ဆယ်ကျော်သက်သမီးတစ်ယောက်ရဲ့မေမေ သိထားသင့်တဲ့အချက် (၅) ချက်

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ပိုးမွေးသလိုမွေးလာခဲ့ရတဲ့ ငါ့ကလေးလေးတောင် တော်တော်အရွယ်ရောက်လာပြီပဲလို့ ကိုယ့်သမီးလေးကို ထိုင်ကြည့်ပြီး တွေးမိဖူးလား။

ကလေးဘဝကနေ လူကြီးတစ်ယောက်အဖြစ်ကို ကူးပြောင်းဖို့က ဆယ်ကျော်သက် သို့မဟုတ် မြီးကောင်ပေါက်အရွယ်လို့ခေါ်တဲ့ စပ်ကူးမပ်ကူးကာလကို ကျော်ဖြတ်ရပါသေးတယ်။ ငယ်ငယ်က ဘယ်လိုပဲ ဂရုစိုက်ကျွေးမွေးလာခဲ့ပါစေ ဒီအချိန်မှာ ဂရုစိုက်ပျိုးထောင်ပေးတာက သမီးလေးရဲ့နောက်ပိုင်းဘဝအတွက် သိပ်ကိုအရေးကြီးတဲ့ ကာလအပိုင်းအခြားပါ။ ဘာလို့ဆို အပျိုဖော်ဝင်တော့မှာကိုး။ ပျိုဖော်ဝင်ရင် ဟော်မုန်းအပြောင်းအလဲတွေဖြစ်မယ်၊ ခန္ဓာကိုယ်မှာ အပြောင်းအလဲတွေဖြစ်မယ်၊ လူကြီးတစ်ယောက်ဖြစ်လာဖို့ အပြည့်အဝဖွံ့ဖြိုးတော့မယ့် အချိန်လေ။

ဒါသဘာဝပဲ၊ သူ့ဘာသူအချိန်တန်တော့ ဖြစ်လာလိမ့်မယ်လို့ မေမေတို့ဘက်က ပေါ့ပေါ့ထားလိုက်ပြီး မသိလိုက်မသိဘာသာနေလို့ မဖြစ်ပါဘူးနော်။ မေမေ့မေတ္တာနဲ့ နွေးထွေးမှုတွေက သူတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ခွန်အားတွေဆိုတာ မမေ့လိုက်ပါနဲ့။ အပြောင်းအလဲတွေဖြစ်လာတဲ့အခါ သမီးလေးမှာကြုံလာရမယ့် စိတ်ပိုင်းဆိုင်ရာအခက်အခဲ၊ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်တာ မေမေပါပဲ။ ဒီလို ကူညီနိုင်ဖို့ ကိုယ့်တုန်းက အတွေ့အကြုံတွေနဲ့ယှဉ်ပြီး သူတို့ကို နားလည်ပေးဖို့လိုပါတယ်။ ဒါ့ကြောင့် ဆယ်ကျော်သက်အရွယ်သမီးလေးရှိတဲ့ မေမေတိုင်း ဒီ (၅) ချက်ကို သတိရသင့်ပါတယ်။ စပ်ကူးမပ်ကူးကာလမှာ ကလေးက –

(၁) ပျိုဖော်ဝင်တဲ့အပြောင်းအလဲတွေကြောင့် အခက်အခဲရှိနေနိုင်တယ်


မိန်းကလေးတွေပျိုဖော်ဝင်တဲ့အခါ ခန္ဓာကိုယ်မှာဖြစ်လာတတ်တဲ့ အပြောင်းအလဲတွေ၊ ဖွံ့ဖြိုးမှုတွေနဲ့ပတ်သက်ပြီး ရှက်ရွံ့တာ၊ နေရထိုင်ရခက်တာ၊ စိတ်ညစ်တာ၊ ကြောက်စိတ်ဝင်တာ၊ လူကြားထဲမသွားရဲတာတွေဖြစ်တတ်ပါတယ်။ ဥပမာ ရင်သားဖွံ့ဖြိုးလာတဲ့အခါ  အရင်လိုရှင်မီးလေးဝတ်ရတဲ့အစား လူကြီးအတွင်းခံကို ပြောင်းဝတ်ရတာ သူတို့အဆင်မပြေဖြစ်နေတတ်တယ်။ ခန္ဓာကိုယ်ကပြောင်းလဲလာတာတွေကို ဖုံးကွယ်ချင်နေတတ်ပါတယ်။ ဒီလိုပြောင်းလဲတာဟာ စိတ်ညစ်စရာမဟုတ်သလို ဖုံးကွယ်ဖျောက်ဖျက်လို့လည်းမရတဲ့ သဘာဝသာဖြစ်တဲ့အကြောင်း မေမေတို့က နားချရှင်းပြပေးရမှာပေါ့။ လှပတဲ့ပန်းကလေးတွေဖြစ်လာဖို့ ဖူးပွင့်ကာစအချိန်ဖြစ်တဲ့အကြောင်း သမီးလေးတွေ နားလည်သွားတဲ့အထိ။

(၂) စိတ်ခံစားချက် မတည်မငြိမ်ဖြစ်နေတတ်တယ်

ကလေးမဟုတ်တော့ပေမယ့် လူကြီးလည်းမဖြစ်သေးတဲ့ မြီးကောင်ပေါက်အရွယ်မှာ သူတို့ရဲ့အတွေးတွေကလည်း ဟိုလိုလို၊ ဒီလိုလို။ စိတ်ခံစားချက်ကလည်း အပြောင်းအလဲမြန်ပါတယ်။ ပြောင်းလဲလာတဲ့ကိုယ့်ကိုယ်ကိုယ် စိတ်ရှုပ်တာ၊ အပေါင်းအသင်းသူငယ်ချင်းတွေကြားမှာ အဆင်မပြေတာ၊ ပညာရေးမှာလည်း စိတ်အလိုမကျတာ စတဲ့ စိတ်အတက်အကျတွေလည်း ဖြစ်တတ်တဲ့အရွယ်ပါ။ ဒီလိုအချိန် ကလေးကို ဖိအားအတင်းမပေးဘဲ နားလည်ပေးပါ၊ အားပေးပါ။ တစ်ခါတလေ ကိုယ်ပိုင်လွတ်လပ်မှုကို လိုချင်တတ်လို့ သီးခြားနေဖို့လည်းအချိန်ပေးပါ။

(၃) ရာသီပန်းနဲ့ပတ်သက်တဲ့ အတွေးမှားတွေ ရှိတတ်တယ်

ရာသီသွေးပေါ်တာ ကြောက်စရာ၊ စိတ်ညစ်စရာမဟုတ်တဲ့အကြောင်း၊ သဘာဝတရားက မိန်းကလေးတွေအတွက် ပေးတဲ့လက်ဆောင် ဖြစ်တဲ့အကြောင်း သမီးလေးကိုပြောပြပါ။ သူတို့လေးတွေမှာဖြစ်တဲ့ အတွေးမှားက  ရာသီလာတာကိုစိတ်ညစ်ရတဲ့အတွက် ရာသီသွေးကိုချုပ်စေ၊ ထိန်စေနိုင်တယ်ဆိုတဲ့အရာတွေ စားပစ်မယ်ဆိုတာမျိုး၊ အအေးမခံနဲ့ဆိုရင် အအေးထဲတမင်နေကြတာမျိုး၊ ရာသီလာချိန်ဒါတွေမစားနဲ့ဆို စားတယ်မျိုးတွေ လုပ်တတ်ကြပါတယ်။ ရာသီသွေးတကယ်ရပ်မရပ်ဆိုတာထက် ကျန်းမာရေးထိခိုက်နိုင်တဲ့ အပြုအမူတွေဖြစ်နေမှာကို စိုးရိမ်ရပါတယ်။ အတွေးမှားတွေ၊ လုပ်ရပ်မှားတွေရဲ့ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေအကြောင်း နားလည်အောင်ရှင်းပြပေးရပါမယ်။

(၄) ကျန်းမာတဲ့ ဖွံ့ဖြိုးမှုအတွက် အာဟာရအထောက်အပံ့လိုအပ်တယ်

သမီးလေးရဲ့တစ်သက်တာအတွက် အရွယ်ကူးပြောင်းကာစ ဒီလိုအရေးကြီးတဲ့အချိန်မှာ ကျန်းမာရေးကိုလည်း ပိုဂရုစိုက်ပေးဖို့လိုနေပါပြီ။ ဥပမာ ရာသီစလာတဲ့အချိန်မှာ ကလေးက သွေးအားနည်းနေလို့မဖြစ်ပါဘူး။ သံဓာတ်မချို့တဲ့အောင်၊ ဖွံ့ဖြိုးကြီးထွားဖို့အတွက် လိုအပ်မယ့် ဗီတာမင်နဲ့သတ္တုဓာတ်တွေ အပြည့်အဝရအောင် ထောက်ပံ့ပေးဖို့က မေမေ့တာဝန်ပါ။ ဒီအရွယ်မှာ ပိုလိုအပ်မယ့် အာဟာရဓာတ်တွေအတွက် ဗီတာမင်နဲ့သတ္တုဓာတ်တွေအပြင် သမီးလေးတို့အတွက် သံဓာတ်မချို့တဲ့ အောင်ကာကွယ်ပေးမယ့် ဖြည့်စွက်အားဆေးတစ်မျိုးမျိုးကိုလည်း တိုက်ကျွေးဖို့လိုအပ်ပါတယ်။ Appeton ကထုတ်လုပ်တဲ့ Appeton Essentials Ms Teen ဆိုရင် ရာသီလာကာစ မိန်းကလေးတွေ၊ သွေးအားနည်းတဲ့ မိန်းကလေးတွေနဲ့ သံဓာတ်ကြွယ်ဝတဲ့ အသားသိပ်မကြိုက်တဲ့ မိန်းကလေးတွေအတွက် အထူးထုတ်ထားသောကြောင့် ဆယ်ကျော်သက်သမီးလေးတွေ ကျန်းမာရေးအတွက် ကွက်တိပါပဲ။

(၅) စူးစမ်းချင်၊ စမ်းသပ်ချင်တယ်

မြီးကောင်ပေါက်အရွယ်ဆိုတော့ တင့်တင့်တို့အရွယ်ဆိုတဲ့အတိုင်း မနူးမနပ်လေးတွေပါ။ အပြောင်းအလဲတွေကြားမှာ တလွဲစိတ်ကစားမိတာမျိုးမဖြစ်အောင် ထိန်းပေးဖို့လိုပါတယ်။ ထိန်းတယ်ဆိုတာ ထိန်းချုပ်ဖို့ထက် သမီးလေးတွေကို အသိပညာပေးပြီး နားလည်စေတာ အကောင်းဆုံးပါ။ လွတ်လပ်ခွင့်ကို တောင့်တတတ်တဲ့ဒီအရွယ်မှာ အသိပညာပဲပေးပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်အောင် သင်ပေးပါ။ မေမေ့ရင်ခွင်ကနေ လစ်ထွက်မသွားအောင် ရင်းနှီးမှုနဲ့ထွေးပွေ့ထားပါ။

သမီးလေးကိုချစ်တဲ့မေမေတွေ ဒီဆောင်းပါးလေးဖတ်ပြီး မိသားစုမှာ ပိုအဆင်ပြေနိုင်ပါစေလို့ မျှော်လင့်ပါတယ်နော်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”