ဆူရှီကိတ်

ဂျပန်ဆူရှီကို အလိပ်မလုပ်ဘဲ အရောင်အသွေးစုံ ဟင်းသီးဟင်းရွက်တွေနဲ့  ကိတ်မုန့်လှလှတစ်လုံးလို  ပြင်ဆင်ပြီး  ပါတီပွဲလာ ဧည့်သည်တွေကို တည်ခင်းနိုင်ပါတယ်။

 

ပါဝင်ပစ္စည်းများ ( ၄ဦးစာ)

 

ဆန်  ၃၀ဝ ဂရမ်

 

ရေ   ၄၀ဝ မီလီလီတာ

 

ရှီတာကီမှိုခြောက်  ၄ပွင့်

 

သကြား  စားပွဲဇွန်း  ၁ ဇွန်း

 

ပဲငံပြာရည် ၂၀ မီလီလီတာ

 

မုန်လာဥနီ တစ်ဝက် ( ၇၀ ဂရမ်)

 

သကြား စားပွဲဇွန်း  ၁ ဇွန်း

 

ဆား စားပွဲဇွန်း  ၄ ပုံတစ်ပုံ

 

ကြက်ဥ ၁ လုံး

 

ရုံးပတီသီး  ၄ တောင့်

 

ဆာမွန်ငါး ကျပ်တိုက်  ၄ ချပ်

 

နှမ်းအဖြူ စားပွဲဇွန်း  ၂ ဇွန်း

 

မရောနေ့စ်  အနည်းငယ်

 

ဆား အနည်းငယ်

 

ဆီ အနည်းငယ်

 

ထမင်းနှင့် နယ်ရန်

 

ရှလကာရည် စားပွဲဇွန်း ၃ ဇွန်း

 

သကြား   စားပွဲဇွန်း  ၂ ဇွန်း

 

ဆား စားပွဲဇွန်း  ၁ ဇွန်း

 

ပြုလုပ်ပုံ

 

၁။ ထမင်းတွေကို ဇလုံကြီးတစ်ခုထဲမှာ ထည့်ပါ။ ရှလကာရည်၊ သကြားနှင့် ဆားတို့ကို ရောပြီး ဆူရှီဗနီဂါ ပြုလုပ်ပါ။ ထို့နောက် ထမင်းပေါ် ဖြန့်ပြီး လောင်းချပြီး ခပ်သွက်သွက် နယ်ပါ။ ထို့နောက် ထမင်းအေးသွားအောင်  ယပ်တောင်ဖြင့်  ခတ်ပေးပါ။ ထို့နောက် ထမင်း သုံးပုံတစ်ပုံခန့်ကို ဖယ်ထားပြီး နှမ်းဖြင့်နယ်ပါ။

 

၂။ ရေစိမ်ထားတဲ့ ရှီတာကီမှိုခြောက်တွေကို ရေညစ်ထုတ်ပြီး ရိုးတံကို ဖယ်ပါ။ ထို့နောက် ပါးပါးလှီးပါ။ ရေ ၃၀ဝ မီလီလီတာကို ဆူပွက်အောင်တည်ပါ။ ထို့နောက် ပါးပါးလှီးထားတဲ့ မှိုခြောက်တွေကို ထည့်ပြီး အဖုံးဖွင့်ထားပါ။ ရေပြန်ဆူလာသည့်အခါ မီးအေးအေးဖြင့် ၁၅မိနစ် ဆက်တည်ထားပါ။ ထို့နောက် ပဲငံပြာရည်နှင့် သကြား ထည့်ပြီး ရေခန်းသည်အထိ အဖုံးဖွင့်ပြီး ဆက်တည်ထားပါ။ ထို့နောက် အေးသွားသည်အထိ အိုးထဲမှာ ဆက်ထားပါ။

 

၃။ မုန်လာဥနီကို ၃စင်တီမီတာအရွယ် ၂ မီလီမီတာအထူ အချောင်းလေးတွေ လှီးပါ။ ဒယ်အိုးတစ်လုံးထဲမှာ ရေ ၂၀ဝ မီလီလီတာထည့်ပြီး  ဆူပွက်သည်အထိ တည်ထားပါ။ ရေဆူပွက်လာသည့်အခါ မုန်လာဥနီအချောင်း ကလေးများကို  ထည့်ပြီး ၅ မိနစ်ခန့် မီးအေးအေးဖြင့် တည်ထားပါ။ ထို့နောက် သကြားနှင့် ဆားထည့်ပြီး နောက် ၅ မိနစ်ခန့် တည်ထားပါ။ ရေခန်းသွားသည့်အခါ  အရသာတွေ စိမ့်ဝင်သွားအောင် ဒယ်အိုးထဲက မလှယ်သေးဘဲ အေးသွားသည်အထိ ဆက်ထားပါ။

 

၄။ ရုံးပတီသီးကို ဆားနှင့်ပွတ်ပါ။ ထို့နောက်  ၁ မိနစ်ခန့်  ရေဆူဆူထဲမှာ ပြုတ်ပါ။ ထို့နောက် ရေခဲရေထဲ ထည့်ပြီး  အအေးခံပါ။ အညှာကို ဖယ်ပြီး ပါးပါးလှီးပါ။

 

၅။ ခွက်တစ်ခုထဲမှာ ကြက်ဥကို ဖောက်ထည့်ပြီး ဆားနည်းနည်းထည့်ကာ ကြက်ဥကို ခေါက်ပါ။ ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး  အိုးပူလာသည့်အခါ ဆီအနည်းငယ်ကို အိုးအနှံ့ သုတ်ပါ။ ထို့နောက် ကြက်ဥကြော်ရန် လုံလောက်သည့် အပူချိန်အထိ ဆီအိုးပူလာသည့်အခါ ခေါက်ထားသည့်ကြက်ဥကို လောင်းထည့်ပြီး အထူအပါးညီအောင် အိုးအနှံ့ဖြန့်ပါ။ မီးအပူချိန်ကို လျှော့ချပြီး ကြက်ဥကို ကြော်ပါ။

 

၆။ ကြက်ဥကျက်သွားသည့်အခါ နောက်တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက် အကျက်ညီအောင် ကြော်ပါ။  ထို့နောက် ကြက်ဥကြော်ကို ၄ စင်တီမီတာအထူ၊ ၄ စင်တီမီတာ အရှည် အချောင်းလေးတွေ ဖြစ်အောင် လှီးပါ။

 

၇။  ၁၆ စင်တီမီတာ ကနေ ၁၈ စင်တီမီတာအရွယ်  ကိတ်အဝိုင်းပုံသွင်းသည့် ခွက်ကို ယူပါ။ ထို့နောက်  ကိတ်မုန့်ပုံသွင်းသည့် ခွက်နှင့် အနေတော်ဖြစ်မည့်အရွယ်  ကတ်ထူအဝိုင်းတစ်ခုကို ယူပါ။ ထို့နောက် ပုံသွင်းသည့် ခွက်ထဲတွင်  ပလတ်စတစ်အကြည်ကို တစ်ခွက်လုံးအပြည့် ခင်းပါ။ ထို့နောက် ဆူရှီအရည်နှင့် နယ်ထားသည့် ထမင်းတစ်ဝက်ကို ခွက်အောက်ခြေမှာ ဖိသိပ်ထည့်ပါ။ ထမင်းအပေါ်မှာ   ရှီတာကီမှိုထည့်ပြီး ကျန်သည့် ထမင်းများကို ထည့်ပါ။ ထို့နောက် မုန်လာဥနီအချောင်းလေးများ ထည့်ပြီး နှမ်းစေ့ပါ ဆူရှီထမင်းကို အပေါ်ကနေ ထည့်ပါ။

 

၈။ ထမင်းတစ်ခါထည့်ပြီးတိုင်း ကတ်ထူစက္ကူအဝိုင်းနဲ့ဖိပေးဖို့ လိုပါတယ်။

 

၉။ ဆာမွန်ငါးအလွှာတွေကို အလျားလိုက် ၂ ပိုင်း ပိုင်းပါ။ ထို့နောက်  ငါးအသားလွှာ တစ်ချပ်ချင်း စီကို ထမင်းစားတူ တစ်ချောင်းမှာ ပတ်ပြီး နှင်းဆီပန်းပုံဖော်ပါ။ လိုချင်သည့်ပုံရပါက တူကို ဆွဲဖြုတ်လိုက်ပါ။ ပလတ်စတစ်အိတ်အသေးတစ်လုံးထဲမှာ  မရောနေ့စ် ၂ဇွန်း ၃ဇွန်းခန့်ကို  ထည့်ပြီး  အိတ်ကို သားရေကြိုးနဲ့ ချည်ပြီး ပိတ်ပါ။

 

၁၀။ ဆူရှီကိတ်ကို  ပုံစံခွက်ထဲက မထုတ်သေးဘဲ စားသောက်ပွဲကျင်းပမည့် စားပွဲဆီ သယ်သွားပါ။ ရုံးပတီသီး၊ ကြက်ဥကြော်၊ ငါးကျပ်တင်နဲ့ လုပ်ထားတဲ့ နှင်းဆီပွင့်တွေကိုလည်း  ပုံစံခွက်ထဲ တစ်ပါတည်း ထည့်သွားပါ။

 

၁၁။ ထို့နောက် ဆူရှီကိတ်ကို ပုံစံခွက်ထဲမှ ထုတ်ပြီး ပန်းကန်တစ်ချပ်ထဲ ထည့်ပါ။  ကြက်ဥကြော် အချောင်း လေးတွေကို အပေါ်ကနေ ဖြူးပါ။ ထို့နောက်  မရောနေ့စ် အိတ်ကို  ၅ မီလီမီတာခန့်ဖောက်ကာ   အဝိုင်းပုံ အနားတလျှောက် ဖြည့်ပါ။ ရုံးပတီသီးအဝိုင်းလေးတွေကို မရောနေ့စ်အပေါ်မှာ တင်ပါ။ ထို့နောက် နှင်းဆီပန်းပုံ ငါးအသားလွှာတွေနဲ့ အလှဆင်ပါ။

 

ကိုးကား- NHK