ဆရာဇော်ဂျီရာပြည့်စာကြည့်တိုက်၏ မြန်မာစာဂုဏ်ထူးဆု ၁၉ ဦး ဆွတ်ခူးရရှိ

ဖျာပုံ  ၂  ဇွန် 

 

နှစ်စဉ် ဖျာပုံမြို့နယ် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာဂုဏ်ထူးဆုရရှိကြသူများအား ဆရာဇော်ဂျီရာပြည့်စာကြည့်တိုက်၏ မြန်မာစာဂုဏ်ထူးဆု ချီးမြှင့်လျက်ရှိရာ ယခု၂၀၁၈ခုနှစ် အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေငြာလိုက်ရာ ဖျာပုံမြို့နယ်အတွင်းမှ မြန်မာစာဂုဏ်ထူးရရှိသူ ၁၉ ဦး ပေါ်ထွက်ခဲ့ကြောင်း သိရသည်။

 

“ ဖျာပုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်တွေ မြန်မာစာပေကို လေးစားတန်ဖိုးထား ချစ်မြတ်နိုးစေရေး၊ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေး၊ ဖျာပုံသားဆရာဇော်ဂျီကို ဂုဏ်ယူလေးစား အတုယူလာနိုင်စေရန် ရည်ရွယ်ပြီး နှစ်စဉ် ဆရာဇော်ဂျီရာပြည့်စာကြည့်တိုက်၏ မြန်မာစာဂုဏ်ဆုတွေကို ချီးမြှင့်ရခြင်းဖြစ်ပါတယ်” ဟု စာကြည့်တိုက်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွန်းကပြောသည်။

 

ဆရာဇော်ဂျီ ရာပြည့်စာကြည့်တိုက်သည် ဖျာပုံမြို့ဇာတိ အမျိုးသားစာဆို ဆရာဇော်ဂျီကို ဂုဏ်ပြုသောအားဖြင့် ဆရာကြီး၏ဇာတိမြေ ဖျာပုံမြို့၌ ၂၀ဝ၈ခုနှစ် ဧပြီလတွင် စတင် တည်ထောင်ဖွင့်လှစ်ခြင်းဖြစ်ပြီး ငုင်းဆုပေးပွဲအခမ်းအနားကို စာကြည့်တိုက် ၁၁ နှစ် နှစ်ပတ်လည် အခါသမယဖြစ်သော ၂၀၁၉ ခုနှစ် ဧပြီလတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို  ခမ်းနားစွာ ကျင်းပကာ ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေများထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖျာပုံခရိုင်အတွင်းမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၃၆၀ဝ)ဦး ဝင်ရောက်ဖြေဆိုရာ (၃၉၃၃)ဦးအောင်မြင်ခဲ့ပြီး၊ မြန်မာစာဂုဏ်ထူးရှင် ၅၄ဦး၊ အင်္ဂလိပ်စာဂုဏ်ထူးရှင် ၄ဦး၊ သင်္ချာဂုဏ်ထူးရှင်  ၇၈ဦး၊ ဓာတုဗေဒဂုဏ်ထူးရှင် ၈၅ဦး၊ ရူပဗေဒဂုဏ်ထူးရှင် ၄၄ဦး၊ ဇီဝဗေဒဂုဏ်ထူးရှင်၁၀၂ဦး၊ ပတဝီဂုဏ်ထူးရှင် ၁၇၅ဦး၊ သမိုင်းဂုဏ်ထူးရှင် ၁၄၉ဦး၊ ဘောဂဗေဒ ဂုဏ်ထူးရှင် ၇၇၂ဦးပေါ်ထွက်ခဲ့ကြောင်း ဖျာပုံခရိုင် ပညာရေးမှူး ဆရာမကြီး ဒေါ်စိန်မာအေးထံမှ သိရသည်။  

 

သူဇာနွယ် (ဖျာပုံ)