ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ဆင်ပေါင်ဝဲ       ဇူလိုင်   ၁

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၉၅ ဒသမ ၂ သန်း အသုံးပြုကာ ကျေးရွာ ၁၁ ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက်  ဦးစာပေးဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာနှစ်တွင် ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကျေးရွာ ၁၁ ရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၈၁ ဒသမ၂ သန်း၊ မကွေးတိုင်းဒေသကြီး အစိုးရ ရန်ပုံငွေကျပ် ၁၄ သန်း စုစုပေါင်းငွေကျပ် ၁၉၅ ဒသမ ၂ သန်းဖြင့် စက်ရေတွင်း ခုနစ်တွင်း တူးဖော်ခြင်း၊ မြေသားရေကန်နှစ်ကန် တိုးချဲ့တူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း ကိုးခုနှင့် အလျား ၁၀ ပေ၊ အနံ ရှစ်ပေအမြင့် ရှစ်ပေရှိ ရေစက်ရုံ ကိုးခု တည်ဆောက်ခြင်း လုပ်ငန်းများကို ဇန်နဝါရီလ ပထမ အပတ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦး ပြောပြချက်အရ သိရသည်။

သောက်သုံးရေရရှိရေး ဆောင်ရွက်သည့် ကျေးရွာ ၁၁ ရွာမှာ ပိတောက်စမ်း၊ ဖိုစွတ်၊ စည်ပင်၊ တလင်းကုန်း၊ ပိတောက်ကန်၊ ပန်းလည်၊ ချီစွတ်၊ ဖိုလေးလုံး၊ မြောင်ကြီး၊ ကျောက်ဆောင်စမ်း၊ ကျောက်ဖြူတောင် စသည့် ကျေးရွာများဖြစ်ပြီး အဆိုပါ ရေရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ၁၁ ရွာရှိ ကျေးရွာနေ ပြည်သူ များနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေများ ဖူလုံစွာရရှိနေပြီဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)