ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များ ဒီဇင်ဘာ ၂၅  ရက်နေ့စတင်မည်

ဒီဇင်ဘာ  ၂၄

စင်ကာပူနိုင်ငံ၌ပြုလုပ်လျက်ရှိသည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်များကို ဒီဇင်ဘာ ၂၅ နှင့် ၂၆ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

ဒီဇင်ဘာ ၂၂၊ ၂၃ ရက်ကပြုလုပ်ခဲ့သည့် ဆီမီးဖိုင်နယ် ပထမအကျော့တွင် နာမည်ကြီး ထိုင်းအသင်းက လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး အိမ်ရှင်စင်ကာပူနှင့် အင်ဒိုနီးရှား အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ဒုတိယအကျော့အဖြစ် ဒီဇင်ဘာ ၂၅ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် စင်ကာပူအသင်း၊ ဒီဇင်ဘာ ၂၆ ရက်တွင် ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ပထမအကျော်ရလဒ်အရ ထိုင်းအသင်းသည် နှစ်ဂိုးပြတ်အနိုင်ရထားသဖြင့် ဗိုလ်လုပွဲတက်ရန် အခြေအနေကောင်းနေပြီး ဗီယက်နမ်အသင်းမှာမူ ချန်ပီယံဆု ကာကွယ်နိုင်ရန်အတွက် ဗိုလ်လုပွဲတက်ရောက်နိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်ရဖွယ်ရှိနေသည်

ဗီယက်နမ်အသင်းအနေဖြင့် နောက်တစ်ဆင့်တက်ရောက်ရန် ထိုင်းအသင်းကို ဂိုးပြတ်အနိုင်ရရန် လိုအပ်နေပြီး ပြိုင်ပွဲတစ်လျှောက် ပွဲတိုင်းအနိုင်ရထားသည့်အပြင် ပေးဂိုးတစ်ဂိုးသာရှိသေးသည့် ထိုင်းအသင်းကြောင့် ပိုမိုခက်ခဲဖွယ်ရှိနေသည်။ အင်ဒိုနီးရှားနှင့် စင်ကာပူအသင်းတို့မျာမူ အခွင့်အရေးဆတူရှိနေပြီး အများနည်းသည့်အသင်းနှင့် အဆုံးသတ်သေချာသည့်အသင်းက ဗိုလ်လုပွဲ တက်ရောက်ခွင့်ရသွားမည် ဖြစ်သည်။

ဆီမီးဖိုင်နယ် တက်ရောက်လာသည့်လေးသင်းတွင် အင်ဒိုနီးရှား တစ်သင်းသာ ချန်ပီယံဆု မရသေးခြင်းဖြစ်ပြီး ထိုင်းအသင်းက ငါးကြိမ်၊ စင်ကာပူအသင်းက လေးကြိမ်၊ ဗီယက်နမ်အသင်းက နှစ်ကြိမ် ဗိုလ်စွဲထားသည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ - affsuzukicup