စိစစ်ပြီးဖြစ်တဲ့ ပြန်လည်ဝင်ရောက်လာသူ ၃၀ဝ ဦးကို ၅ ရက်ကြာ လက်ခံဆောင်ရွက် သွားမည်ဟုဆို

နေပြည်တော် ၁၅ မတ်

 

မြန်မာနိုင်ငံအတွင်း အမှန်တကယ် နေထိုင်ခဲ့ကြောင်း စိစစ်တွေ့ရှိသူတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ ၁၉၉၃ ခုနှစ် နှစ်နိုင်ငံ သဘောတူညီချက် (၄)ချက်နဲ့အညီ စိစစ်လက်ခံ သွားမှာဖြစ်ပြီး ပြန်လည်လက်ခံမှု အစီအစဉ်အရ ကုန်းလမ်းမှ ပြန်လည်ဝင်ရောက်လာသူတွေကို တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းနှင့် ရေကြောင်းလမ်းမှ ပြန်လည်ဝင်ရောက်လာသူတွေကို ငါးခူးရ လက်ခံရေး စခန်းတို့တွင် စခန်းတစ်ခုကို တစ်ရက် လူ ၁၅၀ ကျော်နဲ့ လူ ၃၀ဝ ဦးကို ၅ ရက်ကြာ လက်ခံဆောင်ရွက်မှာ ဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောသည်။

 

“ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လိုသူများ ပြန်လည်ဖြည့်သွင်းရမယ့် ပုံစံကို သေသေချာချာ ရေးသွင်းခဲ့ပေမယ့်လည်း  အဲ့ဒီ ပုံစံအတိုင်း ဘင်္ဂလားဒေ့ရှ် ဘက်ကနေ ပြန်ပို့တဲ့အခါမှာ တိတိကျကျနဲ့ မပါဘူး၊ ကျွန်တော်တို့ သက်မှတ်ထားတဲ့ ပုံစံထဲမှာ အိမ်ထောင်စုရဲ့ ဓာတ်ပုံ၊ အိမ်ထောင်စုထဲမှာပါတဲ့ တစ်ဦးချင်း ဓာတ်ပုံ၊  လက်ဗွေ၊ လက်မှတ် စသည်ဖြင့် ဒီအချက်အလက်တွေ ပါရှိပေမယ့်လည်း သူတို့ဆီက ပြန်ပို့တဲ့အခါမှာ ကွဲလွဲမှုတွေ ရှိနေတဲ့အတွက် သူတို့ ပထမပေးထားတဲ့ ၈၀၃၂ ဦးကို စိစစ်လက်ခံတဲ့အခါမှာ  အခက်အခဲ အများကြီးဘဲ တွေ့ကြုံခဲ့ရတယ်၊ ဒီ ၈၀၃၂ ဦးထဲကနေမှ  စိစစ်လို့ရမယ့် အပိုင်းတွေကို သေသေချာချာ ပြန်ပြီးတော့မှ စိစစ်တဲ့အခါမှာ အင်အား ၃၀ဝ ကျော် ရရှိသွားပြီး ဖြစ်တယ်လို့ ” ဒုတိယဝန်ကြီးက ပြောသည်။

 

ပြန်လည်ဝင်ရောက်လာသူတွေအတွက် အစားအသောက် အဝတ်အထည် တစ်ကိုယ်ရေသုံး ပစ္စည်းတွေကို ကနဦး ထောက်ပံ့ပေးမှာဖြစ်ပြီး ပြန်လည်လက်ခံရေးစခန်းမှာ တစ်ညနေထိုင်စေမှာ ဖြစ်သည်။ နောက်တစ်ရက်တွင် ၎င်းတို့အခြေချနေထိုင်မည့် ကျေးရွာများ တည်ဆောက်ဆဲ ကာလအတွင်း ခေတ္တ နေထိုင်ဖို့အတွက် လှဖိုးခေါင် ကြားစခန်းတွင် ပို့ဆောင်ပေးမှာဖြစ်ပြီး ယခင်နေထိုင်ခဲ့ဖူးသည့် မူလနေရာနှင့် အနီးဆုံး ပတ်ဝန်းကျင်တွင် ပြန်လည်နေရာချထားနိုင်ရန် စီစဉ်ဆောင်ရွက်ထားတယ်လို့ ဆိုသည်။

 

တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအတွက် ကျေးရွာသစ်များ ထူထောင်ပေးရာတွင် မြေနေရာရှင်းလင်းမှုများ၊ အိမ်ရာကွက်များကို မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Village Plan နှင့်အညီ အိမ်ရာ၊ ဆေးခန်း၊ ကျောင်း၊ ဈေးများ ပါဝင်သည့်ရွာများကို တည်ဆောက်ပေးသွားမည် ဖြစ်သည်။

 

အလားတူ ပြည်သူများ ပိုမိုသိရှိ နားလည်စေရန်အတွက် နေ့စဉ် မြန်မာ၊ အင်္ဂလိပ် သတင်းစာများမှာ ရခိုင်ပြည်နယ် သတင်းအဖြစ် သီးသန့်စာမျက်နှာများဖြင့် ဖော်ပြလျက်ရှိသကဲ့သို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ကလည်း တီဗွီအစီအစဉ်၊ FM အစီအစဉ်တို့ဖြင့် ထုတ်လွှင့်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (၂၈)ရက်မြောက်နေ့ကို မတ် ၁၄ ရက်က ကျင်းပခဲ့ပြီး မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာဦးမောင်သင်း မေးမြန်းတဲ့ နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ် အတွင်းတွင် ဘင်္ဂါလီများကို လက်ခံရေး ကိစ္စအား ပွင့်လင်းမြင်သာရေးအတွက် ပြည်သူများအား အသေးစိတ် ရှင်းပြပေးရန် ရှိ မရှိကို ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 

နှစ်နိုင်ငံ သဘောတူညီချက် (၄)ချက်တွင် ပထမအချက်သည် ပြန်လည် ဝင်ရောက်လာသူများမှာ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူဖြစ်ရမည်၊ ၎င်းတို့ကိုယ်တိုင် ပြန်လည်ဝင်ရောက်လိုသူများ ဖြစ်ရမည်၊ ကွဲကွာနေသော မိသားစု စာရင်းဝင်များအတွက် ဘင်္ဂလားဒေ့ရှ် ဗဟိုအဆင့်ရှိသော တရားရုံးမှ ထောက်ခံချက် ပါရှိရမည်၊ တစ်ဖက်နိုင်ငံတွင် ထပ်မံမွေးဖွားလာသည့် ကလေးသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သော မိဘနှစ်ပါးမှ မွေးဖွားလာသည့် ကလေးများ ဖြစ်ရမည်ဆိုသည့် သဘောတူညီချက် (၄)ချက်ရှိပြီး ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် သဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ရေး နှစ်နိုင်ငံ ပြန်လည်လက်ခံရေး ပူးတွဲလုပ်ငန်း အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ကိုယ်စားလှယ်များ၊ မြန်မာဘက်မှ ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းပြီး ပထမအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ကျင်းပခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

 

ပြန်လည်ဝင်ရောက်လာသူများကို လူဝင်မှုကြီးကြပ်ရေးမှ စိစစ်လက်ခံသည့်အပြင် ဝင်လာသည့် သူများထဲမှ အကြမ်းဖက်သူများ၊ ARSA အကြမ်းဖက်အဖွဲ့ဝင်များ မပါလာအောင်လည်း ပြည်ထဲရေးမှ စိစစ် လက်ခံလျက် ရှိကြောင်းနှင့် စိစစ်လက်ခံရန်ရှိပါကြောင်း နိုင်ငံတော်မှ ထုတ်ပေးထားသည့် သက်ဆိုင်ရာ ကတ်တစ်မျိုးမျိုး ကိုင်ဆောင်ထားခြင်း မရှိလျှင် မိမိတို့ National Verification Card ကို တစ်ပါတည်း စိစစ်ထုတ်ပေးပြီး Biometric နည်းနှင့် ၄င်းတို့၏ ပေါ်လွင်ထင်ရှားသည့် အမှတ်အသားများကို မှတ်တမ်းရယူပြီး ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ထို NVC ကတ်ကို ကိုင်ဆောင်ခြင်းဖြင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ သွားလာခွင့်၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းများကို လက်လှမ်းမီ ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးထက်ဦး၊ သူရိန်