အခြေအနေတွေကို အခုလိုရှင်းလင်းတင်ပြရခြင်းဖြစ်ပါတယ်။

 

အစီအစဉ်မှူး။   ။ အဆင့် ၁၇၁ ကနေ ၁၆၅ ဆင့် အထိ ဘာဖြစ်လို့များ မြင့်တက်ခဲ့တယ်လို့ ထင်ပါသလဲခင်ဗျာ။

 

ဦးအောင်စိုး။ ။ဒါကတော့ ကျွန်တော်တို့လက်ရှိ စီးပွားရေးနယ်ပယ်ကို အစိုးရက အကူအညီပေးနေတဲ့ ကဏ္ဍအသီးသီးက ဌာနတွေ အနေနဲ့ မိမိတို့ရဲ့ လက်ရှိလုပ်ငန်းတွေကို ပိုမိုလွယ်ကူအောင် ဆိုရာမှာ အဓိကသုံးချက်နဲ့ တိုင်းတာပါတယ်။ နံပါတ်(၁) က လုပ်ငန်းအဆင့်တွေနည်းအောင်၊ နံပါတ်(၂)က အချိန်သက်သာအောင်၊ နံပါတ် (၃) က ကုန်ကျစရိတ် သက်သာအောင် ဒီသုံးချက်ကိုအခြေခံပြီး ကျွန်တော်တို့က ပြုပြင်ပြောင်းလဲပေးနေရပါတယ်။ ဌာနအသီးသီးရဲ့ပြုပြင် ပြောင်းလဲမှုတွေက တိုးတက်လာတာနဲ့အမျှ အဲဒီလုပ်ငန်းတွေက ပိုမိုလွယ်ကူမယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် စီးပွားရေး လုပ်ရတာအောင်မြင်လာမယ်၊ ကြာမြင့်ချိန်တွေ လျော့လာမယ်၊ ကုန်ကျစရိတ်တွေ နည်းလာမယ်။ ဒါကို ဦးတည်ပြီး ကျွန်တော်တို့က ကြိုးစားပါတယ်။ အခုလိုအဆင့် ခြောက်ဆင့် တိုးတက်လာတာဟာ အညွှန်းကိန်းများနဲ့ သက်ဆိုင်တဲ့ဌာနအသီးသီးက သူတို့ရဲ့လုပ်ငန်းစဉ်တွေကို တိုးတက်အောင် ပြုပြင်ပြောင်းလဲ နိုင်လို့ဖြစ်ပါတယ်။ ဘာတွေ လုပ်တယ်ဆိုတာကိုတော့ သက်ဆိုင်ရာ အညွှန်းကိန်း တာဝန်ခံများက ရှင်းပြပါလိမ့်မယ်။

 

mdn

အစီအစဉ်မှူး။   ။ Ease of Doing Business 2020 အစီရင်ခံစာမှာ Registering Property Indicator ဆိုင်ရာ အထောက်အကူပြု အဖွဲ့က လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေနဲ့ ဘယ်လို အခန်းကဏ္ဍက ပါဝင်ပြုပြင်ပြောင်းလဲပြီး အဆင့်နဲ့ရမှတ်တွေ တိုးတက်အောင် ဆောင်ရွက်ခဲ့တယ် ဆိုတာကို ရှင်းပြပေးပါဦး။

 

mdn

ဦးကျော်ငြိမ်းအောင်။ ။ ကျွန်တော်တို့ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း အညွှန်းကိန်း(Registering Property Indicator) က Ease of Doing Business ရဲ့ အညွှန်းကိန်းတစ်ခုပါ။ ဒီအညွှန်းကိန်းက စီးပွားရေးလုပ်ငန်းတစ်ခု မြန်မာပြည်မှာ လာပြီးလုပ်ပြီဆိုရင် သူ့ရဲ့ပိုင်ဆိုင်မှုတွေကို မှတ်ပုံတင်ရတယ်။ အထူးသဖြင့် မြေပိုင်ဆိုင်မှုတစ်ခုကို ဒီမှာရယူပြီး ကိုယ့်ပိုင်ဆိုင်မှုကိုခိုင်မာဖို့ မှတ်ပုံတင်တဲ့ လုပ်ငန်း ဘယ်လောက်အထိ လွယ်ကူသလဲ၊ ဘယ်လောက်အထိ လျင်လျင်မြန်မြန် လုပ်လို့ရသလဲဆိုတာကို တိုင်းတာ တဲ့အညွှန်းကိန်းတစ်ခုပါ။

 

ဒီအညွှန်းကိန်းကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ အဓိကထားပြီးတိုင်းတာပါတယ်။ အဲဒီလိုတိုင်းတာတဲ့ မြေပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းဆိုတဲ့ လုပ်ငန်းကို လုပ်တဲ့အခါ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆောင်ရွက်ရတဲ့ လုပ်ငန်းဌာန ဥပမာ- ရန်ကုန်မှာဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရှိပါတယ်။ ရန်ကုန် ဆင်ခြေဖုံးဒေသတွေဆိုရင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက်လို့ ရပါတယ်။ ဥပမာ- မြေပိုင်ဆိုင်မှု တွေကိုမှတ်ပုံတင်ပြီးရင် အခွန်ပေးဆောင်တဲ့ လုပ်ငန်းတွေကို ပြည်တွင်းအခွန်များဦးစီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက် ရပါတယ်။

 

မြေပိုင်ဆိုင်မှု၊ မြေဝယ်ယူမှုတွေမှာ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း လုပ်တဲ့ကိစ္စတွေကို လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ ဆောင်ရွက်ကြရပါတယ်။ ဒါကြောင့် ဒီအညွှန်းကိန်းမှာ ဆက်စပ်တဲ့ဌာနတွေ အကုန်လုံးပေါင်းစုပြီး အညွှန်းကိန်းအဆင့် တိုးတက်အောင် ဆောင်ရွက်ကြရတာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်နိုင်ဖို့ကိုလည်း ၂၀၁၇ ခုနှစ်မှာ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို နိုင်ငံတော်က ဒီဆက်စပ်ဌာနတွေကို စုစည်းပြီး ဒီအညွှန်းကိန်းရဲ့ အထောက်အကူပြုအဖွဲ့ဆိုပြီး ဖွဲ့စည်းပေးခဲ့ပါတယ်။

 

ဒီအဖွဲ့အစည်းမှာတော့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ကျွန်တော်က အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ ကျွန်တော်တို့ဌာနက ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ပြီး တိုးတက်အောင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ အဓိကထားပြီးဆောင် ရွက်ရတာက ဒီအညွှန်းကိန်းအဆင့်မြင့်တက်ဖို့၊ ကမ္ဘာ့ဘဏ်က တိုင်းတာတဲ့လုပ်ငန်းအဆင့် လျှော့ချနိုင်ဖို့၊ အချိန်ကြာ မြင့်မှုလျှော့ချနိုင်ဖို့၊ ကုန်ကျစရိတ်တွ ေလျှော့ချနိုင်ဖို့ အဓိကဦးတည်ပြီး ကျွန်တော်တို့ ဆောင်ရွက်ပါတယ်။
အဲဒီလိုဆောင်ရွက်ရာမှာ အဲဒီအချက်သုံးချက်နဲ့ မြန်မာနိုင်ငံရဲ့ အခုဖြစ်ပျက်နေတဲ့အခြေအနေ၊ အခက်အခဲတွေကို သုံးသပ်လိုက်တဲ့အခါ လုပ်ငန်းအဆင့်အနေနဲ့ ကိုယ့်ဒေသတွင်းမှာ ရှိတဲ့နိုင်ငံတွေနဲ့ ကွာခြားမှုသိပ်မရှိပါဘူး။ အဓိက ကွာခြားတာက ကျွန်တော်တို့ ဆောင်ရွက်ရမယ့်လုပ်ငန်း ကြာမြင့်တဲ့အချိန်ပါ။ အထူးသဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကွန်ပျူတာစနစ်တွေ နောက်ကျနေတဲ့အတွက် လုပ်ငန်း ဆောင်ရွက်ရာမှာ အချိန်ကြာမြင့်နေတာ ဖြစ်ပါတယ်။

 

လုပ်ငန်းဆောင်ရွက်ရာမှာလည်း ဌာနတစ်ခုတည်းမှာ ဆောင်ရွက်တာမဟုတ်ဘဲ ဌာနတွေအချင်းချင်း ဆက်စပ်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ဌာနတွေအချင်း ချင်း ဆက်စပ်ဆောင်ရွက်မှုလွယ်ကူသွားပြီး လုပ်ငန်းကြာမြင့် ချိန်လျှော့ချနိုင်ဖို့ကို လုပ်ငန်းအဖွဲ့မှာပါဝင်တဲ့ဌာနတွေက အဓိကထားပြီး ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်ခဲ့ တဲ့အတွက်၂၀၁၄ ခုနှစ် ကမ္ဘာ့ဘဏ်က ကျွန်တော်တို့နိုင်ငံကို စပြီးအကဲဖြတ်တဲ့အချိန်မှာ Registering Property Indicator က လုပ်ငန်းဆောင်ရွက်မှုအဆင့် ခြောက်ဆင့်မှာ ကြာမြင့်တဲ့အချိန် ၁၁၃ ရက်ရှိတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

 

ဒါကိုကြာမြင့်တဲ့အချိန်လျှော့ချနိုင်ရေး ဆောင်ရွက် လာတဲ့အခါ၂၀၁၄ ခုနှစ်က ၁၁၃ ရက်၊ ၂၀၁၇ ခုနှစ်မှာ ၈၅ ရက်အထိ ကျွန်တော်တို့ လျှော့ချဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီထက် ဆက်လက်လျှော့ချနိုင်အောင် ဆောင်ရွက်မယ်ဆိုပြီး ဆောင်ရွက်တဲ့အခါ ၂၀၂၀ ပြည့်နှစ်မှာ ၆၅ ရက်အထိ လျှော့ချ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ဒီအညွှန်းကိန်းမှာ အဆင့်တိုးတက်လာခြင်းဖြစ်ပါတယ်။

 

ဒီလိုဆောင်ရွက်ရာမှာလည်း ဌာနတွေအချင်းချင်းညှိနှိုင်းဆက်စပ်ပြီး မလိုအပ်တဲ့အဆင့်တွေ၊ ထောက်ခံစာ တောင်းယူတဲ့ကိစ္စတွေ၊ မလိုအပ်ဘဲ စိစစ်နေရတဲ့ကိစ္စတွေကို ကျွန်တော်တို့ ဖြေလျှော့ပါတယ်။ ဥပမာ- ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဆိုရင် မြေပုံရာဇဝင် တောင်းတဲ့ကိစ္စမှာ ထောက်ခံစာ တောင်းတဲ့ကိစ္စတချို့ကို လျှော့ချဆောင်ရွက်ပေးခဲ့ပါတယ်။ စိစစ်တဲ့ကိစ္စတွေမှာလည်း အချိန်လျှော့ချဆောင်ရွက်ပေးခဲ့ပါတယ်။

 

နောက်ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနဆိုရင်လည်း အခွန်ဆောင်ဖို့အတွက် တန်ဖိုးသတ်မှတ်ရတဲ့ အချိန်ကာလကို ဟိုတုန်းကရက် ၃၀ လောက်ကြာတဲ့အချိန်ကာလကို မနှစ်ကဌာနမှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ၁၄ ရက်အထိကို လျှော့ချဆောင်ရွက်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနကလည်း စာချုပ်မှတ်ပုံတင်ခြင်းလုပ်ငန်းကို ယခင်ကစာချုပ်ထဲမှာ လူလက်ရေးနဲ့ ရေးကူးရတဲ့လုပ်ငန်းကို အခုခေတ်မီကွန်ပျူတာစနစ်တွေနဲ့ ပြောင်းလဲသုံးစွဲ လာတဲ့အတွက် အရင်တုန်းက စာချုပ်တစ်ခုလာပြီး မှတ်ပုံတင်ရင် ရက်ပေါင်း ၃၀ လောက်ကြာတဲ့ အနေအထားကနေ အခု ၁၅ ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

 

ဒါကြောင့် ကျွန်တော်တို့အညွှန်းကိန်းက အရင်တုန်းက ၂၀၁၉ ခုနှစ်မှာ အဆင့် ၁၃၆ ရှိရာက၂၀၂ဝ အစီရင်ခံစာမှာ အဆင့် ၁၂၅ အထိ တိုးတက်လာခြင်းဖြစ်ပါတယ်။

 

အစီအစဉ်မှူး။   ။ Ease of Doing Business 2020 အစီရင်ခံစာမှာ Enforcing Contracts Indicator ဆိုင်ရာအထောက်အကူပြုအဖွဲ့မှာ ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံးအနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ပြုပြင်ပြောင်းလဲပြီး အဆင့်နဲ့ရမှတ်တွေ တိုးတက်အောင် ဘယ်လိုဆောင်ရွက်ခဲ့တယ်ဆိုတာ ရှင်းပြပေးပါဦး။

 

​​​​​​mdn

ဒေါ်ထားထား။ ။Enforcing Contracts Indicatorရဲ့ အထောက်အကူပြုအဖွဲ့မှာ ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံး ညွှန်ကြားရေး မှူးချုပ်က ခေါင်းဆောင်အဖြစ်ပါဝင်ပြီး ကျွန်မက အတွင်း ရေးမှူးအနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီအညွှန်းကိန်းတစ်ခု လုံးဟာ တရားစီရင်ရေး လုပ်ငန်းနဲ့တိုက်ရိုက်သက်ဆိုင် နေတဲ့ အညွှန်းကိန်းတစ်ခုဖြစ်ပါတယ်။

 

ဥပမာဆိုရင် လူအချင်းချင်း ဒါမှမဟုတ် ကုမ္ပဏီ တွေအချင်းချင်း စီးပွားရေး ကူးသန်းရောင်းဝယ်ရာကနေ ပြဿနာဖြစ်လာပြီ၊ တရားမကြီးမှု စတင်စွဲဆိုတဲ့ အချိန်ကနေစပြီး ဇာရီမှုပြီးပြတ်တဲ့ အချိန်အထိ တစ်နည်းဆိုရမယ်ဆိုရင် တရားလိုက သက်သာခွင့်စတင်တောင်းတဲ့ အချိန်ကနေ သူ့လက်ရောက်ရတဲ့ အချိန်အထိ ကြာမြင့်ချိန်၊ ကုန်ကျစရိတ်၊ ပြန်လည်ရရှိမယ့် ရာခိုင်နှုန်းတွေကို အခြေခံပြီး တရားစီရင် ဆောင်ရွက်မှု အရည်အသွေးကို တိုင်းတာတဲ့ အညွှန်းကိန်း ဖြစ်ပါတယ်။

 

ဒီအညွှန်းကိန်းအတွက် ပေးမှတ် ၁၈ မှတ်ဖြစ်ပြီး ကျွန်မတို့ပြီးခဲ့တဲ့နှစ်က ၄ မှတ်ရရှိကာ ယခုနှစ်တော့ ၃ မှတ် ရရှိထားပါတယ်။ ဒီလိုအမှတ်တိုးတက်လာခြင်းရဲ့ အဓိက အချက်ကတော့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်တရားရုံးတွေမှာ ပြီးပြတ်တဲ့ တရားမ မူလအမှုတွေရဲ့ကြာမြင့်ချိန်၊ ပြီးပြတ်မှုနှုန်းတွေကို ကျွန်မတို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဝက်ဘ်ဆိုက်မှာ လွှင့်တင်နိုင်ခဲ့တာလည်း ရှိပါတယ်။ နောက်တစ်ချက်က ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၈ ခုနှစ် တရားရုံးနှစ်စဉ် အစီရင်ခံစာမှာလည်း ဒီအချက်တွေကို ထည့်သွင်းဖော်ပြ နိုင်ခဲ့ပါတယ်။ အဲဒီလို ဝက်ဘ်ဆိုက်မှာ လွှင့်တင်နိုင်ခြင်း၊ တရားရုံးနှစ်စဉ် အစီရင်ခံစာမှာ ထုတ်ပြန်နိုင်ခြင်းတွေဟာ တရားစီရင်ဆောင်ရွက်ချက်တွေကို ပြည်သူတွေက အလွယ်တကူ သိရှိနိုင်တယ်ဆိုပြီး ကမ္ဘာ့ဘဏ်က ပွင့်လင်း မြင်သာမှုအနေနဲ့ အမှတ်ပေးတာဖြစ်ပါတယ်။

 

အစီအစဉ်မှူး။   ။ Doing Busines Reform ဆောင်ရွက်ရာမှာ ဘယ်အချက်တွေကို ရှာဖွေတွေ့ရှိခဲ့သလဲ၊ နောက်ပြီး ၂၀၂၁ အစီရင်ခံစာမှာရော Enforcing Contracts Indicator ဆိုင်ရာ အထောက်အကူပြုအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ Doing Business အဆင့်နဲ့ ရမှတ်တွေတိုးတက်အောင် ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင် သွားဖို့ရှိပါသလဲ။

 

ဒေါ်ထားထား။  ။ ယခင်နှစ်က ပြုပြင်ပြောင်းလဲမှု ၄ ခုကို ချမှတ်ခဲ့ပါတယ်။ အဲဒီပြုပြင်ပြောင်းလဲမှု ၄ ခုထဲက ၃ ခုကို အညွှန်းကိန်း တိုင်းတာသတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မအစောတုန်းက ရှင်းပြတဲ့ အညွှန်းကိန်းတစ်ခုပဲ အမှတ်ရရှိခဲ့ပါတယ်။ ကျန်တဲ့ဆောင်ရွက်ချက်၂ ခုကတော့ အမှတ်ရရှိခဲ့ခြင်း မရှိပါဘူး။ အမှု စစ်ဆေးစီရင်ရန် စံအချိန်ကာလ သတ်မှတ်ခြင်းနဲ့ အမှုရွှေ့ဆိုင်းမှု မူဝါဒချမှတ်ခြင်း အဲဒီ တစ်ချက်၊ နောက်ပြီး ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ မှုခင်းများကို ထုတ်ပြန်ခြင်းတို့ ဖြစ်ပါတယ်။ အဲဒီ ၂ ချက်ကတော့ အမှတ်မရ ရှိခဲ့ပါဘူး။

 

အမှုစစ်ဆေးစီရင်ရန် စံအချိန်ကာလ သတ်မှတ်ခြင်းနဲ့ အမှုရွှေ့ဆိုင်းနှုန်းတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်မတို့ပြည်ထောင်စု တရားလွှတ်တော်ချုပ်က မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက် လို့ အမိန့်ကြော်ငြာစာ(၆၄၉/ ၂၀၁၈)ကို ၁-၈-၂၀၁၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

 

အဲဒါကြောင့် မှုခင်းစီမံခန့်ခွဲမှုပြုတဲ့ တရားရုံးတွေက အချိန်စံနှုန်းနဲ့အညီ မှုခင်းတွေကို ဘယ်လောက် ဆုံးဖြတ်နိုင်တယ်ဆိုတဲ့အကြောင်း၊ အမှုရွှေ့ဆိုင်းတဲ့ အချိန်တွေကို လွယ်လွယ်နဲ့ မပေးဘူးဆိုတာတွေကို ကြိုးစားပြီး ဆက်လက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဓိကတင်ပြချင်တာက ကမ္ဘာ့ဘဏ်က တိုင်းတာတဲ့အခါ လက်ရှိအခြေအနေတွေကို ကြည့်ပြီး တိုင်းတာအမှတ်ပေးတဲ့အတွက် အမှုသည်တွေ၊ ရှေ့နေတွေ အနေနဲ့လည်း လက်ရှိအခြေအနေတွေကို ဖြေကြားတဲ့အခါ အလွန်အရေးကြီးပါတယ်။ အဲဒါကြောင့် ဒီနှစ်မှာတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေနဲ့ လုပ်ဆောင်ချက်တွေကို အသေးစိတ် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ ဖြေကြားတဲ့သူတွေကလည်း ထုတ်ပြန်ချက်တွေကို သေသေချာချာ မှန် မမှန် စိစစ်လေ့လာပြီးမှ ဖြေကြားပေးစေလိုပါတယ်။

 

နောက်တစ်ချက်က ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ မှုခင်းတွေကို ထုတ်ပြန်ခြင်းနဲ့ ပတ်သက်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ရောက်ရှိလာတဲ့ ခရိုင်တရားရုံး၊ တရားလွှတ်တော်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွေရဲ့ စီရင်ချက်တွေကို ကျွန်မတို့က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ ဝက်ဘ်ဆိုက်မှာ ထုတ်လွှင့်တာ ဖြစ်ပါတယ်။

 

ဒါပေမယ့် ကမ္ဘာ့ဘဏ်ကကျတော့ ကျွန်မတို့ရဲ့ ထုတ်လွှင့်ချက်တွေဟာဆိုရင် နယ်မှုခင်းတွေ တင်တာနည်းပါးတယ်ဆိုတဲ့ အချက်ရယ်။ နောက်ပြီး ၂၀၁၉ ခုနှစ်က အမှုတွေမပါဘူး၊ မြို့နယ်အဆင့်က အမှုတွေ မပါဘူးဆိုပြီး ဒီပြုပြင်ပြောင်းလဲမှုကို ကျွန်မတို့ကို အမှတ်မပေးခဲ့ပါဘူး။ နောက်ပြီး အချိန်မီ ဆောင်ရွက်နိုင်ခြင်း မရှိတဲ့ ပြောင်းလဲမှုတစ်ခုရှိပါတယ်။ အကြိုညှိနှိုင်း အစည်းအဝေးတွေကို မှုခင်းစီမံ ခန့်ခွဲမှုစနစ်မှာ ထည့်သွင်းအသုံးပြုခြင်းဖြစ်ပါတယ်။

အဲဒါကကျတော့ သတ်မှတ်ထားတဲ့ တရား ရုံးမှာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ တရားရုံးကတော့ လသာမြို့နယ် တရားရုံးဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလသာမြို့နယ် တရားရုံးက ဇူလိုင်လ ၁ရက် ၂၀၁၉ ခုနှစ်ကစပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး၊ အနောက်ပိုင်းခရိုင်တရားရုံးနဲ့ အဲဒီခရိုင်အတွင်းမှာ ရှိတဲ့မြို့နယ်တရားရုံးတွေ အားလုံးကို မှုခင်း စီမံခန့်ခွဲအ စီအစဉ်တွေ စတင်ဆောင်ရွက်နေတဲ့အတွက် လသာမြို့နယ် တရားရုံးကလည်း အကျုံးဝင်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် နောင်နှစ်မှာ တစ်မှတ်ရမယ်လို့မျှော်လင့်ပါတယ်။

 

မှုခင်းစီမံခန့်ခွဲမှုစနစ်ကို ၂၀၁၅ ခုနှစ်က စပြီး ရှေ့ပြေးတရားရုံးအနေနဲ့ ၃ ရုံး စမ်းသပ်ဆောင်ရွက်ခဲ့ပါတယ်။ အခု ၂၀၁၉ ခုနှစ်မှာ ၄၈ ရုံးအထိ တိုးချဲ့ ဆောင်ရွက်လာနိုင်ပြီဖြစ်ပါတယ်။ နောင်နှစ်တွေမှာလည်း ဆက်ပြီးတိုးချဲ့ဆောင်ရွက်ဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။

 

ဒီစနစ်က ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာက အသိအမှတ်ပြု လက်ခံထားတဲ့စနစ်ဖြစ်ပြီး တရားစီရင်ရေး အရည်အသွေးကို မြှင့်တင်နိုင်မှာဖြစ်လို့ သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။

 

အစီအစဉ်မှူး။   ။ Easeof Doing Business2020 အစီရင်ခံစာမှာ၊ ပုဂ္ဂလိက ကဏ္ဍက ဦးဇေယျသူရမွန် အနေနဲ့ ဘယ်လိုအခန်းကဏ္ဍက ပါဝင်ပြုပြင်ပြောင်းလဲပြီး အဆင့်နဲ့ရမှတ်တွေ တိုးတက်အောင် ဆောင်ရွက်ခဲ့တယ်ဆိုတာကို ပြောပြပေးပါဦး။

 

​​​​​​mdn

ဦးဇေယျသူရမွန်။          ။ ၂၀၂၀ မှာ အဆင့်တက်တာကို တွေ့ရတယ်။ ကျွန်တော်တို့ အားရသင့်သလောက် အားရပါတယ်။ ဒါပေမယ့် လိုအပ်တဲ့အချက် တွေလည်းရှိပါတယ်။ ၂၀၂၀မှာ အဆင့်ဒီလောက် တက်လာဖို့အတွက် ဘယ်လိုလုပ်ခဲ့ရသလဲ ဆိုတော့ ကျွန်တော်တို့အနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစတင်ပြီး UMFCCI က ကျွန်တော်တို့ကို တာဝန်ပေးလိုက်တယ်။ ဒီအစည်းအဝေးတစ်ခု သွားတက်ပြီဆိုရင် ကျွန်တော်တို့ ဒီလို Random အစည်းအဝေး တက်လို့ရတဲ့လုပ်ငန်းမျိုး မဟုတ်ဘဲ တကယ်တမ်း ထဲထဲဝင်ဝင် နက်နက်နဲနဲ ပညာရပ်ဆိုင်ရာမှာ ကျွမ်းကျင်မှုရှိမှ ရမယ်ဆိုတဲ့အတွက်ကြောင့် ကျွန်တော် တစ်ယောက်တည်းနဲ့ မဖြစ်တော့ဘူး။

 

နောက်တစ်ချက်က ဒီအစည်းအဝေးကို လည်း UMFCCI က ဒီနေ့ ဒီတစ်ယောက်လွှတ် နောက်နေ့ အခြားတစ်ယောက် လွှတ်ဆိုရင်လည်း အဆင်ပြေမှာ မဟုတ်ဘူးဆိုတာတွေ့တဲ့အခါ ကျွန်တော်တို့ UMFCCI မှာ သူ့သက်ဆိုင်ရာ EC တွေ၊ CEC တွေရဲ့ တာဝန်တွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာမှ ကျွန်တော်တို့မှာလည်း အခြားတာဝန်တွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်က တခြားတာဝန်တွေကို အကုန်ဖြတ်ချလိုက်ပြီး ဒီတာဝန်ကိုတော့ ကျွန်တော် နက်နက်နဲနဲ ယူပေးမယ်ဆိုပြီး တာဝန်ခံလိုက် ပါတယ်။

 

ပြီးတော့ ကျွန်တော်တစ်ယောက်တည်းနဲ့ မပြီးဘူး။ Team တစ်ခုဖွဲ့လိုက်ပါတယ်။ ကျွန်တော့်အဖွဲ့မှာ လူလေးယောက်လောက် ရှိပါတယ်။ အားလုံး Master Level တွေဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းလုပ်ရာမှာ ရှိတဲ့ Procedures တွေအကုန်လုံးကို နားလည်တဲ့ Senior Team Members လေးယောက်ရှိတယ်။ အဲဒီလေးယောက်နဲ့ ကျွန်တော်စဉ်ဆက်မပြတ် အစည်းအဝေးတက်တယ်။ ဌာနဆိုင်ရာတွေနဲ့ အစည်းအဝေး လုပ်တာရှိတယ်။ ကမ္ဘာ ဘဏ်ကလူတွေနဲ့ အစည်းအဝေး လုပ်တာရှိတယ်။ နောက်ပြီး ပုဂ္ဂလိက ကဏ္ဍတွေနဲ့တွေ့ ဆုံရတဲ့အစည်းအဝေးတွေ လုပ်တာရှိတယ်။

 

အဲဒီလို အစည်းအဝေးတွေကို ကျွန်တော်တို့ မတက်မဖြစ်တက်ပြီး စာတွေလည်း အများကြီးဖတ်ပြီး နောက်ဆုံးသူတို့ရဲ့ Case Study ကိုနားမလည်ရင်၊ ကျွန်တော်တို့ရဲ့ Response က မှားသွားရင် ဒါမှမဟုတ်လျှော့ပြီး ဖြေလိုက်ရင် အမှတ်က နည်းမှာဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းနေပေမယ့်လည်း ကျွန်တော်တို့ရဲ့ Record ကို မှန်မှန်ကန်ကန် မပေးနိုင်ရင် ကျွန်တော်တို့က အဆင့်ရမှာ မဟုတ်ပါဘူး အဲဒါတွေက ဘယ်မှာတွေ့ခဲ့ရသလဲဆိုတော့ အရင်ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်တော်တို့က တွေ့ခဲ့ရတယ်။ မှတ်မိပါလိမ့်မယ်။ အဆင့် ၁၇၁၊ နောက်တစ်နှစ်လည်း အဆင့် ၁၇၁ ပဲ။ အဆင့် အပြောင်းအလဲမရှိဘူး။ ဒီနှစ်မှာမှ ၁၆၅။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ကမ္ဘာ့ဘဏ်ရဲ့ ဒေတာတွေကို မှန်အောင်အရင်လုပ်ရတယ်။ ကျွန်တော်တို့စစချင်း စတည်လိုက်တဲ့ အခါ အချက် ၃ ခုနဲ့ တည်ပါတယ်။ ပထမတစ်ခု က True Reflection ကျွန်တော်တို့နိုင်ငံရဲ့ ပကတိအနေအထားနဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံ စာကို ကျွန်တော့်အနေနဲ့ ဖတ်လိုက်တဲ့အခါ စီးပွားရေး တကယ်လုပ်တဲ့သူတွေနဲ့ သူတို့ရေးထားတာတွေနဲ့ မမှန်ဘူးဖြစ်နေတယ်။

 

သူတို့ရေးထားတာတွေက ကျွန်တော်တို့က တော်တော်ပဲခက်နေတယ်။ တော်တော်ကြီး Procedure တွေများနေတယ်။ အချိန်တွေ ကုန်နေတယ်။ ပိုက်ဆံတွေ ကုန်နေတယ်ဆိုတဲ့ Record ဖြစ်နေတယ်။ ပကတိအမှန်နဲ့ လွဲနေတဲ့အတွက် ပကတိအမှန်နဲ့တူအောင် ပထမဆုံး စလုပ်ရပါတယ်။ ပြီးတော့မှ ကျွန်တော်တို့က ချက်ချင်းလက်ငင်း ဘာတွေပြင်လို့ရမလဲဆိုတာ ဌာနဆိုင်ရာတွေကို ပြောပါတယ်။ ဒါလေးကတော့ မြန်မြန်လေးပြင်လို့ရတယ်။ ဒါလေးကတော့ လွယ်လွယ်လေး။ အဲဒီတော့ ဝက်ဘ်ဆိုက် တင်လိုက်ရင် အမှတ်ရပါတယ်။ အဲဒီလိုဒေတာတွေ၊ သတင်းအချက်အလက်တွေ ကျွန်တော်တို့က လုပ်ပါတယ်။ အခုတော့ ကျွန်တော်တို့  Continuous Improvement ဘက်ကိုရောက်နေပါပြီ။

 

ဒါကြောင့် ဒီနှစ်က သိသိသာသာလေး ဖြစ်လာတာပါ။ ဒီဟာတွေ လုပ်တဲ့အတွက် ပြုပြင်ပြောင်းလဲမှု အကောင်းဆုံး ကမ္ဘာ့ထိပ်တန်းနိုင်ငံ ၂၀ ထဲမှာ ပါသွားတယ်။ အဓိက ဘာလုပ်ခဲ့သလဲဆိုတော့ မြန်မာနိုင်ငံရဲ့ ပကတိအနေ အထား၊ True Reflection ကို ကမ္ဘာ့ဘဏ်ရဲ့ Record တွေမှာ ပါအောင်လုပ်ခဲ့တယ်။ ပြီးရင် ကျွန်တော်တို့က ချက်ချင်းလက်ငင်း ပြင်လို့ရတာတွေကို တစ်နှစ်အတွင်းမှာ ဌာနဆိုင်ရာတွေက ပြင်ဆင်ခဲ့တယ်။ ပြီးတော့မှ ကျွန်တော်တို့က ရေရှည်ရှေ့လျှောက် ဘာတွေလုပ်ကြမလဲဆိုတဲ့ အချက်တွေကို သိရှိလာတယ်။ အခုက တကယ့်လမ်းမှန်ပေါ်ကို ရောက်သွားတယ်။ အရင်တုန်းက ကျွန်တော်တို့က လည်နေတယ်။ ကမ္ဘာ့ဘဏ်က ဘာလိုချင်မှန်းလဲမသိ၊ ကျွန်တော်တို့ပြောတာလည်း ကမ္ဘာ့ဘဏ်က နားမလည် အဲဒီလိုတွေ ဖြစ်နေတယ်။ ကျွန်တော်အချက်တစ်ချက် highlight လုပ်ချင်တယ်။ ဥပမာ ကျွန်တော်တို့ကို အမှတ်လျော့စေတဲ့ အချက်တစ်ချက် ကထင်ထင်ရှားရှားပေါ့လေ။ Metropolitan Water Authority စီးပွားရေးလုပ်ငန်း တစ်ခုက သွယ်တန်းချင်ရင် Metropolitan Water Authority ကိုသွားရတယ်ဆိုပြီး ကမ္ဘာ့ဘဏ်ရဲ့ Record မှာ ရေးထားတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အဲဒီဌာနရှိကို မရှိတာ။ အဲဒီလိုမျိုးတွေ ကျွန်တော်တို့က ဖြေရှင်းရတာ ဖြစ်ပါတယ်။

 

စောစောကလို ဒေတာတွေက ရှိလား ဆိုတော့ရှိတယ်။ ဒါပေမယ့် ဝက်ဘ်ဆိုက်မှာ မရှိတဲ့အတွက် အမှတ်မရဘူး။ အဲဒီတော့ ဝက်ဘ်ဆိုက်ကို တင်လိုက်တယ်။ ဝက်ဘ် ဆိုက်တင်တာ ချက်ချင်းတင်လို့ရတယ်။ အဲဒီလိုမျိုးတွေ ကျွန်တော်တို့က လုပ်ကြည့်တယ်။ အဲဒီလိုလုပ်ခြင်းကြောင့် ကျွန်တော်တို့က သိသိသာသာ ပြုပြင်ပြောင်းလဲမှု အကောင်းဆုံး ကမ္ဘာ့ထိပ်တန်း နိုင်ငံ ၂ဝ ထဲမှာ ပါဝင်လာတယ်။ အဲဒါကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပဏာမအနေနဲ့ ပြောကြားလိုပါတယ်။

 

အစီအစဉ်မှူး။   ။ကျွန်တော်တို့အခုနှစ်အမှတ်နဲ့အဆင့်တွေ တိုးတက်လာတာ အညွှန်းကိန်း ၅ ခုမှာပဲလို့ သိရပါတယ်။ ကျန်တဲ့ မတိုးတက်သေးတဲ့ အညွှန်းကိန်း ၅ ခုကို တိုးတက်အောင် ဘယ်လိုပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်မယ်။ ဘာကြောင့် တိုးတက်မှုတွေ နှေးကွေးတာလဲဆိုတာ ရှင်းပြပေးပါဦးခင်ဗျာ။

 

ဦးအောင်စိုး။     ။နှေးကွေးရတဲ့ အကြောင်းက သူတို့ ပြုပြင်ပြောင်းလဲမှု လုပ်ရာမှာ ခက်ခဲတဲ့အပိုင်း၊ အကန့်အသတ်တွေ ရှိနေတာလေးတွေကြောင့်လို့ ပြောလို့ရပါတယ်။ တချို့ကျတော့ လွယ်လွယ်ကူကူ လုပ်လို့မရဘူး။ ဥပမာ -ဥပဒေနဲ့ ဆက်စပ်တာတွေရှိတယ်။ ဥပဒေပြင်ရမှာတွေ ရှိတယ်။ အဲဒီလိုဥပဒေနဲ့ ဆက်စပ်တာတွေကျရင် ချက်ချင်းလုပ်လို့ မရဘူး။ အဲဒါလေးကို အချိန်ယူရတယ်။ နောက်ပြီး တချို့ကျတော့ Infrastructure တွေပြုပြင်ရမှာတွေ ရှိတယ်။ ကွန်ပျူတာစနစ်တွေ တပ်ဆင်ရမှာတွေရှိတယ်။ ဒီအပိုင်းတွေကျတော့ ကြာတယ်။ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ယူရတာတွေ ရှိတယ်။ တချို့ကျတော့ စပြီးစနစ်တစ်ခုကို သုံးလိုက်ပေမယ့် ဒီစနစ်ကို သုံးတဲ့လုပ်ငန်း ရှင်တွေက ချက်ချင်း နားမလည်သေးတဲ့အတွက် အပြည့်အဝ မသုံးသေးဘူး။ သုံးတဲ့ ရာခိုင်နှုန်း နည်းတယ်ဆိုရင် သူတို့က အမှတ်မပေးသေးဘူး။ ဒီလိုအချက်တွေ မျိုးစုံရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဥပဒေ တစ်ခုဆွဲမယ်ဆိုရင်လည်း ဥပဒေရဲ့ Process က ကြာတယ်။ အဆင့်ဆင့်လုပ်ရ တယ်။ လွှတ်တော်တွေကို ဖြတ်သန်းရတယ်။ ဒါတွေက အချိန်ယူရတယ်။ တစ်ချိန်ကျရင် ပြီးသွားရင်တော့ အကျိုးသက်ရောက်မှုဖြစ်ပြီး တိုးတက်မှုရရှိမှာပါ။ တချို့မရသေးတဲ့ အချက်တွေက အဲဒါလေးတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

 

တချို့ဟာတွေ ရပြီးသားအချက်တွေကလည်း လျော့လို့မရဘူး။ ကျွန်တော်တို့ နည်းနည်းလေး ပေါ့သွားရင်ကြာသွားမယ်၊ ခက်သွားမယ်ဆိုရင် အမှတ်က ပြန်လျော့နိုင်တယ်။ ဒါကြောင့် အမြဲတမ်းကို ကျွန်တော်တို့က ကြိုးစားနေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်စဉ်လက်ရှိ အခြေအနေကနေ ရေတိုတစ်နှစ်အတွင်းမှာ ဘာတွေပြုပြင်ပြောင်းလဲရင် အကျိုးသက်ရောက်မယ် ဆိုတာတွေကိုလည်း ကျွန်တော်တို့က စာရင်းပြုစုတယ်။ ရေရှည် သုံးနှစ်၊ ငါးနှစ်လုပ်ရမှာတွေကိုလည်း ပြုစုတယ်။ ပြီးရင် Action Plan ဆွဲတယ်။ ဆွဲပြီးမှ ကျွန်တော်တို့က သက်ဆိုင်ရာ အညွှန်းကိန်းတွေကို အကောင်အထည် ဖော်တာ ဖြစ်ပါတယ်။ ။

 

ဖော်ရာမှာလည်း သူတို့လုပ်ချင်တဲ့ ပြုပြင်ပြောင်းလဲမှုကို စာရင်းပြုစုပြီး ကမ္ဘာ့ဘဏ်က ပညာရှင်တွေနဲ့ တိုင်ပင်တယ်။ သူတို့ကလည်း လာတယ်။ တစ်ဖွဲ့ချင်းတွေ့တယ်။ တစ်ခါတလေ သူတို့က ဝါရှင်တန်နဲ့ မြန်မာနိုင်ငံ Video Conferencing လုပ်ပြီး တိုင်ပင်ဆွေးနွေးတာလည်းရှိတယ်။ သူတို့ က အကြံပေးတယ်။

 

မြန်မာက လုပ်ချင်တဲ့ ပြုပြင်ပြောင်းလဲမှုက ဥပမာ အညွှန်းကိန်းတစ်ခုမှာ ၁၀ ခုရှိတယ်ဆိုပါတော့ သူတို့အမြင်အရ ဒါကိုပြုပြင်ပြောင်းလဲမှု လုပ်တယ်လို့ သူတို့ရဲ့ အဓိပ္ပာယ် သတ်မှတ်ချက်နဲ့ မကိုက်ညီဘူး။ ဒါကတော့ မရဘူး။ ဒါကတော့ရမယ်။ အဲဒီရမယ်ဆိုတဲ့ဟာတွေကို ကျွန်တော်တို့က Action Plan Dogs ထဲမှာ ထည့်လိုက်တယ်။ ဖြစ်နိုင်တာကို ဒီနှစ်အတွင်းမှာဖြစ်အောင်လုပ်တယ် စသဖြင့် အဲဒီလိုနည်းနဲ့ တိုးတက် အောင် လုပ်တယ်။

 

အခုကျန်ခဲ့တဲ့ ငါးခုကလည်း သူ့အတိုင်းအတာအလျောက် လုပ်တော့နေကြတယ်။ slouous papego output 1 Result မရသေးတဲ့အတွက် တိုးတက်မှုထဲမှာ မပါဘူး။ ကျန်တဲ့အညွှန်းကိန်း ငါးခုမှာ ပြုပြင် ပြောင်းလဲမှု လုပ်လိုက်နိုင်တာနဲ့တင်ကျွန်တော်တို့က ကမ္ဘာမှာပြုပြင်ပြောင်းလဲမှု အကောင်းဆုံး Top 20 Reformer နိုင်ငံထဲမှာ ပါသွားပြီး ဒီအဆင့်ကို တက်လာတာ ဖြစ်ပါတယ်။ အဲဒါမျိုးရအောင် ကျွန်တော် တို့ကလည်း ဆက်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒါ့အပြင်လည်း အခြားသော သူများနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ Mechanism တွေကို လေ့လာနေပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ အသုံးချသွားဖို့ရှိ ပါတယ်။

 

အစီအစဉ်မှူး။   ။ကျွန်တော်တို့ ဒီနေ့ပြုလုပ်သွားတဲ့ စီးပွား ရေးစကားဝိုင်းအစီအစဉ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ Ease of Doing Business အကြောင်းအရာနဲ့ ပတ်သက်လို့ ဆွေးနွေးသွားတဲ့ ပထမပိုင်းအစီအစဉ်ပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ဒုတိယပိုင်းမှာစီးပွားရေးနဲ့ ပတ်သက်လို့ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးသွားမယ် ဆိုတာ ဆက်လက်ပြီး စောင့်မျှော်ကြည့်ရှုကြပါဦး ခင်ဗျာ။ ။