ဆည်ရေတွေ ဖောက်ချတာကြောင့် ရေကြီးတယ်ဆိုတာ လုံးဝမှန်ကန်မှု မရှိဘဲ နားလည်မှု လွဲမှားခြင်းသာ ဖြစ်ပါတယ်

၁၆ ဇွန်

 

မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးရေလျှံမှု ဖြစ်စဉ်များကြောင့် ရေလှောင်တမံများနှင့် ပတ်သက်၍ ကောလာဟလ သတင်းအချို့ ပျံ့နှံ့လျက်ရှိရာ ပြည်သူများ စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု ကြားသိရသည့်အတွက် လက်ရှိရေလှောင်တမံများနှင့် ပတ်သက်၍ အဖြစ်မှန်သိရှိစေရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ စီမံကိန်းနှင့် လုပ်ငန်းဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဝေနှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်။

 

 

မေး။ ။ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက်ထိန်းသိမ်းထားတဲ့ ဆည် အရေအတွက်နဲ့ လက်ရှိရေပိုလွှဲမှ ရေကျော်စီးနေတဲ့အတွက် ဆည် အရေအတွက်ကို သိပါရစေ။

 

ဖြေ။ ။ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက နိုင်ငံတစ်ဝန်းမှာ တည်ဆောက် ထိန်းသိမ်းထားတဲ့ ရေလှောင်တမံပေါင်းက ၂၃၅ ခုရှိပါတယ်။ ဒီရေလှောင်တမံတွေထဲကမှ ဇွန် ၁၄ ရက်မှာ ရေလှောင်တမံ ၃၂ ခုက ကန်ရေပြည့်မှတ်ထက် ကျော်လွန်ပြီး ရေပိုလွှဲကနေ ရေကျော်စီးထွက်လျက် ရှိပါတယ်။ အဲဒီရေလှောင်တမံတွေကတော့ ချင်းပြည်နယ်မှာ တစ်ခု၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ခြောက်ခု၊ ပဲခူးတိုင်းဒေသကြီးမှာ လေးခု၊ မကွေးတိုင်း ဒေသကြီးမှာ ရှစ်ခု၊ မန္တလေးတိုင်းဒေသကြီးမှာ ခြောက်ခု၊ ရခိုင်ပြည်နယ်မှာ သုံးခုနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ လေးခု တို့ပဲဖြစ်ပါတယ်။

 

မေး။ ။ဒီရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ စိုးရိမ်ရေမှတ်ရောက်ရှိနေတယ်လို့ သတင်းထွက်ပေါ်နေတဲ့ ဆည်တွေကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေနဲ့ ဘယ်လိုစီမံ ဆောင်ရွက်ထားတယ်ဆိုတာ သိပါရစေ။

 

ဖြေ။ ။ ရေလှောင်တမံတွေမှာ စိုးရိမ်ရေမှတ်ဆိုပြီး သတ်မှတ်ထားခြင်း မရှိပါဘူး။ ရေဘေး ကာကွယ်ရေး တာများမှာသာ စိုးရိမ်ရေမှတ်ဆိုပြီး သတ်မှတ်ထားတာရှိတာပါ။ ရေလှောင်တမံတွေမှာ ဒီဇိုင်းပြုသတ်မှတ်ထားတဲ့ ကန်ရေပြည့်အမှတ်(Full Tank Level)နဲ့ အမြင့်ဆုံးတက်နိုင်တဲ့ ရေကြီးမှုရေမှတ် (Maximum High Flood Level) ဆိုပြီးရှိပါတယ်။ ယခုမိုးဦးကာလမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းတွေရဲ့သက်ရောက်မှုကြောင့် နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ခုနကပြောတဲ့ ရေလှောင်တမံ ၃၂ ခုမှာပဲ မူလဒီဇိုင်းပြု သတ်မှတ်ထားတဲ့ ကန်ရေပြည့်မှတ်ထက် ကျော်လွန်ပြီးတော့ ရေပိုလွှဲကနေ ရေကျော် စီးထွက်လျက်ရှိပါတယ်။ ဒီလို ရေပိုလွှဲကနေ ကျော်ပြီးစီးထွက်သွားတဲ့ ရေတွေဟာလည်း မူလချောင်းရိုးထဲကိုပဲ စီးဝင်သွားတာပါ။ ရေပိုလွှဲကနေ ရေကျော်စီးထွက်နေတဲ့ ရေလှောင်တမံတွေအပြင် လက်ရှိမိုးရွာသွန်းမှု အခြေအနေအရ တမံအတွင်းကို စီးဝင်ရေ အများအပြား ဝင်ရောက်နိုင်ပြီးတော့ အချိန်တိုအတွင်း ကန်ရေမှတ် မြင့်တက်လာနိုင်တဲ့အတွက် ရေလှောင်တမံတွေမှာ အနိမ့်ဆုံး ဦးစီးအရာရှိနဲ့အထက် တာဝန်ခံအင်ဂျင်နီယာတွေ ကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး လုပ်ငန်းကျွမ်းကျင်တဲ့ အတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာ ဝန်ထမ်းတွေနဲ့ စုဖွဲ့ပြီး ၂၄ နာရီ စောင့်ကြည့် စီမံဆောင်ရွက်လျက်ရှိပါတယ်။

 

ဒီလိုစောင့်ကြည့် စီမံရာမှာ ရေလှောင်တမံနဲ့ ဆက်စပ်ရေအား အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကိုပါ စဉ်ဆက်မပြတ် လှည့်လည်စစ်ဆေးတယ်။ လိုအပ်တဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်ဖို့အတွက် အရေးပေါ်ကာကွယ်ရေး ပစ္စည်းတွေ ကြိုတင်စုဆောင်းထားတယ်။ စက်ယန္တရား၊ ယာဉ်နဲ့ လုပ်သားအင်အားတွေကို အရန်သင့်ဖွဲ့ထားတယ် စသဖြင့်စီမံဆောင်ရွက်ထားပါတယ်။

 

မေး။ ။ဆည်တွေမှာ ကန်ရေပြည့်မှတ်ထက် ကျော်လွန်ပြီး ရေပိုလွှဲကနေ ရေကျော် စီးထွက်နေပြီဆိုရင် ပြည်သူတွေသိအောင်  သတင်းထုတ်ပြန်ပေးတာမျိုးရော ရှိပါသလား။

 

ဖြေ။ ။ကန်ရေပြည့်မှတ်ထက် ကျော်လွန်ပြီး ရေပိုလွှဲကနေ ရေကျော် စီးထွက်လျက်ရှိတဲ့ ရေလှောင်တမံတွေရဲ့ အမည်၊ တည်နေရာနဲ့ ရေကျော်စီးထွက်မှု အခြေအနေကို အများပြည်သူ အလွယ်တကူ သိရှိနိုင်အောင် ဌာနရဲ့လူမှုကွန်ရက် စာမျက်နှာ(Facebook) မှာလည်း နေ့စဉ် ဖော်ပြလျက်ရှိပါတယ်။ ဒါ့အပြင် သတင်း၊ ဂျာနယ်တွေမှာလည်း အခါအားလျော်စွာ ထုတ်ပြန်ပေးလျက်ရှိပါတယ်။

 

မေး။ ။လက်ရှိမှာ ရေပိုလွှဲကနေ ရေကျော်စီးထွက်နေတဲ့ ဆည်တွေရဲ့ ကြံ့ခိုင်မှုအခြေအနေကို သိပါရစေ။

 

ဖြေ။ ။ ဌာနအနေနဲ့ ရေလှောင်တမံတွေကို တည်ဆောက်ရာမှာ နောင်ရေရှည် ကြံ့ခိုင်စိတ်ချနိုင်ရေးအတွက် တိကျသေချာစွာ ဒီဇိုင်းပြုလုပ် တွက်ချက်ပြီး သတ်မှတ်စံချိန်စံညွှန်းများနဲ့အညီ အရည်အသွေး ထိန်းချုပ်ဆောင်ရွက်ခဲ့တဲ့အပြင် ပုံမှန်လည်း စနစ်တကျ ထိန်းသိမ်းစီမံလျက်ရှိတာကြောင့် ကျွန်တော်တို့ဌာနက ထိန်းသိမ်းစီမံ ဆောင်ရွက်လျက်ရှိတဲ့ ရေလှောင်တမံအားလုံးရဲ့ ကြံ့ခိုင်မှုအတွက် တစ်စုံတစ်ရာ စိုးရိမ်စရာ မရှိပါကြောင်း ပြောကြားလိုပါတယ်။

 

မေး။ ။ဆည်တွေကို တည်ဆောက်တဲ့အခါမှာ သဘာဝ ဘေးအန္တရာယ် ဒဏ်ခံနိုင်အောင် ဘယ်လို တည်ဆောက်ခဲ့တယ်ဆိုတာ သိပါရစေ။

 

ဖြေ။ ။ ရေလှောင်တမံတစ်ခု အကောင်အထည်ဖော်ဆောင် ရွက်တဲ့အခါမှာ လိုအပ်တဲ့ အဓိက စူးစမ်းလေ့လာမှု လုပ်ငန်းတွေဖြစ်တဲ့ မြေပြင် အသေးစိတ်တိုင်းတာခြင်း၊ ဘူမိဗေဒနဲ့ ဇလဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်းလုပ်ငန်း တွေကို ဆောင်ရွက်ပြီးတဲ့နောက် စူးစမ်းလေ့လာမှုများအရ စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိရင် အသုံးပြုမယ့်ရည်ရွယ်ချက် နဲ့ အကျိုးရလဒ်၊ တည်ဆောက်မှု ကုန်ကျစရိတ်တို့အပြင် တမံရေသိုလှောင်နိုင်မှုနဲ့ တမံအောက်ဘက်မှာရှိတဲ့ ဒေသတွေ ဘေးကင်းမှု အခြေအနေပေါ်မှာ မူတည် စဉ်းစားပြီးမှ ရေလှောင်တမံနဲ့ ရေပိုလွှဲ အရွယ်အစားကို သတ်မှတ်ပြီး ဒီဇိုင်းပြု တည်ဆောက်ရတာ ဖြစ်ပါတယ်။ စီမံကိန်းတည်ဆောက်နေစဉ် ကာလတစ်လျှောက်လုံးမှာလည်း ဌာနက ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာတွေက စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက် ရှိတဲ့အပြင်သတ်မှတ် စံချိန်စံညွှန်း ပြည့်မီရေးအတွက် အရည်အသွေး ထိန်းချုပ်စစ်ဆေးရေးအဖွဲ့တွေနဲ့ အနီးကပ်ကြပ်မတ် စစ်ဆေး ဆောင်ရွက်ခဲ့တာကြောင့် ဌာနက တည်ဆောက် ထိန်းသိမ်းထားတဲ့ ရေလှောင်တမံတွေက ရေကြီးရေလျှံမှု သဘာဝဘေးဒဏ်ကို လုံခြုံစိတ်ချစွာနဲ့ ကြံ့ကြံ့ခံ ကာကွယ်လျက်ရှိပါတယ်။

 

 

မေး။ ။နှစ်စဉ် မိုးများပြီဆိုတာနဲ့ ဒေသခံတွေ စိုးရိမ်ပူပန်နေကျဖြစ်တဲ့ ရာဇဂြိုဟ်ဆည်နဲ့ ကြီးအုံကြီးဝဆည်တွေရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

 

ဖြေ။ ။ရာဇဂြိုဟ်နဲ့ ကြီးအုံကြီးဝ ရေလှောင်တမံတွေမှာ လက်ရှိ အခြေအနေအရ ကန်ရေပြည့်မှတ်ထက် ကျော်လွန်ပြီး ရေပိုလွှဲကနေ ရေကျော်စီးထွက်နေပေမယ့် တမံတွေရဲ့ ကြံ့ခိုင်မှုအနေနဲ့က တစ်စုံတစ်ရာ စိုးရိမ်ဖွယ်ရာ မရှိပါဘူးလို့ ပြောလိုပါတယ်။

 

မေး။ ။လူမှုကွန်ရက် စာမျက်နှာတွေမှာ ဆည်တွေနဲ့ပတ်သက်ပြီး ကောလာဟလ သတင်းတချို့ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို ပြည်သူကို ဘာများ အသိပေးပြောကြားလိုပါသလဲ ဖြည့်စွက်ပြောကြားလိုတာ ရှိရင်လည်း ပြောကြားပေးပါ။

 

ဖြေ။ ။ ပြည်သူတွေကို အထူးအသိပေးပြောကြားလိုတာက ဆည်ရေတွေ များလာလို့ ရေပိုလွှဲကနေ ရေဖောက်ချတာကြောင့် ရေကြီးတယ်ဆိုတာနဲ့ ဆည်တွေ ကျိုးပေါက်တော့မယ်ဆိုတဲ့ ကောလာဟလတွေကို လုံးဝမယုံကြည်ကြဖို့နဲ့ ဌာနအနေနဲ့လည်း အချိန်ပြည့် စောင့်ကြည့်စီမံလျက်ရှိတဲ့အပြင် လိုအပ်ရင် လိုအပ်သလို ပြည်သူတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးသွားမှာပါ။ ဆည်ရေတွေများလာလို့ ဖောက်ချတာကြောင့် ရေကြီးတယ်ဆိုတာ လုံးဝမှန်ကန်မှုမရှိဘဲ နားလည်မှု လွဲမှားခြင်းသာဖြစ်ပါတယ်။ ဒီနေရာမှာ ရှင်းပြချင်တာက ရေပိုလွှဲဆိုတာ ရေဖောက်ချလို့ ရတဲ့အရာ မဟုတ်ဘဲ ကန်ရေပြည့် သိုလှောင်ပမာဏထက် ကျော်လွန်ပြီး စီးဝင်လာတဲ့ရေတွေကို မူလမြစ်ချောင်းထဲကို စီးထွက်သွားစေဖို့ စနစ်တကျ ဒီဇိုင်းပြုပြီးထည့်သွင်း တည်ဆောက်ထားတဲ့ ရေအား အဆောက်အအုံတစ်ခုသာဖြစ်ပါတယ်။ ဆိုလိုချင်တာက တမံအတွင်း သိုလှောင် နိုင်တဲ့ ရေပမာဏ ပြည့်လာလို့ရှိရင် နောက်ထပ်စီးဝင်လာမယ့် ရေတွေကို ရေပိုလွှဲကတစ်ဆင့် ဖြတ်ကျော်စီးဆင်းစေပြီး မူလချောင်းထဲကို ပြန်စီးဝင်သွားနိုင်အောင် တည်ဆောက်ထားခြင်းပဲ ဖြစ်ပါတယ်။ ရေပိုလွှဲဆိုတာ ရေကျော်စေချင်တိုင်း ကျော်ခိုင်းလို့မရသလို မကျော်ပါနဲ့လို့လည်း တားဆီးလို့ မရပါဘူး။ မိုးတွင်းကာလမှာ ရေစီးဆင်းမှုပမာဏများတဲ့ မြစ်၊ ချောင်းတွေကြောင့် ဒေသတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်တဲ့အခါမှာ အဲဒီ မြစ်၊ ချောင်းတွေရဲ့ စီးဝင်ရေ တစ်စိတ်တစ်ပိုင်းကို ရေလှောင်တမံတွေ အတွင်းမှာ ထိန်းသိမ်း သိုလှောင်ပေးလိုက်တာနဲ့ ရေကြီး ရေလျှံမှုက အတိုင်းအတာတစ်ခုအထိ လျော့ပါး သက်သာနိုင်တဲ့အတွက် မြန်မာနိုင်ငံတစ်ခုတည်း မဟုတ်ပါဘူး၊ တစ်ကမ္ဘာလုံးမှာပါ ရေဘေးကာကွယ်ရေး ရေလှောင်တမံတွေ တည်ဆောက်လျက် ရှိပါတယ်။ အထူးသဖြင့် ဇလဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများအရ ရေဆင်းဧရိယာအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းလို့ အများဆုံးဖြစ်ပေါ်လာနိုင်တဲ့ ရေကြီးချိန် ရေစီးနှုန်းတွေကို ခန့်မှန်းတွက်ချက်ပြီးတော့မှ ရေလှောင်တမံရဲ့ အမြင့်နဲ့ ရေပိုလွှဲရဲ့ အကျယ်တို့ကို လုံခြုံ စိတ်ချနိုင်တဲ့ အခြေအနေအထိ မျှော်မှန်း တည်ဆောက်ထားတာဖြစ်ပါတယ်။

 

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ကြိုတင်သတိပေးချက် ထုတ်ပြန်လျက်ရှိတဲ့ ရာသီဥတုအခြေအနေနဲ့ အချက်အလက်တွေကို ပြည်သူတွေ ကြိုတင်သိရှိနိုင်ရေးအတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ တစ်ဆင့် လိုအပ်ရင် လိုအပ်သလို ထပ်ဆင့် ဖြန့်ဝေအသိပေး ဆောင်ရွက်နေပါတယ်။ မိုးရာသီ ကာလမှာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ အင်ဂျင်နီယာ ဝန်ထမ်းတွေကလည်း တမံကြံ့ခိုင်မှုနဲ့ လုံခြုံရေးအတွက် ၂၄ နာရီ ရေကင်းဂျူတီချပြီး အမြဲမပျက် စောင့်ကြည့်နေပါတယ်။ ထူးခြားဖြစ်စဉ်တွေ ရှိခဲ့ရင်လည်း နိုင်ငံပိုင် သတင်းစာ၊ ပုဂ္ဂလိက ဂျာနယ်နဲ့ လူမှုကွန်ရက် စာမျက်နှာတွေကနေပြီး ပြည်သူတွေ အချိန်နဲ့တစ်ပြေးညီ အခြေအနေမှန်ကို သိရှိနိုင်အောင် အသိပေး တင်ပြပေးသွားမှာပါ။ နောက်တစ်ခုက အခုနှစ် မေလ နောက်ဆုံးပတ်ကနေ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက်ကြောင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက တည်ဆောက် ထိန်းသိမ်းထားတဲ့ ရေလှောင်တမံတွေ ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ခြင်းလည်း မရှိပါဘူး။ ဒေသအစီအစဉ်နဲ့ ထိန်းသိမ်းစီမံဆောင်ရွက်တဲ့ ဆည်၊ ကန်အချို့သာ ကျိုးပေါက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဌာနအနေနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လူအား၊ စက်ယန္တရား အင်အားတွေနဲ့ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိတယ်ဆိုတဲ့အကြောင်း ဖြည့်စွက်ပြောကြားလိုပါတယ်။

 

ဟုတ်ကဲ့ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်း - သီသီမင်း၊ ဓာတ်ပုံ - ကောင်းမြတ်သိန်း