ဆံရစ်ဝိုင်း ထားရှိသည့် ဓလေ့ကို ခံစပ်ကုန်းနှင့် စက်စက်ယို ကျေးရွာများတွင် ယနေ့ထိတိုင် တွေ့ရှိ

မြင်းခြံ ၄ အောက်တိုဘာ 

 

မြန်မာ့ယဉ်ကျေးမှု တစ်ခုဖြစ်သည့် ဆံရစ်ဝိုင်းထားခြင်းကို မန္တလေးတိုင်းဒေသကြီးတွင်း ကျေးရွာနှစ်ရွာ၌ ယခုထက်တိုင် တွေ့ရှိနိုင်ကြောင်း သိရှိရသည်။ 

 

ဆံရစ်ဝိုင်း ထားရှိခြင်းကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးရွာနှင့် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ရှိ စက်စက်ယို ကျေးရွာများတွင် တွေ့ရှိနိုင်သည်။ ခံစပ်ကုန်းကျေးရွာသည် အရှေ့ရွာနှင့် အနောက်ရွာဟူ၍ရှိပြီး နွားထိုးကြီးမြို့မှ (၉) မိုင်၊ မြင်းခြံမြို့မှ (၁၅) မိုင် အကွာတွင် တည်ရှိပြီး  ရွာအနီးတွင် လှပစိတ်ဝင်စားဖွယ်ကောင်းသော စင်္ကြာတောင်လည်း ရှိသည်။ ခံစပ်ကုန်းကျေးရွာတွင် ယခင်အချိန်များဆီက တစ်ရွာလုံးနီးပါး ဆံရစ်ဝိုင်းများ ထားကြသော်လည်း ယခုအခါ ဖွံ့ဖြိုးတိုးတက်လာမှု၏ နောက်ဝယ် ဆံရစ်ဝိုင်းထားကြခြင်းကို ပြုလုပ်သူ နည်းပါးလာခဲ့ပြီး ဦးရေ (၂၀) ခန့်သာ ဆံရစ်ဝိုင်း ထားရှိခြင်းကို တွေ့ရှိနိုင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ အရွယ်ငယ်စဉ် ကလေးဘဝတွင်ပင် ဆံရစ်ဝိုင်းနှင့်  ခေတ်ပေါ် အဝတ်အစားများ ဂါဝန်၊ စကပ်များနှင့် မလိုက်ဖက်၍ လည်းကောင်း၊ ရပ်ရွာရှိ သြဇာညောင်းသူများ၊ မိဘများ၊ တာဝန်ရှိသူများမှလည်း မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းရန် အားပေးမှုနည်းပါးခြင်း၊ ထားရှိသောဆံပင်များအား ပြုပြင်ထိန်းသိမ်းရာ၌ အချိန်ပေးရခြင်းတို့ကြောင့် ဖြစ်ကြောင်းကို ရွာရှိ အသက်အရွယ်ကြီးသူများနှင့် ရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကြင်တို့မှ ပြောပြခဲ့သည်။ 

 

ထို့အပြင် အုပ်ချုပ်ရေးမှူးမှ ရွာတွင် စက်ရေတွင်းများ ရှိလာသဖြင့် ရေအိုးများနှင့် ရေခပ်ခြင်းဓလေ့လည်း မရှိသလောက် နည်းပါးကြောင်း၊ ရက်ကန်းခတ်ခြင်း အတတ်တို့ကိုလည်း ပြုလုပ်မှု နည်းလာသဖြင့် တတ်မြောက်သူ အနည်းငယ်သာ ရှိတော့ကြောင်းတို့ကိုလည်း ပြောပြခဲ့သည်။ သို့ရာတွင် ဘာသာတရား ကိုင်းရှိုင်းမှု၊ ကုသိုလ်ရေးပြုလုပ်မှုတို့တွင် ယခင်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရွာအနီးရှိ စင်္ကြာတောင်ပေါ်သို့ မိမိတို့ အလုပ်အားလျှင် အားသလို အုတ်၊ သဲ၊ ကျောက်များကို သယ်ယူပေးခြင်းဖြင့် တတ်နိုင်သည့်ဖက်မှ ကုသိုလ်ယူကြခြင်းများရှိကြောင်း ပြောကြားခဲ့ကြသည်။ 

 

မြန်မာ့ယဉ်ကျေးမှုဓလေ့ ဆံရစ်ဝိုင်းများ ထားရှိခြင်းသည် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရာ ရောက်ရှိသဖြင့် ယခင်အချိန်များဆီမှ စတင်ထားရှိသည့် ခံစပ်ကုန်းကျေးရွာ၏ ဆံရစ်ဝိုင်း ထားရှိခြင်းကို မြတ်နိုးတန်ဖိုး ထားတက်စေရန်၊ ကျေးရွာရှိသူများ ကိုယ်တိုင် အားထုတ်ကြိုးပမ်းခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုဓလေ့ကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်ရန် ဖြစ်ကြောင်း သိရသည်။

 

ဦးဇော်မင်းနိုင် (မြင်းခြံ)