စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးအား ၁၈-၈-၂၀၂၃ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ CRI Myanmar သတင်းဌာနမှ တွေ့ဆုံမေးမြန်းခြင်း

မေး။   ။        ပြည်ထောင်စုဝန်ကြီးက ကွမ်ကျိုးခရိုင်ရဲ့တယ်ဟုန် လွတ်လပ်စွာကုန်သွယ်ရေးဇုန်တွေကို သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် တည်ဆောက်ဖို့အတွက် ဘယ်လိုအတွေးအမြင်တွေ ရှိပါသလဲ။ ပြီးတော့ တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် ဘယ်လိုအတွေးအခေါ်တွေ ရှိပါသလဲရှင်။

ဖြေ။    ။        ကျွန်တော်ပြီးခဲ့တဲ့ မေလတုန်းက ယူနန်ကိုတစ်ခေါက်ရောက်ပါတယ်။ ဒီရောက်ရင်းနဲ့ ကျွန်တော်တယ်ဟုန်ကိုသွားပြီး တယ်ဟုန်ဒေသမှာ ကျွန်တော်တို့နှစ်နိုင်ငံ လုပ်နေတဲ့ နယ်စပ်ကုန်သွယ်မှုကိစ္စတွေကို သွားရောက်ပြီးတော့ကြည့်ရှုခဲ့ပါတယ်။ အဲဒီမှာဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို တတ်နိုင်သမျှဖြေရှင်းပေးခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကမူဆယ်နဲ့ရွှေလီမှာ ကျွန်တော်တို့နှစ်နိုင်ငံနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်အကောင်အထည်ဖော်ဖို့ ရှိပါတယ်။ အဲဒါကနှစ်နိုင်ငံအစိုးရတွေ သဘောတူညီထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားတော့ လုပ်ငန်းတွေက ရှေ့သိပ်ပြီးတော့ ခရီးမရောက်ခဲ့ဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က နယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်အကောင်အထည်ဖော်ရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံဘက်မှာ လိုအပ်တဲ့ကော်မတီ၊ ဝန်ကြီးဌာနအသီးသီးက ပုဂ္ဂိုလ်တွေပါတဲ့ကော်မတီတွေ ကျွန်တော်တို့ဖွဲ့စည်းထားပါတယ်။ အဲဒီကို ကျွန်တော်တို့ကော်မတီက တရုတ်နိုင်ငံကဖွဲ့ထားတဲ့ကော်မတီနဲ့ ပူးပေါင်းပြီး ဆက်လက်အကောင်အထည်ဖော်မှာပါ။ အဲဒီတော့ ကျွန်တော်တို့က နှစ်နိုင်ငံနယ်စပ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန်ဆိုတာ တကယ်တမ်းတော့ လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန်ကြီးတစ်ခု ထူထောင်နိုင်ဖို့ဖြစ်ပါတယ်။ အဲဒီဟာက နှစ်နိုင်ငံလုံးအတွက် ကုန်သွယ်မှုအတွက်ရော၊ ရင်းနှီးမြှုပ်နှံမှုအတွက်ရော များစွာအထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကလည်း နှစ်နိုင်ငံနယ်စပ်မှာနေတဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အများကြီးကောင်းတဲ့ အစီအမံဖြစ်ပါတယ်။ အဲဒီတော့အနာဂတ်မှာ တရုတ်-မြန်မာနှစ်နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေက ကျွန်တော်တို့ နယ်စပ်ဒေသစီးပွားရေး လွတ်လပ်စွာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဇုန်နဲ့ဆက်စပ်ပြီး အများကြီးတိုးတက် ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ပါ တယ်။

မေး။   ။        အချို့သော အနောက်နိုင်ငံများက Belt & Road အဆိုပြုချက် နာမည်ရှိခြင်းဖြင့် တရုတ်နိုင်ငံပုံရိပ်ကို နာမည်ပျက်အောင် လုပ်ချင်နေကြပါ တယ်။ Belt & Road အဆိုပြုချက်အပေါ် ဘယ်လိုမြင်ပါသလဲရှင်။ အခုနှစ်က Belt Road အဆိုပြုချက် ကျင်းပခဲ့တဲ့ (၁၀) နှစ်ပြည့်ဖြစ်ပါတယ်။ တရုတ်-မြန်မာ Belt & Road အတူတကွ တည်ဆောက် ရာမှာ ဘယ်လိုထင်ရှားတဲ့ ရလဒ်တွေ ရရှိခဲ့ပါသလဲ။ မြန်မာနိုင်ငံကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လိုအကျိုး ပြုနေပါတယ်လို့ ယူဆပါသလဲရှင်။

ဖြေ ။   ။        Belt & Road စီမံကိန်းကအင်မတန် ကောင်းမွန်တဲစီမံကိန်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ Belt & Road နဲ့ ပတ်သက်ပြီး အထူးသဖြင့် တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာတာကို အချို့နိုင်ငံတွေကပုံရိပ်ပျက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ Belt & Road အပေါ် မှာ လူတွေ အထင်အမြင်လွဲအောင် လှုံ့ဆော်မှုတွေ လုပ်နေကြတာရှိလာပါတယ်။ သတင်းတွေ၊ မီဒီယာတွေကိအားပြုပြီးတော့ သတင်းတွေအမျိုးစုံထုတ်ခဲ့တယ်။ အထူးသဖြင့် Belt & Road Initiative က တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကြွေးမြီထောင်ချောက်ထဲကိုရောက်အောင် တွန်းပို့နေတယ်ဆိုပြီး မဟုတ်မမှန်သတင်းလွှင့်ပါတယ်။Belt& Road စီမံကိန်းက ဆယ်စုနှစ်၊ လိုအပ်ရင်ရာစုနှစ်ဒီလောက်ထိလုပ်ရမယ့်လုပ်ငန်းဖြစ်ပါတယ်။ ချက်ချင်းအကျိုးအမြတ်ပေါ်ဖို့မဖြစ်နိုင်ဘူး။ သို့သော်လည်း ချက်ချင်းအကျိုးအမြတ် မပေါ်တာလေးကို ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တရုတ်ပြည်ရဲ့ ထောင်ချောက်ကို တွန်းပို့နေတယ်ဆိုပြီး မမှန်မကန် ပြောဆိုနေတာကို တွေ့ရတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း Belt & Road စီမံကိန်းနဲ့ ပတ်သက်ပြီးပါဝင်ဆောင်ရွက်ဖို့ နှစ်နိုင်ငံအစိုးရသဘောတူ ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Belt & Roadနဲ့ ပတ်သက်ပြီးတော့ အစိုးရကလိုအပ်တဲ့ ကော်မတီဖွဲ့စည်းပြီးတော့ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံက Belt & Road Initiative မိမိနိုင်ငံတော်နဲ့ မိမိနိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားတွေအတွက် အကျိုးရှိမယ့်ကိစ္စမျိုးဆိုရင် အားလုံးပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လတ်တလောမှာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံလုပ်နေတာရှိပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံက အဓိကကတော့ တရုတ်နိုင်ငံ၊ တယ်ဟုန်-မူဆယ်-ရွှေလီ- မန္တလေးအထိ ရထားလမ်းကတော့ လူလည်းစီးလို့ရမယ်၊ ကုန်တင်လို့ရမယ်။ နောက်တစ်ခါ မန္တလေးကနေပြီးတော့ ကျောက်ဖြူအထိရထားလမ်းတစ်လမ်း၊ မန္တလေးမှရန်ကုန်အထိ ရထားလမ်းတစ်ခု၊ ဒီလိုဟာမျိုး ဒီစီမံကိန်းတွေထဲမှာပါတယ်။ အဲဒီစီမံကိန်းနဲ့ဆက်စပ်ပြီး စင်္ကြံတစ်လျှောက် ပြန်လည်ဖွံ့ဖြိုးမှုစီမံ ကိန်းတွေလည်းပါတယ်။ သို့သော် ဒီစီမံကိန်းက အင်မတန်ကြီးမားတဲ့ စီမံကိန်းကြီးဖြစ်ပါတယ်။ အဲဒါအတွက် ကျောက်ဖြူစီမံကိန်းက မကြာမီစတင် မယ့်အခြေအနေကို ရောက်နေပါတယ်။ စီမံကိန်းကြီးက တစ်ပြိုင်နက်တည်းသွားမယ်။ မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုအတွက်ရော၊ အလုပ်အကိုင်အတွက် ရော အများကြီး အကျိုးအမြတ်ရရှိမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

မေး။   ။        မြန်မာနိုင်ငံ အထည်ချုပ်စက်မှုလုပ်ငန်းရဲ့ အဓိကအားသာချက်က ဘာတွေဖြစ်မလဲလို့ ထင်ပါသလဲ။ တရုတ်-မြန်မာနှစ်နိုင်ငံ အထည်ချုပ် လုပ်ငန်းက RCEP စတဲ့ ယန္တရားတွေရဲ့ အောက်မှာ တံခါးဖွင့်လျက် ဘယ်လို အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်နေပါသလဲ။

ဖြေ။    ။        အထည်ချုပ်လုပ်ငန်းက မြန်မာနိုင်ငံရဲ့အားသာချက်က နံပါတ်(၁) ကျွန်တော်တို့ဆီမှာ လူငယ်လုပ်သားအင်အား အလုပ်လုပ်နိုင်တဲ့ လူတွေအများကြီးရှိပါတယ်။ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းထဲမှာ မြန်မာအမျိုး သမီးအများကြီး အလုပ်လုပ်ကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လုံလောက်တဲ့လုပ်သားအင်အား အများအပြားရှိပါ တယ်။ နံပါတ်(၂) အထည်ချုပ်လုပ်ငန်းမှာလုပ်တဲ့ အမျိုးသမီးတွေအများစုကလည်း အနည်းဆုံး အခြေခံပညာအလယ်တန်း၊ အထက်တန်းလောက်တတ်ကြပါတယ်။ တချို့လည်းဘွဲ့ရတယ်။ ပညာအရည်အချင်းက အတိုင်းအတာတစ်ခုထိ တတ်မြောက်ထားကြပါတယ်။ နောက် တစ်ချက်ကတော့ ကျွန်တော်တို့မြန်မာလူမျိုးတွေက သင်ရပြုရတာလွယ်ကူတယ်။ ကျွန်တော်မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်းတွေလုပ်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ ခဏခဏတွေ့ဖြစ်ပါတယ်။ တွေ့ဖြစ်တိုင်းကျွန်တော်မေးတယ်၊ မြန်မာနိုင်ငံက လုပ်သားတွေ ဘယ်လိုနေလဲ၊ သူတို့ပြောတာက မြန်မာနိုင်ငံကလုပ်သားတွေက သင်ရတာခဏလေးနဲ့ တတ်တယ်။ ကျန်တဲ့နိုင်ငံတွေမှာ အချိန်ယူရတဲ့ကိစ္စဆို မြန်မာလူမျိုးတွေက ခဏလေးနဲ့ တတ်မြောက်တယ်။ နောက်တစ်ခုက အားလုံးကအလုပ်ကြိုးစားတယ်။ ဒါက မြန်မာနိုင်ငံရဲ့အားသာချက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းတွေ မှာ ဘာတွေအားသာချက်ရှိလဲဆိုတော့ မြန်မာနိုင်ငံကချုပ်တဲ့ အထည်တွေကို ဥရောပနိုင်ငံကို Duty Free , Quota Free အကောက်ခွန်လည်း ဆောင်စရာမလိုဘူး၊ အရေအတွက်လည်း အကန့်အသတ် မရှိဘူး၊ ကျွန်တော်တို့က ပို့ပေးလို့ရတယ်။

ကျွန်တော်တို့ အထည်ချုပ်ကဏ္ဍမှာ ကြည့်လိုက်ရင် အနောက်နိုင်ငံကုမ္ပဏီကြီးတွေက လာရောက်ပြီး ဆောင်ရွက်နေတာအများကြီးရှိတယ်။ အထူးသဖြင့် ဟောင်ကောင်လည်းလာတယ်၊ ကိုရီးယားလည်းလာတယ်၊ ဂျပန်လည်လာတယ်၊ တရုတ်နိုင်ငံလည်းလာတယ်။ အခုလည်း ထပ်ပြီးတော့ လုပ်ငန်းတွေ ထပ်မံတိုးချဲ့ပြီး လုပ်နိုင်ဖို့ လျှောက်ထားတာတွေ အများကြီးရှိပါတယ်။ အဲဒီတော့ ဒါကမြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်တယ်။ နောက်တစ်ခုက RCEP မပေါ် ခင်ကတည်းက အာဆီယံနဲ့ဂျပန်၊ အာဆီ ယံနဲ့ ကိုရီးယား၊ အာဆီယံနဲ့ တရုတ်၊ အာဆီယံနဲ့ ဩစတြေးလျ၊ နယူးဇီလန် စတဲ့ သဘောတူညီချက်တွေ ရှိထားခဲ့ ပြီးသား၊ အဲဒီကတည်းက မြန်မာနိုင်ငံရဲ့အထည်တွေက အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်တဲ့နိုင်ငံတွေကို လွတ်လွတ်လပ်လပ်နဲ့ အရေအတွက်များများစားစား တင်ပို့တာတွေ့ရပါတယ်။ ကျွန်တော်တို့အထည်ချုပ်ကဏ္ဍက တော်တော်လေးကြီးထွားလာတယ်။ မနှစ်ကကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံရဲ့အထည်ချုပ်ကနေပြီးတော့မှ နိုင်ငံခြားကိုတင်ပို့တဲ့ တန်ဖိုးပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀၀ လောက်ရှိပါတယ်။ အဲဒီတော့ အထည်ချုပ်ကဏ္ဍအများကြီး အလားအလာကောင်းပါတယ်။

မေး။   ။        သမ္မတရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက်ထဲမှာ ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးခြင်းကို ဆွဲကိုင်ထားတဲ့ ပြည်သူလူထုဗဟိုပြုခြင်းကို ဆွဲကိုင်ထားခြင်း၊ လူသားနှင့်သဘာဝ သဟဇာတဖြစ်စွာ အတူယဉ်တွဲနေထိုင်ရေးကိုဆွဲကိုင်ထားခြင်း အဲဒီမှာထည့်သွင်း ပြောကြားခဲ့တယ်။ အဆိုပါ ဆွဲကိုင်ထားခြင်းသုံးရပ်အပေါ် ဘယ်လိုယူဆပါ သလဲ။ ပြီးတော့ တရုတ်နိုင်ငံက အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းမှာ ဆောင်ရွက်ချက်တွေအပေါ် ဘယ်လိုယူဆပါသလဲ။ မြန်မာနိုင်ငံအနာဂတ် ဖွံ့ဖြိုးတိုးတက်ရာမှာ ပတ်ဝန်းကျင် မထိခိုက်ဖို့ ဘယ်လိုဆောင်ရွက်ချက်တွေ ရှိပါသလဲ။

ဖြေ။    ။        ပထမဆုံး သမ္မတကြီးရှီကျင့် ဖျင် ရဲ့ Global Development Initiative ဒါလည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတွေတော်တော်များများ လက်ခံ ထားတဲ့ အလွန်ကောင်းတဲ့ အစီအစဉ် တစ်ခုဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနဲ့တစ်ခုတည်းမကြည့်ဘဲ အားလုံးမျှမျှတတ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဟာ အင်မတန်ကျယ်ပြန့်ပြီး အမြော်အမြင်ရှိတဲ့ အစီအစဉ်တစ်ခုလို့ ကျွန်တော်မြင်ပါတယ်။

Global Development Initiative ဟာ တစ်ကမ္ဘာလုံးအတွက် သမ္မတကြီး ရှီကျင့်ဖျင်ရဲ့ အမြော်အမြင်ကြီးမားမှု တစ်ခုလို့ကျွန်တော်မြင်ပါတယ်။ ဒါဟာ အင်မတန်ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူလူထုဗဟိုပြုတဲ့ အစီအစဉ်ဟာနိုင်ငံတိုင်းက မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့် အစီအစဉ်ဖြစ်ပါတယ်။ အခု ၂၁ ရာစု ဆိုရင် ပြည်သူလူထုရဲ့အခန်းကဏ္ဍဟာ ပိုပြီးအရေးကြီးလာပါတယ်။ အရေးကြီးလာတော့ ပြည်သူလူထုကို ဦးစားပေးပြီး၊ ဗဟိုပြုပြီးတော့စဉ်းစားတာဟာ အင်မတန်ကောင်းပါတယ်။ နောက်သဘာဝပတ်ဝန်းကျင်ကို လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာက ဂရုမစိုက်ခဲ့တဲ့အတွက် အဲဒီအကျိုးဆက်တွေဟာ ဒီနေ့မှာ ရာသီဥတုဖောက်ပြန်တာတွေ၊ ရာသီဥတုပြောင်းလဲတာတွေ ဒါတွေရဲ့ အကျိုးဆက်တွေအများကြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မျှမျှတတဆောင်ရွက်တာ အင်မတန်ကောင်းတဲ့ အစီအစဉ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံရောက်တဲ့အခါ နေရာတိုင်းသွားကြည့်လိုက်ရင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီအောင် တရုတ်အစိုးရက ကြိုးစားလုပ်ဆောင်နေတာ တွေ့ရတာ အများကြီးနမူနာယူဖို့ကောင်းပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း သဘာဝပတ်ဝန်းကျင်ကို ဦးစားပေးတဲ့အစီအစဉ်တစ်ခုအနေနဲ့ ထိန်းသိမ်းဆောင်ရွက်နေပါတယ်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ စက်ရုံတွေတည်ဆောက်တဲ့အခါ လူနေအဆောက်အဦတွေ၊ ကုန်တိုက်တွေ၊ ဟိုတယ်တွေစသဖြင့်တည်ဆောက်တဲ့ အခါမှာကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဥပဒေအရ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်တွေကို မဖြစ်မနေလုပ်ရမယ်လို့ ဥပဒေအရပြဋ္ဌာန်းထားပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အရေးကြီးတဲ့ကဏ္ဍ တစ်ရပ်အနေနဲ့ဆောင်ရွက်နေပါတယ်။ အဲဒီတော့ကျွန်တော်တို့ လုပ်နေတဲ့လုပ်ငန်းစဉ်တွေနဲ့ သမ္မတကြီးရှီကျင့်ဖျင်ရဲ့ Global Development Initiative နဲ့ အတော်လေး သဟဇာတဖြစ်ပါတယ်။

မေး။   ။        (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံဟာ အဓိကဧည့်သည်တော် နိုင်ငံအနေနဲ့ဘာတွေပြင်ဆင်မှုလုပ်ခဲ့ သလဲ၊ ကမ္ဘာကြီးဆီကို မြန်မာနိုင်ငံရဲ့ စွမ်းဆောင်မှုကို ဘယ်လိုပြသတင်ဆက် ထားပါသလဲ။

ဖြေ။    ။        ကျွန်တော်တို့က တရုတ် - တောင်အာရှ ကုန်စည်ပြပွဲမှာ နှစ်စဉ် ပါဝင်ပြသပါတယ်။ ဟိုးအရင် ကူမင်းပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲမှာလည်း နှစ်တိုင်းမြန်မာနိုင်ငံကပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ မေလက လာတဲ့အခါ မှာ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူးနဲ့ နေ့လယ်စာ အတူသုံးဆောင်တဲ့အခါမှာ ဒီနှစ်မှာ မြန်မာနိုင်ငံကိုဂုဏ်ထူးဆောင်နိုင်ငံအဖြစ် ရွေးချယ်ထားတယ်ဆိုတာကိုလည်း သတင်းကောင်းလေးပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကလည်း ဒီဟာ အတွက်သေချာလေးကို ပြင်ဆင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကုန်စည်တစ်ခုတည်း ပြသရုံသာမကဘဲ ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ မြန်မာလူမျိုးတွေရဲ့ ဖော်ရွေမှု၊ မြန်မာလူမျိုးတွေရဲ့ မိမိစားသုံးသူပေါ်မှာ စေတနာထားမှု ဒါတွေအားလုံးပေါင်းစပ်ပြီးတော့ ပြင်ဆင်ပါတယ်။ ပါဝင်ပြသတဲ့ ပုဂ္ဂိုလ်တွေလည်း ၁၂၀ ကျော် လောက်ရှိပြီး တော်တော်လေးများပါတယ်။

ကျွန်တော်တို့ဘက်က ပါဝင်ပြသသူတွေ အပြင် သက်ဆိုင်ရာ ဌာနတွေကအရာရှိတွေလည်း အများကြီးပါပါတယ်။ ကိုယ့်ကဏ္ဍအလိုက်၊ ကဏ္ဍအလိုက်လုပ်ကြပါတယ်။ ကျွန်တော့်ဝန်ကြီးဌာနကလည်း အရာရှိတွေအများကြီးပါတယ်။ နောက်ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း ဖျော်ဖြေတဲ့အဖွဲ့၊ ရိုးရာအက ကတဲ့အဖွဲ့တွေ၊ အနုပညာရှင်တွေက ယဉ်ကျေးမှုအကပဒေသာများကို နေ့စဉ်ကပြဖျော်ဖြေပေးပါတယ်။ (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲမှာ ကျွန်တော်တို့ပါဝင်ခွင့်ရတာ ဂုဏ်ယူပါတယ်။ နောက်နှစ်တွေမှာလည်း ဆက်လက်ပါဝင်မှာဖြစ်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုပြီးတော့မြန်မာထုတ်ကုန်တွေနဲ့ ခရီးသွားကဏ္ဍမြှင့်တင် ရေးလုပ်ငန်းတွေကို ပိုပြီးဆောင်ရွက်သွား မာ ဖြစ်ပါတယ်။