စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)မှ သင်တန်းသူများအား ရန်ကုန်စတော့အိတ်ချိန်း၌ လက်တွေ့လုပ်ငန်ခွင်သင်တန်းများ သင်ကြားပို့ချပေးနေ

ရန်ကုန် ၁၆ အောက်တိုဘာ

 

စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) ဝါဏိစ္စဗေဒ တတိယနှစ် သင်တန်းသူများအား ရန်ကုန်စတော့အိတ်ချိန်း၌ လက်တွေ့လုပ်ငန်ခွင်သင်တန်းများ လက်ခံသင်ကြားပို့ချပေးလျက်ရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။

 

ယခုအခါ ရန်ကုန်စတော့အိတ်ချိန်းရှိ လက်တွေ့လုပ်ငန်းခွင်သင်တန်းသို့ လာရောက်လေ့ကျင့်သင်ယူနေသော ကျောင်းသူ ၁၀ ဉီးရှိပြီး သင်တန်းကာလမှာ အောက်တိုဘာ ၁၆ ရက်မှ ၃၁ ရက်အထိ သီတင်း ၂ ပတ်ခန့်ကြာမြင့်မည်ဖြစ်ကာ သင်တန်းချိန် ၃၃ ချိန်တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

 

ကျောင်းသား ကျောင်းသူများအား လက်တွေ့လုပ်ငန်းခွင်သင်တန်းများ ပို့ချနေမှုနှင့်ပတ်သက်၍ ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင်အကြီးတန်းမန်နေဂျာ ဉီးသက်ထွန်းဉီးက “အခုအစီအစဉ်ကတော့ ကျွန်တော်တို့ ရန်ကုန်စတော့အိတ်ချိန်းအနေနဲ့ ဒုတိယအကြိမ်မြောက် လက်ခံသင်ကြားပေးခြင်း ဖြစ်ပါတယ်။ ကလေးတွေအနေနဲ့က စတော့အိတ်ချိန်းရဲ့ ပညာရပ်တွေကို လက်တွေ့ကော၊ စာတွေ့ကော လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။ ကလေးတွေ ဘွဲ့ရပြီးတော့ နောင်တစ်ချိန် စတော့ရှယ်ယာဈေးကွက်ကို စိတ်ဝင်စားလို့ လာချင်တယ်ဆိုသူတို့အတွက် ပိုပြီးတော့ ဒီဈေးကွက်အကြောင်း ပိုမိုသဘောပေါက်သွားတာပေါ့။ ဆရာတွေပြန်လုပ်မယ်ဆိုလဲ ဈေးကွက်အကြောင်းကို ပိုပြီးတော့ ကျွမ်းကျင်တဲ့သူတွေ ဖြစ်သွားတာပေါ့။ ဒီဈေးကွက်ရဲ့ အခြေခံအားလုံးကို ကလေးတွေသိအောင် ပို့ချပေးလိုက်တာပါ” ဟု ပြောကြားသည်။

 

စီးပွားရေးတက္ကသိုလ်၏ အထူးပြုဘာသာရပ်များတွင် သင်ကြားနေကြသော ကျောင်းသား ကျောင်းသူများအား ပိုမိုအရည်အချင်း ပြည့်ဝလာစေရန် စာတွေ့၊ လက်တွေ့ ပေါင်းစပ်သင်ယူနိုင်သော လက်တွေ့လုပ်ငန်းခွင်များသို့ စေလွှတ်လေ့ကျင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသိုဆောင်ရွက်ခြင်းဖြင့် ကျောင်းသား ကျောင်းသူများသည် စာတွေ့သင်ကြားမှုနှင့် လက်တွေ့လုပ်ငန်းခွင်အကြောင်းကို လေ့လာသင်ယူနိုင်ပြီး အသိပညာ အတတ်ပညာများကို ပိုမိုသိရှိလာစေမည်ဖြစ်သည်။ ထို့ပြင် လုပ်ငန်းများအတွက် လိုအပ်နေသော အရည်အချင်းပြည့်ဝသည့် လုပ်သားကောင်းများရရှိစေရန် အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

 

သင်တန်းသားများအား သင်တန်းကာလအတွင်း ရန်ကုန်စတော့အိတ်ချိန်းရှိ ဌာနအားလုံးမှ ဆရာများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- ထိန်လင်း