စီ-လိုင်စင်ဘောလုံးနည်းပြသင်တန်း (၆)ရက်ကြာ မုံရွာမြို့တွင်ဖွင့်လှစ်

မုံရွာ ၁၀ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စစ်ကိုင်းယူနိုက်တက် ဘောလုံးအသင်း၏ ကူညီပံ့ပိုးမှုနှင့် စီ-လိုင်စင် ဘောလုံးနည်းပြသင်တန်းကို မတ် ၁၀ ရက် နံနက် ၈ နာရီခွဲက စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

တိုင်းဒေသကြီးအတွင်း ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိအဖြစ်လိုအပ်သော နည်းပြကောင်းများ ပေါ်ထွက်လာစေရန်၊ တိုင်းဒေသကြီး ဂုဏ်ဆောင်သည့် နည်းပြကောင်းများ ပေါ်ထွက်လာရန်၊ စွမ်းရည်ထက်မြက်သည့် ဘောလုံးသမားကောင်းများကို နည်းစနစ်မှန်ကန်စွာ ရွေးချယ်မွေးထုတ်ပေးနိုင်သည့် နည်းပြကောင်းတစ်ယောက် ဖြစ်လာရေးကို အထောက်အကူဖြစ်စေရန် သင်တန်းအား ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။

 

သင်တန်းတွင် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းအောင်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ နည်းပြများဖြစ်သော ဦးရဲဝင်းသူနှင့် ဒေါ်ဇင်မာဝမ်းတို့က အမှာစကားပြောကြားပြီး သင်တန်းအား ဖွင့်လှစ်ပေးသည်။

 

အဆိုပါ သင်တန်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ နည်းပြများဖြစ်သော ဦးရဲဝင်းသူနှင့် ဒေါ်ဇင်မာဝမ်းတို့က မတ် ၁၀ ရက်မှ ၁၅ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၇)မြို့နယ်မှ သင်တန်းသား/သင်တန်းသူ (၃၇)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)