ဆူဇူကီးဖလားပြိုင်ပွဲတွင် ကန့်သတ်အရေအတွက်ဖြင့် ပရိသတ်များ ကြည့်ရှုခွင့်ရရှိမည်

ရန်ကုန်   နိုဝင်ဘာ   ၂၉

စင်ကာပူနိုင်ငံ၌ ကျင်းပမည့် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် ပရိသတ်များ ကန့်သတ်အရေ အတွက်ဖြင့် ကြည့်ရှုခွင့်ရရှိမည်ဖြစ်သည်။

ကြည့်ရှုခွင့်ပြုသွားမည်

၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက် အထိ ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်အားလုံးကို စင်ကာပူနိုင်ငံ၌ ပြုလုပ်မည်ဖြစ်သည်။ နောက်ဆုံးအဆင့်တွင် အသင်းစုစုပေါင်း ၁၀ သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က)တွင် ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမော၊ အုပ်စု (ခ) တွင် ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘော ဒီးယားနှင့် လာအိုအသင်းတို့ ပါဝင် နေသည်။ အုပ်စုပွဲစဉ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲတို့ကို စင်ကာပူနိုင်ငံ ရှိ အမျိုးသားအားကစားကွင်းနှင့် ဘစ်ရှန်ကွင်းတို့၌ ပြုလုပ်မည်ဖြစ်ပြီး ကွင်းဝင်ဆံ့သည့် ပရိသတ်ဦးရေ၏ ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ အကြား ကြည့်ရှုခွင့်ပြုသွားမည် ဖြစ်သည်။

ထို့ကြောင့် ပရိသတ် ၅၅၀၀၀ ဆံ့ အမျိုးသား အားကစားကွင်းတွင် ပရိသတ်စုစုပေါင်း ၁၀၀၀၀၊ ပရိသတ် ၆၀၀၀ ဝန်းကျင်ဆံ့ ဘစ်ရှန်ကွင်း၌ ပရိသတ် ၁၀၀၀ ကြည့်ရှုခွင့်ပြု သွား မည်ဖြစ်သည်။ စင်ကာပူ ဘောလုံးအဖွဲ့ချုပ်သည် စင်ကာပူပရိသတ်များအတွက် အိမ်ရှင်စင်ကာပူအသင်း၏ အုပ်စုပထမသုံးပွဲ အတွက် လက်မှတ်များကို နိုဝင်ဘာ ၂၈ ရက်တွင် စတင်ရောင်းချပေးနေပြီး အခြားနိုင်ငံများမှ ပရိသတ်များနှင့် အခြား အုပ်စုပွဲစဉ်များအတွက် လက်မှတ်များကို ဒီဇင်ဘာ ၁ ရက်တွင် စတင် ရောင်းချမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၅ ရက်မှ ၁၉ ရက် အထိကျင်းပမည်ဖြစ်ပြီး လက်ရှိတွင် အုပ်စုပွဲလက်မှတ်များ ရောင်းချနေခြင်းဖြစ်ကာ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲအတွက် လက်မှတ်များကိုမူ အုပ်စုပွဲစဉ်များပြီးဆုံးမှသာ ရောင်းချသွားမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ အုပ်စု (က) ပွဲစဉ်များကို အမျိုးသားအားကစားကွင်း၊ အုပ်စု (ခ) ပွဲစဉ်များကို ဘစ်ရှန်ကွင်းတို့၌ အဓိက ပြုလုပ်မည်ဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲများကို တစ်ချိန်တည်း ကစားမည်ဖြစ်သောကြောင့် ကွင်း နှစ်ကွင်း၌ တစ်ပြိုင်တည်းကျင်းပမည်ဖြစ်သည်။

အုပ်စုပွဲစဉ်များအဖြစ် မြန်မာအသင်းသည် အုပ်စုပွဲစဉ် များအဖြစ် ဒီဇင်ဘာ ၅ ရက်တွင် စင်ကာပူအသင်း၊ ဒီဇင်ဘာ ၈ ရက်တွင် တီမောအသင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် ထိုင်းအသင်း၊ ဒီဇင်ဘာ ၁၈ ရက်တွင် ဖိလစ်ပိုင်အသင်းတို့နှင့် ကစားရမည်ဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲဖြစ်သည့် ဖိလစ်ပိုင်အသင်းနှင့် တစ်ပွဲ တည်းသာဘစ်ရှန်ကွင်း၌ ကစားရမည်ဖြစ်ကာ ကျန်ပွဲများကိုမူ အမျိုးသားအားကစားကွင်း၌ ယှဉ်ပြိုင် ရမည်ဖြစ်သည်။

ကိုညီလေး