ဆူရ်ဘုန်(ဖလမ်း)လေဆိပ်သစ်ကြီးတွင် လေကြောင်းခရီးစဉ်များ မကြာမီစတင်ပြေးဆွဲတော့မည်

ဖလမ်း ၂၇  ဇွန်

 

တောင်ကုန်း တောင်တန်း ထူထပ်ပေါများပြီး သွားလာရခက်ခဲသော ချင်းတောင်ဒေသ ချင်းပြည်နယ်သို့ သွားလာရေးလွယ်ကူရန်၊ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့စေရန်၊   ခရီးသွားလာရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ချင်းပြည်နယ်အလယ်ပိုင်း ဖလမ်းမြို့တွင်  ဆောက်လုပ်လျက်ရှိသည့် ဆူရ်ဘုန် လေဆိပ်သစ်ကြီးတွင် ဇွန် ၂၆ ရက်မှ ၂၇ ရက်နေ့ထိ လေကြောင်းလိုင်း တိုင်းတာရေး စက်များအား Beechcraft 1900 လေယာဉ်အမျိုးအစား လေယာဉ်ပျံသန်း၍ စမ်းသပ်မှုများကို အောင်မြင်စွာနှင့် အဆင်ပြေချောမွေ့စွာ ပြုလုပ်နိုင်ပြီဖြစ်ရာ အဆိုပါလေဆိပ်တွင် ယခုနှစ် မကြာမီကာလအတွင်း လေကြောင်းခရီးစဉ်များ စတင်ပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

ဆူရ်ဘုန် လေဆိပ်သစ်ကြီးသည်  ဖလမ်းမြို့အနီးရှိ မြေဧက ၁၂၈၉ ဒသမ ၅ ဧက ကျယ်ဝန်းသော ဆူရ်ဘုန် တောင်တန်းကြီးပေါ်တွင် တည်ဆောက်လျက်ရှိရာ တည်ဆောက်ရေးလုပ်ငန်းကို ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှု၊  လေကြောင်းပို့ဆောင်ရေး   ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏  အနီးကပ်ညွှန်ကြားချက်များဖြင့်  လေယာဉ်ကွင်း စံချိန်စံညွှန်းနှင့်အညီ စစ်ဆေးရေးဌာနခွဲမှ     အင်ဂျင်နီယာများက ဦးဆောင်၍          အုပ်ချုပ်စီမံရေးနှင့် နယ်လေဆိပ်များ ဌာနခွဲ၊      လေကြောင်း ဆက်သွယ်ရေးဌာနခွဲ၊     လေကြောင်း လမ်းညွှန်ထိန်းသိမ်းမှု စစ်ဆေးရေးဌာနခွဲနှင့် လေကြောင်းလုံခြုံမှု  စစ်ဆေးရေးဌာနခွဲတို့ပူးပေါင်းကာ     စက်ယာဉ်ယန္တရား ၁၆၆ စီး၊  စီမံကိန်း  ဝန်ထမ်း  ၃၀၀ ဦးတို့ဖြင့် ဆူရ်ဘုန်လေယာဉ်ကွင်းအတွင်း လိုအပ်သည့် အဆောက်အအုံများ၊ လေယာဉ်ပြေးလမ်းများအတွက် လိုသည့် ကုန်ကျစရိတ် ကျပ်ငွေ ၃၂ ဒသမ ၃၆ ဘီလီယံ နှင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၉ သန်း အသုံးပြုပြီး လက်ရှိလေယာဉ်ကွင်းအား တည်ဆောက်လျက်ရှိရာမှ ယခုချိန်တွင် ၉၇ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။

 

mdn

 

ဆူရ်ဘုန် (ဖလမ်း) လေယာဉ်ကွင်းသစ်ကြီးကို ATR -72  လေယာဉ်များ အဆင်းအတက် အသုံးပြု နိုင်ရန်အတွက် လေယာဉ်ပြေးလမ်း အလျားပေ ၆၀၀၀၊ အကျယ်ပေ  ၁၀၀၊ လေယာဉ်အဝင်အထွက် လမ်းနှင့် လေယာဉ် ရပ်နားမည့်နေရာ    အလျားပေ   ၂၅၀၊ အကျယ်ပေ  ၂၅၀   တို့ကို    နိုင်လွန် ကတ္တရာ ခင်းကျင်းခြင်းဖြင့်   တည်ဆောက်ခြင်း ဖြစ်ပြီး Compaction Method ဖြင့် Slope   Stability    Gabion Retaining Wall တည်ဆောက်ခြင်း၊ လေဆိပ်အဆောက်အအုံ အလျား ၁၅၆ ပေ၊ အကျယ် ၈၄ ပေ၊ လေကြောင်းထိန်း မျှော်စင် Control Towerနှင့်    လေဆိပ်ဆိုင်ရာ   အခြား ဆက်စပ်လုပ်ငန်းများကို   ချင်းပြည်နယ် အစိုးရအဖွဲ့၏    အနီးကပ်ကြီးကြပ်မှုဖြင့် တည်ဆောက်လျက်ရှိသည်။

 

ချင်း ပြည်နယ်တွင် ယခုတည်ဆောက်လျက်ရှိသည့် ဆူရ်ဘုန် လေဆိပ်သစ်ကြီးသည် ချင်းပြည်နယ်၏ အဓိက လေကြောင်းဝင်ပေါက် Gateway of Chin State Airport ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ အချိန်တိုအတွင်း လာရောက်လည်ပတ်နိုင်မည့်အပြင်     ပြည်နယ်၏    မြို့ကြီးများနှင့် ခရီးသွား လည်ပတ်နိုင်သည့်နေရာများကို အချိန်တိုအတွင်း    လာရောက်လည်ပတ်နိုင်မည်ဖြစ်ပြီး  မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့်  ပြည်နယ်လေဆိပ်များသို့    အချိန်တိုအတွင်း   လွယ်ကူ လျင်မြန်စွာ သွားလာနိုင်မည်ဖြစ်သည်။

 

mdn

 

ဆူရ်ဘုန်လေဆိပ်တွင် လေကြောင်းခရီးစဉ်များ ပြေးဆွဲနိုင်ခြင်းဖြင့် ချင်းပြည်နယ်၏ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊  အုပ်ချုပ်ရေး၊  ကုန်သွယ်ရေး၊ ခရီးသွားလာရေး စသည့်    လုပ်ငန်းများကို များစွာ အထောက်အကူ ပြုလာတော့မည်ဖြစ်ပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့် အချိန်များတွင် အစိုးရနှင့် လူမှုရေးအဖွဲ့အစည်းများထံမှ   လိုအပ်သည့်အကူအညီများကို   လျင်လျင်မြန်မြန်    ထိထိရောက်ရောက် ဖြည့်ဆည်း ထောက်ပံ့   ပေးနိုင်တော့မည်ဖြစ်သည်။

 

ဂျူနိုင်း