ဆင်းရဲတွင်းမှ လွတ်​ကင်းကြပါစေ

ရေနံ့သာမောင်ကျော်ညွန့်

မန်လည်ဆရာတော်ဘုရားကြီးက    “မဃဒေဝ လင်္ကာသစ်” အပိုဒ်ရေ ( ၂၆၁) မှာ- 
“လူမိုက်တစ်သောင်း၊   ချီးမွမ်းရှောင်းလည်း၊ လူကောင်းတစ်ယောက်၊    ပြစ်တင်ကြောက်လော့၊ ရှေ့နောက်မဆ၊ လူ့ဗာလတို့၊ ဂုဏဒေါသ၊ နှစ်ဝ ကျိုးပြစ်၊   စိစစ်မြော်မြင်၊   မဆင်ခြင်ဘူး၊   ဆိုချင် မက်မော၊  ဆိုလျှင်ဆောဖြင့်၊   သဘောအလိုက်၊  တုတ်နှင့်ရိုက်သို့၊  လူမိုက်ချီးမွမ်း၊ ဂုဏ်နာနွမ်း၏။”   လို့ ရေးဖွဲ့တော်မူခဲ့ပါတယ်။

အဲဒီလင်္ကာပိုဒ်ကို ဓမ္မပိယဆရာတော် အရှင် သံဝရာလင်္ကာရပြုစုတော်မူတဲ့     “မဃဒေဝလင်္ကာ အဖြေကျမ်း”မှာ     “လူမိုက်ပေါင်းတစ်သောင်းက ချီးမွမ်းနေသော်လည်း သစ္စာစကားဆိုတတ်သည့် သူတော်ကောင်းတစ်ယောက်၏ ကဲ့ရဲ့ပြစ်တင်ခြင်း ကို ကြောက်ပါလော့။  လူမိုက်တို့သည် အကျိုးအပြစ်၊ ရှေ့နောက်ကိုမဆင်ခြင်ဘဲ      ပြောလိုရာကိုသာ လူမိုက်တို့သဘောအတိုင်း တုတ်နှင့်ရိုက်သကဲ့သို့ ပြောတတ်ခြင်းကြောင့် လူမိုက်တို့၏ ချီးမွမ်းစကား  သည် မိမိ၏ ဂုဏ်သိက္ခာကိုသာ ညစ်နွမ်းစေ၏။”လို့ အဓိပ္ပာယ်ဖွင့်ဆိုပေးထားပါတယ်။

ကဲ့ရဲ့စကားကို မကြားချင်

လူမှုနယ်ပယ်ထဲမှာ     ကျင်လည်နေကြရတဲ့ သူတိုင်းက ချီးမွမ်းတာ၊  အပြစ်ဆို  အပြစ်တင်ကဲ့ရဲ့ တာနဲ့ကင်းလွတ်သူမရှိပါဘူး။  ဘယ်သူမဆိုချီးမွမ်း တာလည်းခံရမယ်၊     အပြစ်ဆို    အပြစ်တင်ကဲ့ရဲ့ တာလည်းခံရမယ်။ ချီးမွမ်းခံရတာကို  သဘောကျ တယ်။ အပြစ်ဆို အပြစ်တင်ကဲ့ရဲ့ခံရတာကိုတော့ သဘောမကျဘူး။ ချီးမွမ်းတဲ့စကားကိုပဲ  ကြားချင် ကြတယ်။ အပြစ်ဆို အပြစ်တင်ကဲ့ရဲ့တဲ့စကားကို တော့ မကြားချင်ကြဘူး။
ဘယ်သူမဆို  ချီးမွမ်းတဲ့စကားကို  ကြားရရင် ကျေနပ်တယ်။    သဘောကျတယ်။     အပြစ်ဆို  အပြစ်တင်ကဲ့ရဲ့တဲ့စကားကိုကြားရရင်  မကျေနပ် ဘူး။ သဘောမကျဘူး။  ကျေနပ်သဘောကျတော့ သာယာတယ်။ မကျေနပ် သဘောမကျတော့ ခံပြင်း  ရရော။ ဒါကလည်း သဘာဝပါပဲ။ ဒါပေမယ့် ချီးမွမ်း ခံရတိုင်းလည်း  သာယာစရာမဟုတ်သလို  အပြစ်ဆို အပြစ်တင်ကဲ့ရဲ့ခံရတိုင်းလည်း ခံပြင်းစရာမဟုတ် ပါဘူး။

ချီးမွမ်းတဲ့သူ၊ အပြစ်ဆို အပြစ်တင်ကဲ့ရဲ့တဲ့သူက သူ့ရဲ့အကဲဖြတ်အမှတ်ပေးတဲ့အပေါ်   မူတည်ပြီး သူ့အမြင်၊ သူ့အတွေးနဲ့ချီးမွမ်းတာ၊ အပြစ်ဆိုအပြစ် တင်ကဲ့ရဲ့တာပါ။ ဒီတော့ အကဲဖြတ်အမှတ်ပေးသူက တရားမျှတဖို့၊ ဘက်မလိုက်ဖို့၊ သမာသမတ်ကျဖို့၊ အဂတိကင်းစင်ဖို့ လိုတာပေါ့။ ဒါကြောင့် ချီးမွမ်းတဲ့ သူ၊ အပြစ်ဆို အပြစ်တင်ကဲ့ရဲ့တဲ့သူက သမာသမတ် ကျတဲ့သူဖြစ်ဖို့ အင်မတန်အရေးကြီးပါတယ်။

သမာသမတ်ကျတဲ့သူဆိုတာက မျှတဖြောင့်မတ် တဲ့သူပါပဲ။ သမာသမတ်ကျတဲ့သူက  အကြောင်းနဲ့ အကျိုး၊ အကောင်းနဲ့ အဆိုးကို သိတယ်။ ရှေ့နောက် မြော်မြင်    ဆင်ခြင်တုံတရားရှိတယ်။  ပုဂ္ဂလဓိဋ္ဌာန် အစွဲမသန်ဘူး။    ပုဂ္ဂိုလ်ရေးခံစားချက်မရှိဘူး။   ငါစွဲ၊  အတ္တစွဲမရှိဘူး။ ချီးမွမ်းထိုက်သူကိုပဲ ချီးမွမ်းတယ်။

ဆိုးကျိုး၊ ဆိုးပြစ်တွေ ဖြစ်စေ

မချီးမွမ်းထိုက်သူကို မချီးမွမ်းပါဘူး။ အပြစ်ဆို အပြစ်တင်ကဲ့ရဲ့ထိုက်သူကိုပဲ အပြစ်ဆိုအပြစ်တင် ကဲ့ရဲ့တယ်။ အပြစ်မဆို အပြစ်မတင်မကဲ့ရဲ့ထိုက်သူ ကို  အပြစ်မဆို  အပြစ်မတင်မကဲ့ရဲ့ပါဘူး။  ဒီတော့  သမာသမတ်မကျတဲ့သူရဲ့ချီးမွမ်းတာ၊   အပြစ်ဆို အပြစ်တင်ကဲ့ရဲ့တာက အချည်းနှီးပါပဲ။ သမာသမတ် မကျတဲ့သူရဲ့  အပြစ်ဆိုအပြစ်တင်    ကဲ့ရဲ့တာက အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့ခံရသူကို မထိခိုက်မနစ်မွန်း စေပါဘူး။ သူ့ကိုပဲ ပြန်လည်ထိခိုက်နစ်မွန်းစေတာ ပါပဲ။ သမာသမတ်မကျတဲ့သူရဲ့  ချီးမွမ်းမှုကလည်း  ချီးမွမ်းခံရသူကို ကောင်းကျိုးမဖြစ်ပါဘူး။ ဆိုးကျိုး၊ ဆိုးပြစ်တွေကိုပဲ ဖြစ်စေတာပါပဲ။

အများအဖို့ရော  ကိုယ့်အဖို့ပါ  ကောင်းကျိုး ချမ်းသာဖြစ်ပွားအောင် ကြိုးစားအားထုတ်တဲ့သူက  ချီးမွမ်းထိုက်တဲ့သူပါ။ ချီးမွမ်းထိုက်တဲ့သူကို ချီးမွမ်း ကြရမှာဖြစ်ပါတယ်။ ချီးမွမ်းထိုက်တဲ့သူကိုတွေ့ရင်  သမာသမတ်ကျတဲ့သူက  ဝမ်းသာတယ်။   ဂုဏ်ယူ တယ်။ ဒီတော့  ထုတ်ဖော်ဂုဏ်ပြုချီးမွမ်းတာပေါ့။ ထုတ်ဖော်ဂုဏ်ပြုချီးမွမ်းလိုက်တာက အားပေးလိုက် တာပါပဲ။   ထုတ်ဖော်ဂုဏ်ပြုချီးမွမ်းခံရတဲ့သူအဖို့ လည်း အားတက်သရောဖြစ်ရတယ်။    ဆက်လက် ကြိုးစားအားထုတ်လိုစိတ်တွေ  ပြင်းပြထက်သန် နေတာပေါ့။
သမာသမတ်ကျတဲ့သူက ချီးမွမ်းစရာတွေ့ရင် ချီးမွမ်းသလို အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့စရာ တွေ့ရင် လည်း လျစ်လျူရှုမနေပါဘူး။   အပြစ်ဆိုအပြစ်တင် ကဲ့ရဲ့တာပါပဲ။ တမင်သက်သက်တော့ မဟုတ်ပါဘူး။  ချွတ်ယွင်းချွတ်ချော်  လွဲမှားနေတာတွေကိုတွေ့မှ အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့တာပါ။       ဒါကလည်း  ချွတ်ယွင်းချွတ်ချော်လွဲမှားနေတာတွေကို ဆက်ပြီး  တော့    မကျူးလွန်စေချင်လို့   တားမြစ်တာပါပဲ။ အပြစ်ဆိုအပြစ်တင် ကဲ့ရဲ့ခံရသူကလည်း အလွဲအမှား တွေကို ဆက်လက်မကျူးလွန်မိအောင် ရှောင်ရှား လိုက်တော့ အမှားကင်းတာပေါ့။

အများအကျိုးကို ပျက်စီး

ကိုယ်ကျိုးအတွက် အများအကျိုးကို ပျက်စီး အောင် ဖျက်ဆီးတာမကောင်းပါဘူး။ အဖျက်သမား ပါပဲ။  ပျက်စီးအောင် ဖျက်ဆီးတဲ့  အဖျက်သမားကို အပြစ်ဆိုအပြစ်တင်ရမှာပါ။    ကဲ့ရဲ့ရှုတ်ချရမှာပါ။ ဒါပေမယ့် သမာသမတ်မကျတဲ့သူကတော့  အပြစ် မဆိုပါဘူး။ အပြစ်မတင်ပါဘူး။ အပြစ်မဆို  အပြစ် မတင် မကဲ့ရဲ့တဲ့အပြင် ချီးမွမ်းပေးနေတော့တာပါပဲ။

သမာသမတ်မကျတဲ့သူကတော့ သူနဲ့အလွမ်း သင့်တဲ့သူဆိုရင် ချီးမွမ်းတယ်။ အလွမ်းသင့်နေတဲ့ သူက အဖျက်သမားဖြစ်နေလည်း ချီးမွမ်းတာပါပဲ။ ချီးမွမ်းခံရတဲ့   အဖျက်သမားကလည်း    ချီးမွမ်းခံရ လေလေ ဆက်ပြီးဖျက်ဆီးလေလေပဲ။ ချီးမွမ်းတဲ့သူ ကလည်း   ပျက်စီးအောင်  ဖျက်ဆီးနေလေလေ ချီးမွမ်းလေလေပါပဲ။  အဲဒီလို  သမာသမတ်မကျတဲ့သူ ချီးမွမ်းပေးနေတာက     ချီးမွမ်းခံနေရတဲ့သူကို ဒုက္ခတွင်းထဲကျအောင်     တွန်းပို့ပေးနေတာပါပဲ။ သွေးထိုးလှုံ့ဆော်ပေးနေတာပါပဲ။

မုဒိတာမပွားနိုင်

အဲဒီသမာသမတ်မကျတဲ့သူက သူနဲ့အလွမ်း မသင့်သူဆိုရင်    ချီးမွမ်းစရာတွေ   ဘယ်လောက် များများ    မချီးမွမ်းပြန်ဘူး။    မချီးမွမ်းတဲ့အပြင် အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့နေတော့တာပဲ။ ချီးမွမ်းဖို့ ကောင်းတာကို     မချီးမွမ်းတာက   မုဒိတာမပွားနိုင် လို့ပါ။ မုဒိတာမပွားနိုင်တော့ မနာလိုဘူး။ မနာလို တော့ အပြစ်ဆိုအပြစ်တင်တယ်။ ကဲ့ရဲ့ရှုတ်ချတယ်။ ချီးမွမ်းစရာတွေကို    ညှိုးနွမ်းသွားအောင်လို့ပေါ့။  ဒါပေမယ့် မညှိုးနွမ်းပါဘူး။
သမာသမတ်ကျတဲ့သူ ချီးမွမ်းတာ၊ အပြစ်ဆို အပြစ်တင်ကဲ့ရဲ့တာက ဘဝအတွက် ကျေးဇူးကြီးမား လှပါတယ်။  သမာသမတ်မကျတဲ့သူ  ချီးမွမ်းတာ၊ အပြစ်ဆိုအပြစ်တင် ကဲ့ရဲ့တာကတော့ ဘဝအတွက်  ကျေးဇူးမပြုပါဘူး။ ဘဝအတွက်  ကျေးဇူးမပြုတဲ့  သမာသမတ်မကျသူက ချီးမွမ်းတာကို  မသာယာ မိအောင်၊ မယစ်မူးမိအောင် အလေးအနက်  သတိမူ ကြဖို့လိုသလို အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့တာကိုလည်း ခံပြင်းမနေဖို့အလေးအနက် သတိမူကြရပါမယ်။

ချီးမွမ်းရမှာကို  မချီးမွမ်းဘဲ မချီးမွမ်းရမှာကို ချီးမွမ်းနေရင် ဆင်းရဲတွင်းနစ်အောင် နှစ်နေတာပါပဲ။  အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့ရမှာကို အပြစ်မဆို အပြစ်   မတင် မကဲ့ရဲ့ဘဲ အပြစ်မဆို  အပြစ်မတင်ရမှာကို  အပြစ်ဆိုအပြစ်တင်ကဲ့ရဲ့နေရင်လည်း ဆင်းရဲတွင်း နစ်အောင် နှစ်နေတာပါပဲ။ 
ဒီတော့  ဆင်းရဲတွင်းမှ  လွတ်​ကင်းနိုင်အောင် စဉ်းစားဆင်ခြင်နိုင်ကြဖို့    ရေးသားတင်ပြလိုက် ရပါတယ်။           ။