ဆန်ကြောင့်ဂယက်ရိုက်သွားရတဲ့ နှစ်သစ်ကူးနေ့ရက်များ

သင်္ကြန်ရက်တွေ ကုန်ဆုံးပြီးသွားလို့ နွေစပါးတွေလည်း မကြာမီ ရိတ်သိမ်းရတော့မယ့် အချိန်ရောက်လာပါပြီ။ ဒီလိုရက်မှာ မြန်မာ့ဆန်တွေကို အိုင်ဗရီကိုစ့်နိုင်ငံမှာ ကျန်းမာရေးနဲ့မညီညွတ်ဘဲ အန္တရာယ်ရှိတဲ့အတွက် ဖျက်ဆီးခြင်းခံရတယ်ဆိုတဲ့  သတင်းကြောင့် တောင်သူများ၊ ကုန်သည်များနဲ့ သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ အာဏာပိုင်များအားလုံးအပါအဝင် မြန်မာပြည်သူတွေလည်း စိုးရိမ်ပူပန်ခဲ့ရတယ်။ ဥရောပသမဂ္ဂ (အီးယူ) လို နိုင်ငံတွေကိုတောင် တင်ပို့နိုင်ပြီး အဆင်ပြေခဲ့တဲ့ မြန်မာ့ဆန်တွေဟာ ဘယ်လိုကြောင့်များ အာဖရိကနိုင်ငံတွေမှာ အခုလို အဖြစ်ဆိုးနဲ့ ကြုံရသလဲဆိုတာ သိနိုင်အောင် အားလုံးကလည်း စိတ်ဝင်စားနေကြပါတယ်။

 

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ဆန်တွေ

 

အိုင်ဗရီကို့စ်နိုင်ငံရဲ့ အစိုးရကနေ သူတို့နိုင်ငံထဲကို တင်သွင်းရောက်ရှိလာခဲ့တဲ့ မြန်မာ့ဆန် တန်ချိန်ပေါင်း ၁၈၀ဝ၀ ခန့်ကို အန္တရာယ်ရှိတဲ့ စားသောက်ကုန်အဖြစ် သတ်မှတ်ခဲ့ပြီး ဖျက်ဆီးပစ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းစာမျက်နှာတွေမှာ မြင်တွေ့ရပါတယ်။ “သတင်းက အမှန်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆန်စပါးလုပ်ငန်း ရှင်များအသင်းချုပ်ကနေ အချက်အလက်ပိုမိုပြည့်ပြည့်စုံစုံနဲ့ တိတိကျကျ ဖြေရှင်းထုတ်ပြန်ပေးသွားဖို့ ရှိပါတယ်။ လက်ရှိမှာ ဖြစ်စဉ်ကိုလည်း အသေအချာ စုံစမ်းဖော်ထုတ်နေပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်၏ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။

 

မြန်မာ့ဆန်များ အန္တရာယ်ရှိသဖြင့် တိုင်းတစ်ပါးတွင် ဖျက်ဆီးခံရမှုက မြန်မာ့ဆန် ပြည်ပတင်ပို့မှုဈေးကွက်ကို များစွာဂယက်ရိုက်စေရုံမျှမကဘဲ ပြည်ပဈေးကွက်ကို အားထားနေကြရတဲ့ မြန်မာ့သီးနှံဈေးကွက်၊ ရေထွက်ကုန် ဈေးကွက်စတဲ့ ပို့ကုန်ဈေးကွက်ကြီးတစ်ခုလုံးကို အနည်းနှင့်အများ ထိခိုက်သွားစေနိုင်တဲ့အထိ ရိုက်ချက်ပြင်းလှကြောင်း စီးပွားရေးလုပ်ငန်းရှင်များကလည်း ပြောကြားပါတယ်။

 

mdn

 

အိုင်ဗရီကို့စ်ရောက် မြန်မာ့ဆန်များ၏ခရီးအစ

 

“ဒီဆန်တွေက ၂၀၁၈ အောက်တိုဘာလမှာ သင်္ဘောတင်သွားခဲ့တာ။ စင်ကာပူကနေတစ်ဆင့် အာဖရိကနိုင်ငံတွေဆီကို တင်ပို့တာဖြစ်ပါတယ်။ တင်ပို့တဲ့ပမာဏက တန်ချိန် ၂၂၀ဝ၀ ခန့်ဖြစ်ပါတယ်။ ဒါပေမယ့် တန်ချိန် ၄၀ဝ၀ လောက်အရောက်မှာ အပယ်ခံရတယ်။ ဂါနာ၊ ဂီနီနဲ့ တိုဂိုနိုင်ငံတွေကို ဆက်ပြီးပို့တယ်။ အဲဒီတွေမှာလည်း အပယ်ခံရတယ်။ ဒါကြောင့် ကုမ္ပဏီက မြန်မာနိုင်ငံက တင်ပို့သူတွေနဲ့လည်း ချိတ်ဆက်ပြီး တန်ချိန် ၁၈၀ဝ၀ ကိုပြန်သယ်ချင်တယ်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့ စီးပွားရေနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဘက်ကလည်း ပြန်သယ်ယူဖို့ကို အခုနှစ် မတ်လမှာ ခွင့်ပြုခဲ့ပါတယ်” လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးခင်မောင်လွင်က မြန်မာ့အလင်းရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေ ကြားပါတယ်။

 

မြန်မာ့ဆန် အရည်အသွေးနဲ့ စံချိန်စံညွှန်းကိစ္စရပ်များကို နိုင်ငံတကာအဆင့် အတန်းပြည့်မီစေဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ဆန်စပါးအသင်းအဖွဲ့တွေ အားလုံးစုစည်းဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရပါတယ်။ နိုင်ငံခြားကို တင်ပို့တဲ့ ဆန်တွေက ပြည်တွင်းစားသုံးတဲ့ ဆန်နဲ့တော့ သိပ်မတူညီဘဲ အများစုကတော့ ၂၅ မှတ် လို့ခေါ်တဲ့ ဆန်အကျိုးအကျေ ၂၅ ရာခိုင်နှုန်းပါတဲ့ ဆန်တွေဖြစ်ပါတယ်။ အောက်တိုဘာလအတွင်းက သင်္ဘောတင်တဲ့ဆန်ဟာ ခြောက်လကြာပြီးတဲ့အချိန်အထိ သင်္ဘောပေါ်မှာ ရှိနေခဲ့ရတဲ့အတွက် ဆန်ရဲ့ အရည်အသွေးဟာ အနည်းနဲ့အများဆိုသလို ပျက်စီးနိုင်တယ်လို့လည်း ဆန်လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။ သို့သော် ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူပြောကြားချက်အရ ဆန်တွေကို စပို့ပြီးတဲ့အချိန်ကတည်းက ငြင်းပယ်ခံရတယ်ဆိုတဲ့အချက်က ဖျက်ဆီးခြင်းခံရတဲ့အချက်ထက် ပိုပြီးအရေးတကြီး ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့လည်း ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။

 

ဆန်အရည်အသွေးမပြည့်မီလို့ငြင်းခံရရင်

 

ပြည်ပကိုတင်ပို့တဲ့ ဆန်တွေ အရည်အသွေးမပြည့်မီလို့ ငြင်းပယ်ခံရရင် တင်ပို့တဲ့ ကုမ္ပဏီနဲ့ အရည်အသွေးစစ်ဆေးတဲ့အဖွဲ့ကို ဝန်ကြီးဌာနကနေ ပြင်းထန်စွာအရေးယူ ပေးဖို့လိုအပ်တယ်ဆိုပြီး မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ ဥက္ကဋ္ဌ ဦးချစ်ခိုင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

 

ဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်ရဲ့ အတွင်းရေးမှူး ဦးရဲမင်းအောင်ကတော့ အသင်းချုပ်အနေနဲ့ မြန်မာ့ဆန်အရည်အသွေး စံချိန်စံညွှန်းကိစ္စကို နိုင်ငံတကာအဆင့်မီစေဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ပြည်ပတင်ပို့သူတွေနဲ့ သင်္ဘောမတင်မီနဲ့ သင်္ဘောတင်စဉ်မှာ စစ်ဆေးရတဲ့ Third Party Inspection Agency ကလည်း ထိရောက်စွာနဲ့ တိကျစွာ အရည်အသွေးပိုင်းကို စီမံသွားဖို့အတွက် နည်းလမ်းတွေ ရှာဖွေလုပ်ကိုင်သွားမှာဖြစ်ပြီး ကြားခံကုန်သည် Trader တွေကို ရောင်းချရတဲ့အခါ အခုလိုပြဿနာတွေ ပေါ်ပေါက်ရတဲ့အတွက် တိုက်ရိုက် end buyer တွေအထိ ချိတ်ဆက်ရောင်းချနိုင်တဲ့ အစီအစဉ်တွေနဲ့ G to G ရောင်းချမှု အစီအစဉ်တွေ စီစဉ်ရန် လိုအပ်နေတဲ့အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် ရေးသားထားပါတယ်။

 

“စစ်ဆေးတာကလည်း သူ့အဖွဲ့နဲ့သူစစ်တာပါ။ သင်္ဘောတင်တဲ့အချိန်မှာ မိုးမိတယ်လို့လည်း ကြားတယ်။ ပုံတွေမှာ မြင်ရတဲ့အတိုင်းဆိုရင် ခဲနေတာတွေ အများကြီးတွေ့ရတယ်။ ပြောရရင် ဝယ်တဲ့အချိန်မှာ ဈေးကမြင့်ပြီး ဝယ်ပြီးတဲ့အချိန်မှာ ဆန်ဈေးက ကျသွားတာလည်း ပါမယ်ထင်တယ်။ အဓိကကတော့ ကုန်သည်နဲ့ သက်ဆိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက်ကတော့ တိုက်ရိုက်တင်ပို့ လို့မရဘဲ အခုလို တစ်ဆင့်ခံပွဲစားကုန်သည်နဲ့ ခံပြီးတင်ပို့နေရသရွေ့ဒီလိုပြဿနာတွေ ကြုံနေရဦးမှာပဲ။ ပွဲစားတွေက သူတို့အတွက် ကြိုက်ဈေးမရမချင်း သင်္ဘောပေါ်တင်ပြီး လည်ရောင်းသလို ဖြစ်နေတယ်။ အရည်အသွေးမကောင်းတာကျမှ ကိုယ့်နိုင်ငံက နာမည်ထွက်လာရတယ်” လို့  ဆန်လုပ်ငန်းရှင်တစ်ဦးကလည်း ထောက်ပြပါတယ်။

 

ပြိုင်ဆိုင်မှုပြင်းထန်ခြင်းနဲ့ ဈေးကွက်တိုက်ရိုက်ရရှိမှု အားနည်းခြင်း

 

အာဖရိကဈေးကွက်က ယှဉ်ပြိုင်မှု ပြင်းထန်ပြီး အာရှမှ ဆန်တင်သွင်းသူများကလည်း အကြီးအကျယ်ပြိုင်ဆိုင်လေ့ရှိကြောင်းသိရပါတယ်။ မြန်မာနိုင်ငံအပြင် ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်စတဲ့ ဆန်အပြိုင်အဆိုင် ဈေးကွက်တွေကနေ တင်သွင်းကြတာ ဖြစ်တယ်လို့ သိရပါတယ်။

“ပထမအစီအစဉ်က သူတို့ကနေ ပြန်သယ်မယ်ဆိုတော့ ကျွန်တော်တို့ဘက်က လက်ခံတယ်။ ဆန်တွေ ပြန်ရောက်လာခဲ့ရင် ဒါတွေကို စိစစ်မယ်။ ဘာကြောင့် အခုလို ငြင်းပယ်ခံရတယ်ဆိုတာကို အဖြေရှာမယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနကနေ အသင်းချုပ်နဲ့ရော၊ စစ်ဆေးတင်ပို့တဲ့ အဖွဲ့တွေနဲ့ရော အားလုံးတွေ့ဆုံပြီး အဖြေမှန်ကို ဖော်ထုတ်သွားမယ်ဆိုပြီး ရည်ရွယ်ထားတာပါ။ ဒါပေမယ့် ကုမ္ပဏီဘက်က အကြောင်းကြားလာတယ်။ မြန်မာနိုင်ငံကို ပြန်မသယ်တော့ဘူး။ အိုင်ဗရီကို့စ်မှာ ချမယ်ဆိုပြီး ဖြစ်လာတယ်။ ဒီနေ့မနက်ပဲ အဲဒီနိုင်ငံမှာလည်း ဆန်တွေကို ဖျက်ဆီးတယ်ဆိုတဲ့ သတင်းကို သိရှိရတော့တာပဲ” လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဒုတိယအမြဲတမ်းအတွင်းဝန်က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

 

မြန်မာနိုင်ငံကနေ ဆန်တင်ပို့ရောင်းချတဲ့အခါ FOB စနစ်နဲ့ အဓိကရောင်းချပြီး ရန်ကုန်ဆိပ်ကမ်းကနေ ပင်လယ်ကူးသင်္ဘောကြီးတွေပေါ် အရောက်တင်ပို့တဲ့ စနစ်နဲ့ အရောင်းအဝယ်ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ဆန်မှမဟုတ်ပါဘူး။ အခြားဒေသထွက်ကုန်တွေကိုလည်း ဒီလိုစနစ်နဲ့ အရောင်းအဝယ်ပြုလုပ်ကြပါတယ်။ ဒါကြောင့် မြန်မာ့ဆန် ဖြစ်ပေမယ့် မြန်မာတွေပိုင်ဆိုင်ပြီး မြန်မာတွေက ကိုယ်တိုင်အာမခံ ရောင်းချရတဲ့ စနစ်မျိုးတော့ မဟုတ်ပါဘူး။ တစ်ဆင့်ခံဝယ်ယူသွားကြတဲ့ အဝယ်တော် သို့မဟုတ် ကုန်သည်ပွဲစားတွေဟာ သင်္ဘောပေါ်တင်သွားကြပြီး သက်ဆိုင်တဲ့ အချိတ်အဆက်ရှိတဲ့ နိုင်ငံတွေဆီမှာ တစ်ဆင့်ပြန်လည်ရောင်းချကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သင်္ဘောပေါ်မှာ ကုန်ချက်ချင်းမချနိုင်တဲ့အခါ ကြာမြင့်စွာ သိုလှောင်မှုဖြစ်တာ၊ အစိုဓာတ်တွေ ဖြစ်တာနဲ့ အရည်အသွေးတွေ ပျက်စီးတာ၊ ကျဆင်းတာတွေလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။

 

ဘာကြောင့်ငြင်းပယ်ခံရတာလဲဆိုတာ စစ်ဆေးမယ်

 

“ကျွန်တော်တို့ အခုလုပ်ရမယ့်အလုပ်က ဘာကြောင့် အာဖရိကနိုင်ငံတွေကနေ မြန်မာ့ဆန်ကို ငြင်းပယ်ခံရသလဲဆိုတာကို အရင်ဆုံးစိစစ်ပြီး အဖြေရှာမယ်။ ပြီးရင် နောက်ထပ် ဒါမျိုးလုံးဝထပ်မဖြစ်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ ဒုတိယအမြဲတမ်းအတွင်းဝန်က ဆိုပါတယ်။

၁၉၄၀ ပြည့်နှစ်များက မြန်မာ့ဆန်တွေ ကမ္ဘာအနှံ့တင်ပို့နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ အတိတ်ရှိခဲ့သလို ၁၉၉၄ ခုနှစ်က ယခုလိုပဲ မြန်မာ့ဆန်တွေ အရည်အသွေး မမီဘူးလို့ စွပ်စွဲခံရတာလည်း ရှိခဲ့ဖူးပါတယ်။ ဆန်အရည်အသွေး အားနည်းချက်၊ သင်္ဘောတင်စဉ် အမှားအယွင်း၊ တိုက်ရိုက်ရောင်းချနိုင်တဲ့စနစ် အသုံးပြုပြီး တစ်နိုင်ငံချင်းနဲ့ ကုန်သွယ်မှု တိုက်ရိုက်ပြုလုပ်နိုင်မှုမရှိတဲ့ အားနည်းချက် စသည်ဖြင့် အချက်အလက် များစွာရှိနိုင်ပြီး ရင်ဆိုင်ဖြေရှင်းကာ မြန်မာ့ပို့ကုန့်ရှုဲ့ အခန်းကဏ္ဍကို ပြန်လည်မြှင့် တင်ရန်လည်း အမြန်ဆုံးလိုအပ်နေချိန်လည်း ဖြစ်ပါတယ်။

 

“အစိုးရပိုင်းနဲ့  ဝန်ကြီးဌာနပိုင်းက ပိုပြီး အားစိုက်ပြီးတော့ ဆောင်ရွက်ရမှာကတော့ ကုန်သွယ်ဘက်နိုင်ငံတွေနဲ့ ကုန်သွယ်မှုကို ပိုမိုပြီးတော့ ထိုးဖောက်ပေးဖို့ လိုအပ်နေတယ်လို့ မြင်ပါတယ်။ လက်ရှိ အခြေအနေမှာ နည်းနည်းလေးအား ထပ်ဖြည့်ဖို့ လိုနေတယ်လို့မြင်ပါတယ်။ နောက်ပြီးတော့ နိုင်ငံတကာကို လွှတ်ထားတဲ့ စီးပွားရေးသံမှူးတွေရဲ့ စွမ်းဆောင်မှုတွေကို ပိုပြီးတော့ ထက်မြက်လာဖို့ လိုတယ်လို့ မြင်မိပါတယ်။ နောက်ပြီးတော့ bilateral trade agreement တွေ များများရဖို့ လိုတယ်။ နောက်ပြီးတော့ သေချာတဲ့ Quotaတွေ များများ ရဖို့ ပိုပြီးတော့ အားထုတ်ဖို့ လိုတယ်” လို့ စီးပွားရေးပညာရှင် ဦးတင်ထွဋ်ဦးကလည်း လက်ရှိစီးပွားရေးကဏ္ဍအပေါ် သူ့အမြင်ကို ပြောကြားပါတယ်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ မှတ်တမ်းတွေအရ ဆန်တင်ပို့မှုမှာ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်အထိ နိုင်ငံပေါင်း ၅၀ ကိုတင်ပို့ထားခဲ့ပြီး ဆန်မက်ထရစ်တန် ၁၈၂၂၈၂၂ ဒသမ ၁၄၂တန် တင်ပို့ထားခဲ့ပြီး ဆန်ကွဲတင်ပို့မှုမှာ နိုင်ငံပေါင်း ၂၅ နိုင်ငံကို တန်ချိန်ပေါင်း ၃၉၃၇၉၅ ဒသမ ဝ၁၀ တန် တင်ပို့ထားခဲ့ပါတယ်။ နှစ်ခုပေါင်း ပို့ကုန်ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၃၀ ဒသမ ၄၄၀ ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုအနေနဲ့ မက်ထရစ်တန် ၁၁၁၀၉၇၂ ဒသမ ၅၇၂ တန်ရှိပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆၁ ဒသမ ၄၂၃ ရရှိထားပါတယ်။

 

မကြာမီမှာတော့ အစိုးရတာဝန်ရှိသူတွေ၊ အသင်းချုပ်နဲ့ ဆန်စပါးလောကက တာဝန်ရှိသူတွေကနေ လက်ရှိကြုံတွေ့နေရတဲ့ မြန်မာ့ဆန်တွေ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ စားသုံးရန်မသင့်တဲ့ ကုန်စည်အဖြစ် ဖျက်ဆီးခံရတဲ့ ကိစ္စရပ်ကို ဖြေရှင်းပြီး မြန်မာ့ပို့ကုန်ဈေးကွက်မှာ ကြုံရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။

 

“အစွမ်းကုန် ကြိုးစားသွားရမှာပေါ့။ ကျွန်တော်တို့က တိုက်ရိုက်တစ်နိုင်ငံချင်း ရောင်းချနိုင်တဲ့ “အား” နည်းနေတယ်။ ကျွန်တော်တို့ရဲ့ ပို့ကုန်တွေအပေါ်မှာ တိကျတဲ့ အာမခံချက်တွေ၊ မှတ်ကျောက်တင်နိုင်မှုတွေ အခုထက်ပိုပြီး လုပ်နိုင်မယ်ဆိုရင်၊ ခိုင်မာတဲ့ ဈေးကွက်ကိုလည်း ဖော်ဆောင်နိုင်မယ်ဆိုရင် ဒီလိုအဖြစ်မျိုးတွေ ထပ်မဖြစ်ဘူး” လို့ ပြည်တွင်းဆန်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးဝင်းနိုင်က ပြောပါတယ်။ “မြန်မာ့ဆန်တွေရဲ့ ပြည်ပတင်ပို့မှု အနာဂတ် ဖြောင်ဖြူးပါစေလို့ ဆုတောင်းတယ်။ မကြာခင်မှာ နွေစပါးတွေ ရိတ်သိမ်းရတော့မယ်”လို့ ဆက်ပြောရင်း သူ့ရဲ့သက်ပြင်းရှိုက်သံကို ကြားလိုက်ရတယ်။

 

ခင်ရတနာ