ဆူဇူကီးဖလားဗိုလ်လုပွဲသို့ ထိုင်းနှင့် အင်ဒိုနီးရှား တက်ရောက်

ရန်ကုန် ဒီဇင်ဘာ ၂၇

၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ဒီဇင်ဘာ ၂၅၊ ၂၆ ရက်က စင်ကာပူနိုင်ငံ၌ ကျင်းပရာ ထိုင်းနှင့် အင်ဒိုနီးရှားအသင်း ဗိုလ်လုပွဲတက်ရောက်သွားသည်။

ဒုတိယအကျော့တွင် ထိုင်းနှင့် ဗီယက်နမ်အသင်း ဂိုးမရှိ သရေကျပြီး အင်ဒိုနီးရှားအသင်းက စင်ကာပူကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ နှစ်ကျော့ပေါင်းရလဒ်အရ ထိုင်းက ဗီယက်နမ်ကို နှစ်ဂိုး-ဂိုးမရှိ၊ အင်ဒိုနီးရှားက စင်ကာပူကို ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့ခြင်းဖြစ်သည်။ ပထမ အကျော့တွင် နှစ်ဂိုးပြတ်အနိုင်ရထားသည့် နာမည်ကြီး ထိုင်းအသင်းသည် ဒုတိယအကျော့တွင် ဗီယက်နမ်ကို ထိန်းကစားကာ သရေရလဒ်ရယူပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ် အသင်းသည် ထိုင်းကို နှစ်စလုံး ဂိုးမသွင်းယူနိုင်သည့်အပြင် ဒုတိယအကျော့တွင်လည်း သရေရလဒ်သာ ကစားနိုင်ခဲ့သဖြင့် ဗိုလ်လုပွဲနှင့်ဝေးပြီး ချန်ပီယံဆု လက်လွှတ်ခဲ့ရသည်။ အင်ဒိုနီးရှားနှင့် အိမ်ရှင် စင်ကာပူပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန်မိနစ် ၉၀ တွင် နှစ်ဂိုးစီသရေကျနေသဖြင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင်ခဲ့ရပြီး အင်ဒိုနီးရှားက နှစ်ဂိုးထပ်သွင်းခဲ့သဖြင့် လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ပထမအကျော့တွင် သရေကျထားသည့်အပြင် ယခုပွဲတွင် နှစ်သင်းစလုံးအနိုင်ရရန် ကြိုးပမ်းခဲ့ပြီး စင်ကာပူအသင်းသည် ပွဲချိန် မိနစ် ၉၀ အတွင်း နှစ်ဦး၊ အချိန်ပိုပြီးခါနီးတွင် တစ်ဦးအထုတ်ခံရသဖြင့် ရှစ်ဦးတည်းဖြင့် ကစားခဲ့ရသည်။ မိနစ် ၉၀ ပြည့်ခါနီးတွင် ရရှိသည့် ပယ်နယ်တီကို စင်ကာပူအသင်း ဝင်အောင် မသွင်းယူနိုင်သဖြင့် ဗိုလ်လုပွဲတက်ခွင့် ဆုံးရှုံးခဲ့ပြီး အချိန်ပိုကစားရာတွင် ကစားသမား လျော့နေသဖြင့် ယှဉ် မကစားနိုင်ဘဲ အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ ဗိုလ်လုပွဲအဖြစ် ထိုင်းနှင့် အင်ဒိုနီးရှား အသင်းတို့ ဒီဇင်ဘာ ၂၉ ရက်တွင် ပထမအကျော့၊ ဇန်နဝါရီ ၁ ရက်တွင် ဒုတိယအကျော့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

သတင်း-ရဲရင့်လွင်

ဓာတ်ပုံ-PSSI