စီးပွားရေးအကျပ်အတည်းမှ ပြိုင်တူရုန်းထွက်ကြစို့

ဒေါက်တာမောင်အောင်

 

ယနေ့တစ်ကမ္ဘာလုံး တွေ့ကြုံနေရသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကပ်ဘေးကြောင့် လူသားအားလုံးအတွက် အသက်ရှင်သန်ရေး၊ အလုပ်အကိုင်နှင့် ပုံမှန်ဝင်ငွေရရှိရေး၊ စီးပွားရေး၊ လူမှုရေးဘက်စုံထောင့်စုံ စိန်ခေါ်မှုများ၊ မသေချာမှုများကြောင့် အနည်းနှင့်အများ စိတ်ပူပန်နေရသည့် အချိန်ကာလလည်း ဖြစ်သည်။ ယခုအခါ နိုင်ငံအများစုတွင် ရောဂါပြန့်ပွားမှုကို အတော်အသင့် ထိန်းချုပ်လာနိုင်ပြီဖြစ်သော်လည်း စိတ်ချရသည့် အခြေအနေ မရှိသေးပေ။ ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါသည် အလျှင်းပျောက်ရန် မဖြစ်နိုင်သေးဘဲ အချိန်ကာလတစ်ခုအထိ ဆက်လက်ရှိနေ ဦးမည်သာဖြစ်ကြောင်း ပြောကြားမှုများလည်း ရှိသည်။ နိုင်ငံအသီးသီးရှိ ဆေးဘက်ဆိုင်ရာ ပညာရှင်၊ ဆေးကုမ္ပဏီများအနေဖြင့် ကာကွယ်ကုသဆေး၊ ပေါ်ပေါက်စေရန် အတူကြိုးစား လုပ်ဆောင်နေပြီ ဖြစ်သည်။

 

တစ်ဦးချင်းမှစ၍ ပြင်ဆင်ပါ

 

ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကျော်လွှားနိုင်ရေးအတွက် ဖြစ်ပေါ်နေသည့် လူမှုစီးပွားဘ၀တွင် ပုံစံသစ် (New Normal) အတွက် အမြန်ဆုံးလိုက်လျောညီထွေ ရှိစေရန် ပြင်ဆင်ရေးပင်ဖြစ်သည်။ ကိုဗစ်-၁၉ ကျော်လွှားနိုင်ရေးအတွက် မိမိကိုယ်တိုင်ကစပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက်များကို အလေးထားလိုက်နာ ကျင့်သုံးရေးပင်ဖြစ်သည်။ ရောဂါကူးစက်မှု မဖြစ်စေရန်အတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အပြင်သိပ်မထွက်ဘဲ အိမ်မှာနေခြင်း၊ အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ခြင်း၊ သတ်မှတ်အကွာအဝေးအတိုင်း နေထိုင်ခြင်း၊ လက်မကြာမကြာ ဆေးကြော ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း စသည်တို့ပင်ဖြစ်သည်။ ထို့ပြင် ရောဂါ မကူးစက်နိုင်ရန်အတွက် အခြားလိုအပ်ချက်များဖြစ်သည့် ကိုယ်ခံစွမ်းအား ကောင်းနေစေရန်အတွက် အာဟာရပြည့်ဝအောင် စားသောက်ခြင်း၊ အိပ်ရေး ၀အောင် အိပ်စက်ခြင်း၊ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ကိုလည်း နေ့စဉ်ပုံမှန်လုပ်ဆောင်ရမည်ဖြစ်သည်။ ယခုကာလ လူနေမှုဘ၀တွင် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါဟူသည့် လက်သုံးစကားကို အထူးလိုက်နာရမည်ဖြစ်သည်။ ထို့အတွက် လူစုလူဝေးဖြစ်စေသည့် မိသားစု အခြေခံပွဲလမ်းများ၊ ဘာသာရေးပွဲလမ်းများ၊ ဖျော်ဖြေရေးများ၊ စားသောက် ဆိုင်များ၊ ကျန်းမာရေးစင်တာများ၊ ကုန်စုံဆိုင်ကြီးများ၊ ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများ၊ ပင်လယ်ကမ်းခြေများ၊ အများပြည်သူဆိုင်ရာ အပန်းဖြေ ပန်းခြံများ၊ သန့်စင်ခန်းများ၊ ရေကူးကန်များ အသုံးပြုမှုများကို အတတ်နိုင်ဆုံး

ရှောင်ရှားရမည်ဖြစ်သည်။ ထို့အတူ အပြင်ထွက် အလုပ်လုပ်သူများအတွက် မသုံးမဖြစ် သုံးစွဲနေရသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဖြစ်သည့် ယာဉ်များအသုံးပြုရာတွင်လည်း သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများ လိုက်နာရန်လိုသလို ဖြစ်နိုင်လျှင် ယခုကာလများအတွင်း အိမ်မှ အလုပ်လုပ်ခြင်း (Work from home) ကို အားပေးရမည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ကြောင့် လူတို့၏ လူနေမှုဘဝတွင် ယခင်အတိုင်း ပြန်ဖြစ်ရန် မလွယ်ကူပေ။ သေချာသည့်အချက်မှာ ကိုဗစ်-၁၉ ကြောင့် တစ်ကမ္ဘာလုံးရှိ လူသားများ၏ လူနေမှုပုံစံ၊ အလုပ်လုပ်သည့်နည်းလမ်း၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ ရောင်းဝယ်ခြင်းများ၊ ဘဏ်လုပ်ငန်းများ၊ ဖျော်ဖြေရေး လုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ၊ အားကစားလုပ်ငန်းများ စသည်တို့အားလုံး ယခင်ပုံစံမဟုတ်တော့ဘဲ ပုံစံအသစ်များ ဖြစ်လာနေပေသည်။ လူတိုင်းအနေဖြင့်လည်း ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ အသက်ရှင်သန်ရေးအတွက် လိုအပ်ချက်ဖြစ်သည့် ပုံစံအသစ်ကို လက်ခံရမည်ဖြစ်သလို အမြန်ဆုံး အံဝင်ခွင်ကျဖြစ်လာစေရန် ကြိုးစား ရမည်ဖြစ်သည်။

 

လုပ်ငန်းရှင်များ စိတ်ဓာတ်ခွန်အားသစ်ဖြင့် New Normal ကို ရင်ဆိုင်ပါ

 

အနာဂတ်မရေရာ မသေချာမှုများကြောင့် လူတိုင်း၏စိတ်ဝယ် စိုးရိမ်မှုများကြောင့်လည်း လူမှုစီးပွားရေး ပုံစံအသစ်ကို လက်ခံဆောင်ရွက်ရန် အစောပိုင်းတွင် ခက်ခဲနေဦးမည်သာ ဖြစ်သည်။ ယခုအခါ စီးပွားရေးပိုင်း ဖြစ်သည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းအများစုကို ပိတ်ထားခဲ့ရသည့်အတွက် လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများ၊ ရှင်သန်တိုးတက်ရေး ထိခိုက်သလို အလုပ်အကိုင်များ ပျောက်ဆုံးရသည့်အတွက် အလုပ်လက်မဲ့ များလာမှုနှင့်အတူ လက်လုပ်လက်စား လူတန်းစားအတွက် စားဝတ်နေရေးအတွက်ပါ ခက်လာသည့်အတွက် နိုင်ငံတော်က အရန်စားနပ်ရိက္ခာများ ထားရှိပြီး ဆင်းရဲသည့် အိမ်ထောင်စုများအတွက် ရိက္ခာဖြန့်ဝေမှုများ ပြုလုပ်နေပြီဖြစ်သည်။ တစ်ဖက်တွင်လည်း အလုပ်ရှင်များဖြစ်သည့် လမ်းဘေး ဈေးသည်မှအစ ကုမ္ပဏီလုပ်ငန်းကြီးများအထိ ခက်ခဲသည့် ယခုကာလကို ကြံ့ကြံ့ခံပြီး ကျော်လွှားနိုင်ရေး အထူးရုန်းကန်ရမည့်အချိန် ဖြစ်သည်။ လုပ်ငန်းရှင် တစ်ဦးချင်းအနေဖြင့် ကိုဗစ်ကာလတွင် မိမိလုပ်ငန်း ပြုတ်မသွားရေးနှင့် ဆက်လက်ရှင်သန်နိုင်ရေးကိုသာ စိတ်ဓာတ်ခိုင်ခိုင်မာမာဖြင့် တောင့်ခံနိုင်အောင် ကြိုးစားရမည်ဖြစ်သည်။ ထုတ်လုပ်မှုလုပ်ငန်းများဖြစ်လျှင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် အလုပ်ခွင် ဘေးကင်းလုံခြုံမှု ရှိစေရမည်ဖြစ်သည်။ အရောင်းကျဆင်းသည့် ကာလဖြစ်သည့်အတွက် စရိတ်အနည်းဆုံးဖြင့် ထုတ်လုပ်နိုင်ရန် စီမံခြင်း၊ ရောင်းဝယ်သည့် လုပ်ငန်းဖြစ်လျှင် စားသုံးသူများ၏ လက်ရှိကာလ လိုအပ်ချက်များ မည်သည့်နည်းလမ်းဖြင့် ရောင်းဝယ်မည်၊ online ဖြင့် ရောင်းချခြင်း၊ အိမ်တိုင် ရာရောက် door to door စနစ်ဖြင့် ရောင်းချခြင်း စသည်တို့ကိုပါ လုပ်ဆောင် နိုင်ရမည်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် မိမိလုပ်ငန်းတွင်ရှိနေသည့် ဝန်ထမ်းများ၊ အလုပ်သမားများနှင့် ပတ်သက်၍လည်း အတတ်နိုင်ဆုံး အလုပ်ပြုတ်မသွားစေရေးအတွက် အနစ်နာခံရမည့်အချိန်ဖြစ်သည်။ “ဆိုးတူကောင်းဖက်”ဆိုသည့် စကားနှင့်အညီ ယခုလို ဆိုးရွားသည့်အချိန်တွင် အတူတကွ မျှဝေခံစားနိုင်အောင် မေတ္တာတရားထားရမည်ဖြစ်သည်။ ထို့အတူ အခက်အခဲကာလတွင် လုပ်ငန်းတူ၊ ထုတ်ကုန်တူအချင်းချင်း ပိုမိုတွေ့ဆုံ ဆွေးနွေးပြီး အမြန်ကျော်လွှားနိုင်ရေးအတွက် အကြံဉာဏ်ကောင်းများ ဖလှယ် ကြရမည် ဖြစ်သည်။ အရေးကြီးသည်မှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတိုင်း၏ အစိုးရများအနေဖြင့် စီးပွားရေး ပြန်လည်နာလန်ထူစေရန်အတွက် ပံ့ပိုးမှုနှင့် ဖြေလျှော့ပေးမှုအမျိုးမျိုး ဆောင်ရွက်ပေးနေသည့်အတွက် အဆိုပါပံ့ပိုး ဖြေလျှော့မှုများကို ရရှိစေရန် ကြိုးစားရမည်ဖြစ်သည်။ လုပ်ငန်းရှင်တိုင်း New Normal အပြောင်းအလဲတစ်ခုအတွင်း ပြင်ဆင်သင့်သည့်အချက်များကို အမြန်ဆုံးဆောင်ရွက်ရေးနှင့် ခံနိုင်ရည်ရှိသည့် လုပ်ငန်းဖြစ်စေရန် အထူး ကြိုးစားရပေမည်။ ။

 

ဝန်ထမ်း၊ လုပ်သားများနှင့် အလုပ်ရှာနေသူများ

 

ကိုဗစ်-၁၉ကြောင့် ကမ္ဘာတစ်ဝန်းလုံးရှိ စီးပွားရေးလုပ်ငန်းများ အများစု ယာယီရပ်ဆိုင်းလိုက်မှုကြောင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်ရှင်သန်ရေးအတွက် အခက်အခဲများ ရှိလာခြင်း၊ အကြွေးပိုမိုတက်လာခြင်း၊ အချို့ လုပ်ငန်းများ ပိတ်သိမ်းခြင်း၊ ဒေဝါလီခံခြင်း၊ အလုပ်ပြုတ်သူများ သိသိသာသာ များလာခြင်း၊ ရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်စေခြင်းနှင့် အဝင်မခံတော့ ခြင်း၊ စားသောက်ကုန်များမှလွှဲ၍ လောင်စာဆီဈေးနှုန်း၊ စတော့ရှယ်ယာ ဈေးနှုန်း၊ အိမ်ခြံမြေ ဈေးနှုန်းများကျဆင်းခြင်းစသည်တို့ကြောင့် နိုင်ငံတိုင်း စီးပွားရေးကျပ်တည်းလာမှုနှင့်အတူ အလုပ်လက်မဲ့ဦးရေ သိသိသာသာ များလာခြင်း ဖြစ်သည်။ ထိုနည်းတူ မြန်မာနိုင်ငံတွင်လည်း ယခုကာလတွင် အလုပ်လက်မဲ့ဦးရေ အများဆုံးနှင့် အလုပ်အကိုင်ရရှိနိုင်ရန်အတွက် အခွင့်အရေး နည်းနေသည့်အချိန် ဖြစ်သည်။

 

ပုဂ္ဂလိက SMES လုပ်ငန်းများ၏ အခက်အခဲများကြောင့် အလုပ်လက်မဲ့များ ဖြစ်ပေါ်နေခြင်းထက် ကမ္ဘာတစ်ဝန်းလုံးနှင့် ချိတ်ဆက်ဆောင်ရွက်ရသည့် စက်ရုံများ ကိုဗစ်-၁၉ ကြောင့် ပိတ်သိမ်းလာမှုကြောင့် သောင်းနှင့်ချီသည့် အလုပ်လက်မဲ့များ ဖြစ်လာခြင်းပင် ဖြစ်သည်။ တချို့ ပိတ်သိမ်းသည့် စက်ရုံများမှာ လုပ်ငန်းလည်ပတ်မှုကို အနှောင့်အယှက်ပေးသည့် ဆန္ဒပြမှုများကြောင့်လည်း ကိုဗစ်-၁၉ ကိုအကြောင်းပြကာ ရုပ်သိမ်းသွားမှုများကိုလည်း ကြားသိနေရသည်။ အလုပ်လက်မဲ့ဖြစ်သွားကြသည့် လုပ်သားများနှင့် မှီခို  နေကြသည့် မိသားစုဝင်များ၏ စားဝတ်နေရေးများမှာ ခက်ခဲသွားနိုင်ပေသည်။ အထူးသဖြင့် ကမ္ဘာတစ်ဝန်းလုံးနှင့် ဆက်နွယ်နေသည့် စက်ရုံများတွင်  အလုပ်လုပ်နေကြသူများ၊ အလုပ်လုပ်မည့်သူများအနေဖြင့် အထူး သတိပြုရမည့်အချက်မှာ မိမိကြောင့် မိမိနိုင်ငံ့ပုံရိပ် မထိခိုက်စေရေးပင် ဖြစ်သည်။ ကိုဗစ်ကြောင့် အလုပ် လက်မဲ့များ ဖြစ်လာသလို ကိုဗစ်ကြောင့် အလုပ်၏တန်ဖိုး ပိုမိုနားလည် သဘောပေါက်လာကြပြီဖြစ်သည်။ ။

 

အလုပ်နှင့် ပတ်သက်၍ ဂျပန်လူမျိုးတို့၏ စိတ်နေသဘောထားနှင့် ကြိုးစားမှုကို အတုယူဖွယ်ဖြစ်သည်။ ဂျပန်လူမျိုးတို့ အလုပ်ကို အထူး အလေးထား ကြိုးစားလေ့ရှိပြီး အလုပ်ပြုတ်မှာ သေမလောက်ကြောက်သလို မိမိချို့ယွင်း အားနည်းချက်ကြောင့် အလုပ်ပြုတ်လျှင်လည်း အလုပ်သစ်၊ ရရှိရန် လွန်စွာခက်ခဲလေ့ရှိသည်။ လုပ်ခလစာနှင့် ရာထူး အဆင့်အတန်းမှာ လည်း မိမိကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်နှင့် လုပ်သက်အတွေ့အကြုံပေါ် မူတည်ပြီးသာ ရရှိကြသည်။ အလုပ်ရှင်နှင့် အလုပ်သမားသည် စီးပွားဖက်၊ မိတ်ဖက်များပင်ဖြစ်ပြီး အပြန်အလှန်အကျိုးပြုနေသူများ ဖြစ်သည့်အလျောက် လုပ်ငန်းရှင်သန်ကြီးပွားတိုးတက်မှသာ နှစ်ဦးစလုံး အကျိုးရှိမည် ဖြစ်သည်။ လုပ်ငန်း၏ အကျိုးစီးပွားထိခိုက်ပျက်စီးစေမည့် ကိုယ်နှုတ်အမူအရာ အားလုံးမပြု အပ်ပေ။ လက်ရှိအလုပ်လုပ်နေသည့်သူများ၊ အလုပ်ရှာနေသည့် လူများ အနေဖြင့် စွဲကိုင်ထားရမည့်ခံယူချက်မှာ မိမိအလုပ်ကို မြတ်နိုးတန်ဖိုး ထားသည့် အပြုသဘောစိတ်ဓာတ် လုပ်သားတိုင်း ရှိရမည်ဖြစ်သည်။ ။

 

ထို့ပြင် ကမ္ဘာတစ်ဝန်းလုံးနှင့် ဆက်စပ်လုပ်ငန်းမှန်သမျှ လုပ်ခ၊ လစာများသည် မိမိကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ပေါ် မူတည်သည့်အတွက် မိမိအလုပ်ကို အာရုံအပြည့်ထားကာ တစ်ရက်ထက်တစ်ရက် ပိုမိုကျွမ်းကျင် တတ်မြောက်အောင် အစဉ်ကြိုးစားလုပ်ဆောင်ရမည် ဖြစ်သည်။ အထူးသတိပြု ရမည့်အချက်မှာ လုပ်ငန်းကို ထိခိုက်စေမည့် မည်သည့်လုပ်ဆောင်မှုမျိုး၊ ကိုယ်တိုင်မလုပ်စေရေးနှင့် ဖျက်လိုဖျက်ဆီး ပြုလုပ်သူများ၏ စကားကို လုံးဝနားမယောင်မိစေရန် လိုအပ်ပေသည်။ ကမ္ဘာတစ်ဝန်းလုံးနှင့် ဆက်စပ် နေသည့် စက်ရုံကြီးများ ပိုမိုဝင်ရောက်လာရေးအတွက် အဓိကစိန်ခေါ်မှုဖြစ်နေ သည့် လုပ်ငန်းထိခိုက်သည့်ဆန္ဒပြမှုများ ကင်းဝေးမှသာ အုံနှင့်ကျင်းနှင့် အလုပ်အကိုင်သစ်များကို ရရှိနိုင်မည်ဖြစ်၍ တစ်ဦးချင်းပြောင်းလဲမှုကို အခြေခံ ပြုပြီး လုပ်သားထုတစ်ရပ်လုံး အမြန်ဆုံးပြောင်းလဲရတော့မည် ဖြစ်သည်။

 

ကိုဗစ်ကြောင့်ပြောင်းလဲလာမည့် ဈေးကွက်အခြေအနေ

 

ကိုဗစ်ကြောင့် လူနေမှု၊ ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်း၊ ဆက်သွယ် လုပ်ကိုင်မှု၊ ရောင်းဝယ်ခြင်း၊ ဖျော်ဖြေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား စသည့် လုပ်ဆောင်မှုတိုင်း ယခင်အတိုင်းပြန်ဖြစ်ဖို့ထက် ပြောင်းလဲမှုရှိလာ မည်မှာ အမှန်ဖြစ်သည်။ ထို့အတွက်လည်း လူတိုင်းအဟောင်းပုံစံ (Old Model) မှ အသစ်ပုံစံ (New Model) ပြောင်းလဲနိုင်မှသာ ရေရှည်ရှင်သန်နိုင် ပြီး ခံနိုင်ရည်ရှိသည့် လုပ်ငန်းများ ဖြစ်လာပေမည်။ ။

 

အထူးသဖြင့် စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည်နိုးထလာစေရန်အတွက် လုပ်ငန်းရှင်တိုင်း ကိုဗစ်ပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေးပင် ဖြစ်သည်။ ယခင် တည်ဆောက်ထားသည့်လုပ်ငန်း ပြန်လည်၍ ဘက်ပေါင်းစုံမှ ပြန်လည် သုံးသပ်ပြီး ပို၍ကောင်းစေရန် ပြန်လည်ဖွဲ့စည်းခြင်း၊ ပြောင်းလဲနေသည့် စားသုံးသူဝယ်လိုအားနှင့် ဈေးကွက်အခြေအနေပေါ် မူတည်၍ တုံ့ပြန်ရမည်ဖြစ်သည်။ ကာလတို နှစ်နှစ်မှ သုံးနှစ်အတွင်း ကိုဗစ် ရောဂါ အရှင်းမပျောက်သေးသရွေ့ ခရီးသွားနှင့် ဟိုတယ်ဝန်ဆောင်မှု၊ သယ်ယူပို့ဆောင်ရေး၊ ဖျော်ဖြေရေး၊ တစ်ကမ္ဘာလုံးနှင့် ဆက်သွယ်ထုတ်လုပ် သည့် လုပ်ငန်းများ အထနှေးနေဦးမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ကိုဗစ်ဖြစ်နေချိန် လူတိုင်း အသက်ရှင်သန်ရေးအတွက် အရေးကြီးဆုံးမှာ စားသောက်ကုန်များ၊ အခြေခံဆေးဝါးများနှင့် ကျန်းမာရေးဆိုင်ရာ၊ ဝန်ဆောင်မှုများနှင့် online ဆိုင်ရာ ဆက်သွယ်ရေး ဝန်ဆောင်မှုများပင် ဖြစ်သည်။

 

စားသောက်ကုန်ဆိုလျှင် ပြည်တွင်းဈေးကွက် လိုအပ်ချက်သာမက တစ်ကမ္ဘာလုံး၏ လိုအပ်ချက်ဖြစ်၍ ဝယ်လိုအားကောင်းကာ အမြင့်ဈေးတွင်ရှိနေသဖြင့် လုပ်ငန်းရှင်များပို၍၊ အလေးပေးသင့်ပေသည်။ လယ်ယာ အခြေခံနှံစားသီးနှံများ၊ ဆီထွက်သီးနှံများ၊ သစ်သီးဝလံများ၊ ရေထွက်ပစ္စည်း များ၊ မွေးမြူရေးလုပ်ငန်းများ၊ စားသောက်ကုန် အခြေခံအရည်အသွေးမြင့် လုပ်ငန်းများ စသည်ဖြင့် လုပ်ငန်းများစွာ ရှိနေဆဲပင်ဖြစ်သည်။ စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် ယခင်ကထက် နည်းပညာအသုံးပြုမှု  ပိုမိုလုပ်ဆောင်ရမည်ဖြစ်ပြီး e-trading, online shopping အိမ်ရောက် ပို့ဆောင်သည့် ဝန်ဆောင်မှုစနစ် (door to door service) စသည်တို့ လုပ်ငန်းတိုင်း ပို၍ဆောင်ရွက်ရတော့မည်ဖြစ်သည်။

 

ပြည်သူသာလျှင် အဓိက

 

စီးပွားရေးအကျပ်အတည်းမှ အမြန်ဆုံး လွတ်မြောက်စေရေးအတွက် ပဓာနအကျဆုံးမှာ တစ်ဦးချင်းမှစ၍ ပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှု၊ စွမ်းဆောင်ရည်ရှိမှုနှင့် ကြိုးစားအားထုတ်မှုပင် ဖြစ်သည်။ ကိုဗစ်ကြောင့် စက်မှုတော်လှန်ရေး 4.0 ၏နည်းပညာသစ်များ တစ်ကမ္ဘာလုံး၏ ကဏ္ဍတိုင်းတွင် ပို၍ အသက်ဝင်လာတော့မည်ဖြစ်သည်။ သေချာသည့် အချက်မှာ အနာဂတ်၏ ဖွံ့ဖြိုးတိုးတက်မှုသည် နည်းပညာအသုံးပြုနိုင်မှုအပေါ် များစွာမူတည်တော့မည်ဖြစ်၍ ပြည်သူအားလုံး ယခုမှစ၍ မိမိနှင့်ဆိုင်သည့် လုပ်ငန်းများနှင့် စိတ်ဝင်စားသည့် လုပ်ငန်းများတွင် ယခင်ကထက် စွမ်းဆောင်ရည် ပိုမိုတိုးတက်ရေးနှင့် အသိပညာခေတ်၏ နည်းပညာသစ်များကိုလည်း ပိုမိုလေ့လာပြီး လက်တွေ့အသုံးချနိုင်အောင် ကြိုးစားရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကိုဗစ်ကြောင့် ဖြစ်ပေါ်နေသည့် စီးပွားရေးအကျပ်အတည်း၊ အခက်အခဲများမှ အမြန်ဆုံး ကျော်လွှားနိုင်ရေးအတွက် ပြည်သူတိုင်း မိမိစွမ်းဆောင်ရည် တိုးတက်အောင်ကြိုးစားပြီး ညီညီညွတ်ညွတ် ဝိုင်းဝန်း ဆောင်ရွက်ခြင်းဖြင့်သာ မျှော်မှန်းနိုင်မည်ဖြစ်ပေသည်။ ။