စီးဆင်းနေမည့် အလင်းတန်းများ၊

ဦးဘတင်(မင်္ဂလာမြေ)

 

တိမ်ဝါရောင် … တိမ်တောင်တွေ …

စိမ်းစိမ်းစို ... အစ်ကိုတို့ရွာ …

အခုများဖြင့်မြို့ကြီးလို ... ဓာတ်မီးရောင်ထိန် ...

ကုသိုလ်ဖြစ်ဆေးရုံ… ပွဲနဲ့လမ်းနဲ့သာသာယာ …

စာသင်ကျောင်းတွေနဲ့ .. ရှေးကနဲ့မတူပါ …

ကျေးရွာဝါဒ... ပြောင်းလဲလိုက်ကြပေါ့တစ်ခါ…

 

အထက်ပါသီချင်းလေးသည်တစ်ချိန်က နာမည်ကြီးပြီး လူကြိုက်များသည့် သီချင်းတစ်ပုဒ်ဖြစ်သည်။ နန်းတော်ရှေ့ဆရာတင် ရေးသားပြီး ကိုအံ့ကြီး သီဆိုခဲ့သော ကျေးရွာဝါဒသီချင်းဖြစ်သည်။ နန်းတော်ရှေ့ ဆရာတင် ရေးသားခဲ့သော ရာပေါင်းများစွာသော တေးသီချင်းများအနက် 'ဝါဒ' သီချင်း လေးပုဒ်ရှိခဲ့သည်။ ယင်းတို့မှာ ကျေးရွာဝါဒ၊ သူဌေးဝါဒ၊ အရမ်းသုံးဝါဒ၊ ဗမာ့ဝါဒတို့ဖြစ်သည်။ ကျေးရွာဝါဒ သီချင်းသည် တိုးတက်ဖွံ့ဖြိုးလာသော ရွှေဘိုမြို့လေး၏ အခြေအနေကို သီကုံးဖော်ကျူးထားသော သီချင်းဖြစ်ကာ ထိုအချိန် စစ်ပြီးကာလတွင် ရွှေဘိုမြို့အနေဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကျူးရင့်သည့် သီချင်း အဖြစ်လည်း မှတ်ယူ၍ရပါသည်။ ထိုခေတ် ထိုကာလက မြို့ကြီးပြကြီး မဟုတ်သော ကျေးလက်၊ နယ်ဘက်အရပ်ဒေသများအတွက် လျှပ်စစ်မီးသုံးစွဲနိုင်ရန် မလွယ်ကူကြပေ။ ထို့ကြောင့် လျှပ်စစ်မီးသုံးစွဲနိုင်ခြင်းသည် ထူးခြားဂုဏ်ယူဖွယ်ရာ ဝိသေသတစ်ခု ဖြစ်လာခဲ့ရသည်။

 

ယခင်ကမီးစက်မီးများဖြင့် သုံးစွဲခဲ့ရ

 

အမှန်တကယ်အားဖြင့် ထိုခေတ်အခါက ရွှေဘိုမြို့ လျှပ်စစ်မီးသုံးစွဲနိုင်ခြင်းသည် နိုင်ငံတော် ဓာတ်အားစနှစ်မှ ပေးပို့သော လျှပ်စစ်ဓာတ်အားမဟုတ်ဘဲ SCODA မီးစက်ကြီးများဖြင့် လည်ပတ်မောင်းနှင်သော မီးစက်မီးပင်ဖြစ်ပါသည်။ ရွှေဘိုမြို့အနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြင့် ၁၉၈၅ ခုနှစ် ခန့်ရောက်မှသာ မန္တလေးစဉ့်ကူးမှ 33kV လိုင်း တည်ဆောက်ဓာတ်အား ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ လျှပ်စစ်မီးရရှိနိုင်မှုသည် အခြေအနေအဆင့်ဆင့်ကို ဖြတ်သန်းရသည်။ နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားပေးသော ဗို့အားမြင့် ဓာတ်အားလိုင်းဖြင့် တည်ဆောက် မရယူနိုင်မီ ဦးစွာပထမ မီးစက်အင်ဂျင်မီး၊ ရေအားဒိုင်နမိုမီး၊ ထင်းမီး၊ ဘွိုင်လာရေနွေးငွေ့ဖြင့် ထုတ်လုပ်သော ရေနွေးငွေ့ဓာတ်အားပေးစက်မီး စသည်တို့ကို အသုံးပြုရသည်။ ယင်းသို့ အသုံးပြုရာတွင် အချိန်အပိုင်းအခြား၊ အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်ကြသည်။ နောက်ပိုင်းကာလ မိမိကျေးရွာဒေသသို့ ဓာတ်အားခွဲရုံကြီးများ၊ မဟာဓာတ်အား လိုင်းများ တည်ဆောက်သွယ်တန်းပြီးစီး၍ ဒေသတွင်း မြို့ပြကျေးရွာများသို့ ဓာတ်အားလိုင်းများအဆင့်ဆင့် သွယ်ယူသုံးစွဲနိုင်မှသာ နိုင်ငံတော်ဓာတ်အားစနစ်မှပေးသည့် လျှပ်စစ်မီးကို အချိန်ပြည့်သုံးစွဲနိုင်ကြခြင်း ဖြစ်သည်။

 

လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုမှာလည်း ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ် အမျိုးမျိုးအပေါ် အခြေခံ၍ ထုတ်လုပ်သုံးစွဲကြရာ ထုတ်လုပ်စရိတ်သက်သာပြီး စဉ်ဆက်မပြတ်၊ တည်ငြိမ်စွာ ဓာတ်အားပေးနိုင်သည့် ဓာတ်အား အရင်းအမြစ်သည်သာ သုံးစွဲသူအတွက် မှန်ကန်အားထားရသည့် ဓာတ်အား သုံးစွဲမှုဖြစ်နိုင်ပါသည်။

 

mdn

 

ကိုလိုနီခေတ်ကာလ

 

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီ ကိုလိုနီခေတ် ကာလကတည်းကပင် ဓာတ်အားပေး အင်ဂျင်စက်များဖြင့် တစ်နိုင်တစ်ပိုင် အသုံးပြုလာခဲ့ကြသည်။ အထူးသဖြင့် အရင်းရှင်ကုမ္ပဏီကြီးများ၏ စီးပွားရေးလုပ်ငန်းများနှင့် ယင်းနှင့်ဆက်စပ်သော လူနေဒေသတို့တွင်သာ အသုံးပြုနိုင်ခြင်းဖြစ်ရာ အများပြည်သူ လူနေအိမ်ရပ်ကွက်များသို့ ဓာတ်အားပေးနိုင်ခြင်း မရှိခဲ့ပါ။ ဘာသာရေးအဖွဲ့အစည်း၊ ဂေါပကအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် တန်ခိုးကြီးဘုရား ကျောင်းစေတီများတွင် မီးစက်မျာ တပ်ဆင်ထွန်းညှိ နိုင်ကြမှသာ ယင်းဘုရား ကျောင်းစေတီတို့နှင့်နီးစပ်သော လူနေရပ်ကွက်အချို့တို့က ဓာတ်အားသုံးစွဲနိုင်ကြခြင်း ဖြစ်ပါသည်။ အချို့နေရာဒေသများတွင် စီးပွားရေးလုပ်ငန်းရှင်အချို့က ကိုယ်ပိုင်မီးစက်များနှင့် အဖိုးအခယူ၍ ဓာတ်အားရောင်းချမှုများရှိခဲ့သော်လည်း အနည်းအကျဉ်းမျှသာ ဖြစ်ပါသည်။ ယနေ့ခေတ်ကဲ့သို့ အစိုးရ (သို့) ကော်ပိုရေးရှင်းကြီးများက ရပ်ရွာလူနေဒေသများသို့ တာဝန်ယူဓာတ်အား ဖြန့်ဖြူးသည့်စနစ် မပေါ်ပေါက်သေးပါ။ ၁၉၄၈ ခုနှစ်နောက်ပိုင်း ရောက်မှသာ အစိုးရက တာဝန်ယူဓာတ်အား ဖြန့်ဖြူးပေးသည့်စနစ် ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။

 

နေရာကွက်ကြား ဓာတ်အားပေးမှု

 

ယင်းသို့အစိုးရက တာဝန်ယူဆောင်ရွက်ရသည့် ဓာတ်အားဖြန့်ဖြူးမှုသည်လည်း အကန့်အသတ်များစွာ ရှိပါသည်။ မြို့၊ ရပ်ကွက်၊ ကျေးလက်တို့တွင် ဓာတ်အားလိုင်းများ သွယ်တန်းမပေးပို့နိုင်မီ ရပ်ရွာအတွက် နိုင်နင်းနိုင်မည့် မီးစက်လေးများဖြင့်သာ တသီးတခြား ဓာတ်အားပေးရခြင်းဖြစ်သည်။ ဒီဇယ်၊ ဓာတ်ဆီ၊ မီးထိုးဆီ၊ ရေနွေးငွေ့သုံး အင်ဂျင်စက်များဖြင့် နေရာကွက်ကြား ဓာတ်အားပေးရမှုမျိုးဖြစ်ပါသည်။

 

လောပိတ (ဘီလူးချောင်း) ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ

 

လောပိတ (ဘီလူးချောင်း) ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးစီးသည့် ၁၉၆၀ ပြည့်နှစ် ဧပြီလ (၁) ရက် နောက်ပိုင်းမှသာ လောပိတ (လွိုင်ကော်) မှ ရန်ကုန်ဒေသနှင့် မန္တလေးဒေသတို့သို့ 230 kV/ 132kV မဟာဓာတ်အားလိုင်းများ အသီးသီးတည်ဆောက်ပြီး ရေအားလျှပ်စစ် ဓာတ်အားပေးကွန်ရက် (Hydal Grip) အဖြစ် ပေါ်ပေါက်လာစေကာ ရေအားလျှပ်စစ် အရင်းအမြစ်ဖြင့် ဈေးနှုန်းသက်သာသည့် ဓာတ်အားကို ပြည်သူတို့ စတင်သုံးစွဲနိုင်ခဲ့ ကြခြင်း ဖြစ်ပါသည်။

ယင်းသို့ လောပိတ (ဘီလူးချောင်း) ရေအားလျှပ်စစ် တည်ဆောက်ပြီးသော်လည်း ဓာတ်အား အရင်းအမြစ်များ စဉ်ဆက်မပြတ် ရှာဖွေဖော်ဆောင်နိုင်ခြင်း မရှိသဖြင့် သုံးစွဲမှု မြင့်မားလာသော နောက်ပိုင်းကာလများတွင် ဓာတ်အားအလုံအလောက် မပေးနိုင်ခြင်း၊ ဓာတ်အားဖြန့်ဖြူး ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ တိုးချဲ့မတည်ဆောက် နိုင်ခြင်းစသည့် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရပါသည်။ လျှပ်စစ်ကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်သင့်သလောက် မတိုးတက်ဘဲ အများပြည်သူ တို့၏ ဓာတ်အားသုံးစွဲနိုင်မှု အချိုး Electrification Ratio (ER%) မှာ အလွန် နည်းပါးခဲ့ပါသည်။

 

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လျှပ်စစ်ကဏ္ဍအနေဖြင့် ထုတ်လုပ်မှုစရိတ်အနည်းဆုံးနှင့် အရည်အသွေးရှိသော ဓာတ်အားကို စဉ်ဆက်မပြတ် ပေးနိုင်ရေးသည် အလွန်အရေးပါလှပေသည်။ ဓာတ်အား ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ မည်မျှကြွယ်ဝ၍ မည်မျှအသုံးချနိုင်ပြီလဲ။ ဓာတ်အား ခွဲရုံကြီးများ၊ ဓာတ်အားလိုင်းများ မည်မျှတည်ဆောက်သုံးစွဲနိုင်ပြီလဲ စသည့် အခြေခံ အကြောင်းများပေါ်မူတည်ကာ လူမှုဘဝဖွံ့ဖြိုးရေးနှင့် စက်မှုဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများကို ရေးဆွဲဖော်ဆောင်ကြရသည်။

 

mdn

 

လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး

 

ထို့ကြောင့် မိမိတို့နိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဓာတ်အားထုတ်လုပ်မှုအပိုင်း၊ ဓာတ်အားပို့လွှတ်မှု အပိုင်းနှင့် ဓာတ်အားဖြန့်ဖြူးမှု အပိုင်း စသည့် အပိုင်းသုံးပိုင်းတို့သည် ဟန်ချက်ညီညီ တိုးတက် တည်ဆောက်နိုင်ရန် လွန်စွာအရေးကြီးပါသည်။ အပိုင်းတစ်ပိုင်း နောက်ကျနေပါကလည်း ဖြစ်စဉ်ကြီးတစ်ခုလုံး နောက်ကျနေဦးမည်ဖြစ်သည်။

 

ဓာတ်အားထုတ်လုပ်ရေးအပိုင်းတွင်လည်း ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ်နှင့်စပ်လျဉ်း၍ ရေအား၊ ကျောက်မီးသွေး၊ နေရောင်ခြည်၊ သဘာဝဓာတ်ငွေ့၊ LNG စသည်တို့မှ ထုတ်လုပ်ကြခြင်းအပေါ် အမြင် သဘောထား အမျိုးမျိုးနှင့် ကန့်ကွက်ပြောဆို အငြင်းပွားနေဆဲဖြစ်သည်။ မိမိနိုင်ငံ၏ စွမ်းအင် အကျပ်အတည်းအပေါ် ယထာဘူတကျကျ အခြေခံထား စဉ်းစားရှုမြင်သုံးသပ်ခြင်းထက် မိမိနားလည် အားသန်ရာနှင့် မိမိ စိုးရိမ်ခံစားချက်တို့အပေါ် စွဲမြဲရပ်တည်ကာ ပြောဆိုဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ထို့ကြောင့် တရိပ်ရိပ်တိုးတက် တောင်းဆိုလာသည့် ဓာတ်အားလိုအပ်ချက်များကို အမီလိုက်ထုတ်လုပ်ရန် အခက်အခဲ အဟန့်အတားများ ဖြစ်ပေါ်နေဆဲဖြစ်သည်။ ထို့ကြောင့် အချိန်ခါကာလနှင့် လျော်ညီသော ဓမ္မဓိဌာန်ကျကျ တွေးမြင်နားလည်မှုများဖြင့် အမျိုးသား အကျိုးစီးပွားကို အမြော်မြင်ရှိရှိ ဖော်ဆောင်ရန်လည်း လိုအပ်နေပါသည်။

 

ဓာတ်အားပို့လွှတ်မှုအပိုင်း

 

ဓာတ်အားပို့လွှတ်မှုအပိုင်းတွင်လည်း ဓာတ်အားခွဲရုံကြီးများ၊ ဓာတ်အားပို့လွှတ် လိုင်းများပါဝင်သော ဓာတ်အားကွန်ရက်ကြီးအဖြစ် ကြီးမားကျယ်ပြန့် ခိုင်မာအားကောင်း ဖို့လိုပါသည်။ လျှပ်စစ်ဓာတ်အား၏ သဘော သဘာဝအရ ဓာတ်အားထုတ်လုပ်သည့် ဝေးလံသောနေရာမှ ဓာတ်အားဖြန့်ဖြူးမည့် ခွဲရုံကြီးများသို့ သာမန်ဗို့အားစနစ်ဖြင့် ပို့လွှတ်၍မရပေ။ ထို့ကြောင့်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသော 11kV ဓာတ်အားကို ဗို့အားမြင့် ထရန်စဖော်မာ (Booster Transformer) ကြီးများဖြင့် 132 kV (သို့) 230 kV ဗို့အား တို့သို့မြှင့်တင်ကာ ပို့လွှတ်ပေးကြရသည်။ သို့မှသာ သတ်မှတ်ဓာတ်အားခွဲရုံများသို့ ရောက်ရှိ ချိတ်ဆက်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ ဓာတ်အားအမြောက်အမြားသုံးစွဲသည့် မြန်မာနိုင်ငံတောင်ပိုင်းသို့ ပင်မဓာတ်အား အရင်းအမြစ်များ၊ ဓာတ်အားပေးစက်ရုံများ တည်ရှိရာ မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသမှ ဝေးလံရှည်လျားစွာ ဓာတ်အားပို့လွှတ်နေရသည့်အတွက် ဓာတ်အားပို့လွှတ် သယ်ဆောင်ရေးသည် ဓာတ်အားစနစ်ကြီး တစ်ခုလုံး၏ အသက်သွေးကြောဖြစ်နေသည်။

 

mdn

 

တည်ဆောက်ပြီးစီးတော့မည်

 

ယခုအခါ 500 kV ဓာတ်အားလိုင်းစနစ်ကို တည်ဆောက်ပြီးစီးတော့မည်ဖြစ်ရာ ဓာတ်အားပို့လွှတ် ကွန်ရက်ကြီးအနေဖြင့် ဓာတ်အားပမာဏ အမြောက်အမြားကို သယ်ဆောင်ပို့လွှတ်နိုင်တော့မည် ဖြစ်ကြောင်းလည်း သိရသည်။ ထိုသို့ ဓာတ်အားပေးစက်ရုံများက ပို့လွှတ်လိုက်သော ဓာတ်အားများကို မဟာဓာတ်အားလိုင်းများ တစ်ဆင့်ဒေသအသီးသီးရှိ မဟာဓာတ်အားခွဲရုံကြီးတို့ထံ ပို့လွှတ်ပေးရသည်။ ထိုခွဲရုံကြီး တို့၌ Transformer ကြီးများဖြင့် ထပ်မံဖြန့်ဖြူးမည့် ဗို့အားအဆင့်ဆင့်ဖြစ်သော 66 kw,33 kV, 11 kV, 6.6 V စသည့် ဗို့အားတို့သို့ ပြန်လည်ချယူပြောင်းလဲကာ ဓာတ်အားလိုင်း အသီးသီးဖြင့် သုံးစွဲရာနေရာများသို့ ထပ်မံ ခွဲဝေပေးကြရပါသည်။ သုံးစွဲမည့် မြို့ပြ၊ ရပ်ရွာဒေသတို့က အဆိုပါ 66 kV, 33 kV, 11 kV, 5.6 kV ဓာတ်အားတို့ကို ရပ်ကွက်နေရာများသို့ ဓာတ်အားဖြန့်ဖြူးသုံးစွဲနိုင်မည့် 400V, 230V စသည့် ဓာတ်အားဖြန့်ဖြူး ဗို့အား ရောက်အောင် ဓာတ်အားခွဲရုံငယ်လေးများဖြင့် ထပ်မံပြောင်းလဲ ဖြန့်ဖြူး ကြရပါသည်။

(ဆက်လက်ဖော်ပြပါမည်)