ဆင်ခြင်မှုမဲ့ အမှားများကြားက မျှော်လင့်ချက်လမ်းစများ

 

မြင့်မြတ်

 

သေချာတွေးကြည့်ရင် အနောက်ဥရောပနိုင်ငံတွေ၊ အီးယူနိုင်ငံတွေအပေါ် မိတ်ဆွေမပီသတဲ့နိုင်ငံ၊ တစ်နည်းရန်သူလို့ ဆိုနိုင်လောက်တဲ့ နိုင်ငံဟာ အမေရိကန်ကိုယ်တိုင်ပဲလား။ မြင်ကြည့်ဖို့လိုပါမယ်။ အခုပဲကြည့်လေ စစ်ပွဲကြားကပဲ မျှော်လင့်ချက်သစ် တစ်ခုလား၊ ငြိမ်းချမ်းရေး ရောင်ခြည်လေလား။ ရှားရှားပါးပါး ရုရှားအစိုးရနဲ့ ယူကရိန်းအစိုးရအကြား တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ လက်မှတ်ရေးထိုး သဘောတူညီချက်တစ်ခုကို ၂၂ - ၇ - ၂၀၂၂ ရက်နေ့က ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

အဓိကက နေတိုးအဖွဲ့ဝင် တူရကီနိုင်ငံနဲ့ ကုလသမဂ္ဂတို့ရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုတွေနဲ့အတူ ယူကရိန်းပြည်သူတွေနဲ့ အနောက်ဥရောပ အပါအဝင် ကမ္ဘာ့ပြည်သူ သန်းပေါင်းများစွာရဲ့ အငတ်ဘေးမဆိုက်ရောက်နိုင်ရေး ကြိုးပမ်းလိုက်ကြရတဲ့ အသီးအပွင့်တစ်ခုဟာ ယခုအခါ ပေါ်ထွက်လာပြီလို့ ဆိုနိုင်ပါတယ်။

 

အငတ်ဘေးဖြေရှင်းနိုင်မယ့် ရုရှား - ယူကရိန်းသဘောတူညီမှုတစ်ခု

 

ဒီသဘောတူညီချက်က ကမ္ဘာ့ပြည်သူတွေအတွက် လိုအပ်နေတဲ့ ယူကရိန်းရဲ့ ဆန်၊ ဂျုံ၊ ပြောင်း ရိက္ခာနဲ့ စားသောက်ကုန်တွေကို ပင်လယ်နက် ထွက်ပေါက်ကတစ်ဆင့် လွတ်လွတ်လပ်လပ် တင်ပို့နိုင်ဖို့ လမ်းပွင့်သွားစေခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် သပိတ်မှောက် sanction အလုပ်ခံထားရတဲ့ ရုရှားကုန်စည်တွေလည်း ပြန်လည် တင်ပို့လို့ရပြီဆိုတဲ့သဘောကို တွေ့ရပါတယ်။ ဒါကြောင့် SWIFT ဆိုတဲ့ နိုင်ငံတကာ ငွေပေးချေလွှဲပြောင်းနိုင်တဲ့ ကွန်ရက်စနစ်ကနေ ရုရှားဘဏ်တွေကို ဖယ်ထုတ်ပိတ်ဆို့ထားရာက ရုရှားကိုပြန်ပြီး ခွင့်ပြုရတော့မှာဖြစ်ပါတယ်။

 

ရုရှားဘဏ်တွေ ban ခံထားရတဲ့အတွက် ရုရှားရဲ့ ပို့ကုန်သွင်းကုန်တွေအတွက် ငွေပေးငွေယူ အချေးအငှား ရင်းနှီးမြှုပ်နှံမှုတွေမှာလည်း အတော်အထိနာခဲ့ရတယ်။ ဒါကြောင့်လည်း ဒီလိုသက်ရောက်မှုအပေါ် တန်ပြန်သက်ရောက်မှုတွေက ကြီးမားခဲ့ရတာပါ။ အားလုံးလည်း ထိခိုက်ခဲ့ရပါတယ်။ အခုတော့ ထိခိုက်မှုတွေကို ကုစားဖို့ သင်ခန်းစာရကြပြီထင်ပါရဲ့။ ဒါကို အမေရိကန်ကလည်း သဘောတူတယ်ဆိုတော့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှာ တိုးတက်မှုတစ်ခုလို့တော့ ဆိုနိုင်လောက်ပါတယ်။

 

အင်္ဂလိပ်အခက် - ဗမာအချက် ဆိုသလိုပါပဲ။ SWIFT နဲ့ အလုပ်မဖြစ်တဲ့ ရုရှားနိုင်ငံအဖို့ တရုတ်နိုင်ငံရဲ့ CIPS နယ်ခြားဖြတ်ကျော် ငွေပေးချေတဲ့စနစ်တစ်ခုကိုတော့ မဖြစ်မနေ သုံးစွဲရတော့မယ်လို့ သုံးသပ်နေကြပါပြီ။ ဘာပဲဖြစ်ဖြစ် ဒါဟာလည်း တိုးတက်မှု လမ်းအသစ်တစ်ခုအနေနဲ့ ထွက်ပေါ်လာနေပြီလို့ ဆိုနိုင်ပါတယ်။

 

အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဟောင်းရဲ့ သတိပေးချက်

 

အမေရိကန်က မီးမွှေးလို့ဖြစ်ရတဲ့စစ်ပွဲမှာ ကြားခံ proxy ဖြစ်ရတဲ့ ယူကရိန်းနိုင်ငံနဲ့ ယူကရိန်းအစိုးရအပါအဝင် ကမ္ဘာကြီးဟာ စစ်ရဲ့အဓိက တရားခံကို မြင်သင့်နေပါပြီ။ အမေရိကန်ရဲ့နောက်ကလိုက်ပြီး ကြိုးဆွဲရာကမိတဲ့ အီးယူတစ်သိုက် အနေနဲ့လည်း ကြီးမားလှတဲ့ အဆုံးအရှုံးများနဲ့အတူ သင်ခန်းစာရသင့်နေပါပြီ၊၊ အမေရိကန် ခေါင်းဆောင်တွေနဲ့ နေတိုးအဖွဲ့ဟာ ရုရှားနဲ့မပြီးဆုံးနိုင်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကိုချပြပြီး ယူကရိန်းမှာ ဆင်ခြင်တုံတရားမဲ့တဲ့ စစ်ပွဲကို ဖန်တီးခဲ့ကြပါတယ်၊၊

 

ဒီလိုဖြစ်လာနိုင်တယ်လို့လည်း လွန်ခဲ့တဲ့ ၁ဝ နှစ်လောက် ကတည်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာက ကြိုတင်သတိပေးပြီးသားပါ။ ဒီလိုသာ အဆင်အခြင်မဲ့ဆက်ပြီး ထိပ်တိုက်ရင်ဆိုင်တဲ့လမ်းကို ဆက်သွားနေကြမယ်ဆိုရင် အမေရိကန်နဲ့ တရုတ်ကြားမှာလည်း ယူကရိန်းစစ်ထက်ပိုကြီးမားတဲ့ ပဋိပက္ခကြီးတွေ ဆက်တိုက်ဖြစ်လာနိုင်တယ်လို့ အသက် ၉၉ နှစ်ရှိ နိုင်ငံရေးသုခမိန်ကြီး ကစ်ဆင်ဂျာက လွန်ခဲ့တဲ့ သုံးရက်ခန့်က ထပ်မံ သတိပေးခဲ့ပြန်ပါပြီ။ ဒီအချက်ကို သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သူ့ရဲ့အစိုးရ အရာရှိတွေ အလေးအနက်ထားသင့်ပါတယ်။

 

ဘာကြောင့် ဒီလိုနိုင်ငံရေးသုခမိန်ကြီးရဲ့ သတိပေးချက်ကို ပြောရသလဲဆိုတော့ အမေရိကန်အနေနဲ့ ယူကရိန်းစစ်ပွဲမှာ သူထင်သလို မဖြစ်၊ သူ့ရဲ့ဩဇာက ကမ္ဘာမှာကျဆင်းနေ၊ ပြည်တွင်းမှာလည်း သမ္မတ တစ်ယောက်အပေါ် ပြည်သူရဲ့ထောက်ခံမှု အနိမ့်ဆုံးဖြစ်၊ စီးပွားရေး၊ နိုင်ငံရေး ကမောက်ကမတွေနဲ့ လုပ်တိုင်းမဖြစ် ထင်တိုင်း မပေါက်တဲ့ အခြေအနေမှာ အရှုံးကိုအဖတ်ဆယ် အာရုံပြောင်းလှည့်လာတာက အာရှတိုက်ဘက်ဖြစ်နေတယ်။ တရုတ်နဲ့ ထိုင်ဝမ်ကို ဆက်ပြီးမီးမွှေးမယ့် အနေအထားတွေကို တွေ့လာရပါတယ်။ ဒီလို အခြေအနေများကြားမှာပဲ နိုင်ငံခြားရေး ဝန်ကြီးဟောင်းရဲ့ သတိပေးမှုနဲ့အတူ ယခုလို ယူကရိန်းနဲ့ ရုရှားကြား သဘောတူညီမှုသေးသေးလေးကို ကြားသိရခြင်းဟာဖြင့် ကမ္ဘာ့ပြည်သူတွေအတွက် မျှော်လင့်ချက်ရေးရေးလေးတစ်ခု တွေ့လိုက်ရသလိုပါပဲ၊ အားတက်စရာလည်း ဖြစ်ခဲ့ပါတယ်။

 

အင်္ဂလန်ဝန်ကြီးချုပ်ဟောင်းရဲ့မှတ်ချက်ကလည်း သတိပြုစရာ

 

အမေရိကန်နဲ့ အနောက်အုပ်စုတို့ ထင်သလိုဖြစ်မလာဘူးလို့ ဘာကြောင့်ပြောရသလဲဆိုတော့ ဒီအချက်ကို အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲရဲ့ ပြောစကားက သက်သေခံနေလို့ဖြစ်ပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့က လန်ဒန်ဖိုရမ်တစ်ခုမှာ ဝန်ကြီးချုပ်ဟောင်းရဲ့ ပြောစကားမှာပါ၀င်တဲ့ အနောက်အုပ်စုရဲ့ လွှမ်းမိုးမှုဟာ နိဂုံးချုပ်ပြီဖြစ်ပြီး တရုတ်နဲ့ ရုရှားဟာ ပူးပေါင်းမိပြီး ကမ္ဘာကိုလွှမ်းမိုးလာတော့မယ်၊ ကမ္ဘာကြီးဟာ အမေရိကန်နဲ့ အနောက်အုပ်စုအလိုကျ world order ဖြစ်နေတဲ့ uni- polar ကနေ Bi- polar သို့မဟုတ် multi- polar အထိ အရွေ့တွေ တွေ့နေရပြီဆိုတဲ့မှတ်ချက်ဟာ အမေရိကန်နဲ့ အနောက်အုပ်စုအတွက် သတိပေးတပ်လှန့်သံတစ်ခု ဖြစ်နေပါတယ်။

 

ဒါပေမယ့် ဒီလိုဖြစ်လာရင်လည်း စိုးရိမ်စရာတစ်ခုတော့ မဟုတ်ပါဘူး၊ ကမ္ဘာကြီးကို နိုင်ငံအားလုံးပါဝင်ပြီး အတူတကွပူးပေါင်း ဆောင်ရွက်ကြမယ့် အရွေ့ဟာ သူတစ်လူ ငါတစ်မင်း တစ်ဦးတည်းကြီးစိုးပြီး မောက်မာလွှမ်းမိုးတဲ့ လမ်းစဉ်ထက်တော့ ပိုကောင်းမယ်လို့ ယူဆနိုင်လို့ ဖြစ်ပါတယ်။

 

အဆင်အခြင်မဲ့အမှားက သက်ရောက်မှုပိုကြီးမား

 

ရုရှား - ယူကရိန်းစစ်ရဲ့ ကမ္ဘာကြီးအပေါ် သက်ရောက်မှုတွေက ကြီးမားလွန်းလှပါတယ်။ ရုရှားအနေနဲ့တော့ ၂၀၁၄ ခုနှစ် ကရိုင်းမီးယား အရေးပြီးကတည်းက အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုကို ရင်ဆိုင်ရင်း အကောင်းဆုံးဖြစ်အောင် ကြိုတင် ပြင်ဆင်ထားခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုမှန်သမျှ ခံနိုင်ရည်ရှိရှိနဲ့ တုံ့ပြန်နိုင်အောင် အဖြေရှာပြီး ဒေါ်လာအပေါ် မှီခိုမှု နည်းနိုင်သမျှနည်းအောင် ပြင်ဆင်ထားပုံရပါတယ်။ နိုင်ငံခြားငွေနဲ့ ရွှေကို အရန်ငွေအဖြစ် စံချိန်တင်ထားပြီး ရူဘယ်လ်တန်ဖိုးကျမသွားအောင် ထိန်းထားနိုင်တာ တွေ့ရပါတယ်။ ဒီလိုပြဿနာတွေကို ဗျူဟာကျကျ ကြိုတင်ပြင်ဆင်နိုင်မှုအားနည်းတဲ့ နိုင်ငံငယ်တွေ အထူးသဖြင့် ဆင်းရဲတဲ့နိုင်ငံတွေဟာ ပိုပြီးခံစားရပါတယ်။ နိုင်ငံငယ်တွေ ပိုထိတယ် ဆိုပေမယ့်လည်း နိုင်ငံကြီးတွေလည်း မလွတ်ပါဘူး၊၊

 

အထူးသဖြင့် ရုရှားကို အလုံးစုံနီးပါး ပိတ်ဆို့ခဲ့တဲ့ EU ရဲ့ ဗျူဟာအမှား၊ အဆင်အခြင်မဲ့အမှား၊ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတဲ့ သဘောတရားကို မောဟဖုံးနေတဲ့ အနောက်အုပ်စု ခေါင်းဆောင်တွေ သတိလက်လွတ် ဖြစ်သွားပုံရပါတယ်။ ဟန်ဂေရီနိုင်ငံကလွဲပြီး ဆိုးကျိုးသက်ရောက်နိုင်မှုတွေကို တွက်ချက်နိုင်ခဲ့ပုံမရကြဘူး၊၊ အမှန်လည်း အံ့ဩစရာကောင်းလှပါတယ်၊ စွမ်းအင်အမြောက်အမြား ပိုင်ဆိုင်ထားတဲ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံကို ပိတ်ဆို့ပြီး ပြဿနာရှာရင် ဖြစ်လာမယ့်နောက်ဆက်တွဲတွေကို ရုရှားရဲ့ စွမ်းအင်ကို ၃၈ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက်အထိ မှီခိုနေရတဲ့ ၂၇ နိုင်ငံ သော အနောက်နိုင်ငံတွေ မတွက်ဆမိတာ အမှားကြီးမှားတာပါပဲ။ အထူးသဖြင့် ဂျာမနီနဲ့ အီတလီပေါ့၊ ယခုတော့ စွမ်းအင်ငတ်မွတ်မှု ပြဿနာနဲ့အတူ ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့ပြဿနာနဲ့ ကုန်ဈေးနှုန်းတွေ မတန်တဆ ကြီးမြင့်မှုဒဏ်တွေကို ကမ္ဘာ့ပြည်သူတွေ ခါးစည်းခံနေကြရပြီဆိုတာ လက်တွေ့မြင်နေရပြီဖြစ်လို့ပါပဲ။

 

အကျပ်အတည်းကာလမှာ ကိုယ့်ဘာသာကိုယ်ရပ်တည်နိုင်တာ အကောင်းဆုံး

 

ဒါ့အပြင် စစ်ကြောင့်ဒုက္ခသည်တွေ အရေးလည်း ရှိပါသေးတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကက ဒုက္ခသည်တွေအပြင် ယခု ၇ သန်းခန့်အထိ တိုးပွားလာနေတဲ့ ယူကရိန်းဒုက္ခသည်တွေအရေးပါ တနင့်တပိုးကြီး ထမ်းပိုးရတော့မယ့် EU နိုင်ငံတွေရဲ့ အနေအထားဟာ ရင်လေးစရာပါပဲ။ အံ့ဩရတာက ဒီလိုနောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်မယ့်အရေး အနောက်ဘက်က နိုင်ငံရေးသုခမိန်တွေ မစဉ်းစားမိကြဘူးလား၊ မစဉ်းမိတာမဟုတ်၊ အမေရိကန်ရဲ့ အရိပ်အောက်မှာ မှီခိုနေရပြီး အမှောင်ဖုံးနေကြလို့သာ မစဉ်းစားနိုင်ကြတာ ဖြစ်မယ်လို့ တွေးမိပါတယ်။

 

ဘာကြောင့် ဒီနိုင်ငံတွေဟာ အမေရိကန်ကြီးကို ဒီလောက်အမှီ သဟဲပြုနေရသလဲ။ ဖြစ်နိုင်တဲ့ အချက်တစ်ချက်က အထင်ကြီးလောက်စရာ ကမ္ဘာ့စူပါ ပါဝါကြီးဆိုတဲ့အချက်နဲ့ ငါတို့နိုင်ငံမှာ ဘယ်လိုအခက်အခဲပဲရှိရှိ ဒီစူပါပါဝါကြီးက အားလုံးကို ဖြေရှင်းပေးနိုင်စွမ်းတယ်လို့ ယုံကြည်နေတာရယ်၊ နောက်တစ်ချက်က နိုင်ငံအတော်များများအပေါ်မှာ အမေရိကန်ဘက်က ပေးဆပ်ဖို့တင်ရှိနေတဲ့ အကြွေးတွေပြန်မရမှာ စိုးရိမ်နေရတဲ့အချက်တွေကြောင့် ဒီနိုင်ငံတွေဟာ အမေရိကန်ပြောသမျှ လိုက်လုပ်နေရတဲ့အခြေအနေမှာ မှီခိုနေရတာ ဖြစ်ပါတယ်။

 

ဘာပဲဖြစ်ဖြစ် ယခုလို စီးပွားရေးကျဆင်းနေတဲ့အချိန်၊ စစ်ပွဲတွေနဲ့ မပြီးဆုံးသေးတဲ့ ကိုဗစ်ကပ်ကြီးနဲ့အတူ မသေချာမရေရာမှုတွေ ပြည့်နေတဲ့အချိန် ယခုလို အကျပ်အတည်း ကာလတစ်ခုမှာ၊ တစ်ပါးနိုင်ငံအပေါ်မှာ အနှောင်အဖွဲ့ကင်းကင်း အမှီအခိုနည်းနိုင်သမျှ နည်းစွာ နဲ့ ရပ်တည်နိုင်မှသာလျှင် မိမိတို့ရဲ့မူဝါဒတွေကို လွတ်လွတ်လပ်လပ် ချမှတ်နိုင်တဲ့ သေချာတဲ့အခွင့်အရေးဆီ ရှေးရှုလို့ရနိုင်တယ်ဆိုတာ ဒီစစ်ပွဲကနေ သင်ခန်းစာယူရပါလိမ့်မယ်။

 

စီးပွားရေးဆိုးကျိုးသက်ရောက်မှုမှ နိုင်ငံရေးအနုတ်လက္ခဏာသို့

 

သက်ရောက်မှုက စီးပွားရေးတစ်ခုမှာတင်မပြီးပါဘူး၊ စီးပွားရေးနဲ့အတူ နောက်ဆက်တွဲ နိုင်ငံရေးအပေါ် ဆိုးကျိုးသက်ရောက်မှုတွေကိုလည်း မြင်နေခဲ့ရပါပြီ။ အနောက်အုပ်စုက အချို့နိုင်ငံတွေရဲ့ အထင်ကရခေါင်းဆောင်တွေ ပြုတ်ကျနေပါတယ်။ ရုရှားကို အပြင်းထန်ဆုံး ဝေဖန်တိုက်ခိုက်ပြီး အမေရိကန်ကို အထောက်ခံဆုံး အင်္ဂလန် ဝန်ကြီးချုပ် ပြုတ်ကျသွားခဲ့ရပါပြီ။ EU ကို ပြန်လည်ကယ်တင်ရေး အကျိုးဆောင်ကြီး အီတလီဝန်ကြီးချုပ်လည်း နုတ်ထွက်ခဲ့ရပါတယ်။ အက်စ်တိုးနီးယားဝန်ကြီးချုပ်လည်း ရာထူးစွန့်ခဲ့ရပါပြီ။

 

အီတလီဝန်ကြီးချုပ် နုတ်ထွက်ခဲ့ရခြင်းဟာ ၈ ဒသမ ၃ ရာခိုင်နှုန်းခန့် ငွေဖောင်းပွမှုမြင့်တက်နေတဲ့ EU တစ်ဖွဲ့လုံးကို လှိုင်းလေထန်သွားစေတယ်လို့ ဆိုပါတယ်။ အစိုးရများသာမက နိုင်ငံသားတွေဟာ သူတို့ရဲ့လူမှုစီးပွားဘဝတွေ ပျက်သုဉ်းမှာကို ကြောက်နေကြရတယ်ဆိုတာ သိသာပါတယ်၊၊ စီးပွားမလှရတဲ့ကြားထဲ သူတို့နိုင်ငံတွေပါ စစ်ပွဲထဲပါ၀င်လာပြီး လုံခြုံရေးအရ လုံလုံခြုံခြုံမရှိလှတဲ့ အခြေအနေဆိုးကို ရင်မဆိုင်ရဲကြပါဘူး။ တောင်အာရှက သီရိလင်္ကာဆိုရင်လည်း စီမံခန့်ခွဲမှုအမှားတွေနဲ့ စီးပွားရေးပြိုလဲပြီး တစ်ဆက်တည်း နိုင်ငံရေး ကတိမ်းကပါးနဲ့ သမ္မတပါ သူ့နိုင်ငံကို စွန့်ခွာရတဲ့ဘဝ ရောက်သွား ရရှာပါတယ်။

 

မလုံခြုံဘူးလို့ခံစားလာရတဲ့ နိုင်ငံများကနိုင်ငံသားတွေရဲ့ဆန္ဒ ဖွင့်ဟပြ

 

ကိုယ့်ရဲ့လုပ်ဆောင်ချက်ကြောင့် ကိုယ့်ဆီပြန်လာမယ့် တန်ပြန်ရိုက်ခတ်မှုကို ကြိုတင်တွက်ဆထားမှု မရှိခြင်းဟာ မိုက်မဲမှုတစ်ခုပါပဲ။ ရုရှား - ယူကရိန်းအရေးမှာ တစ်ဖက်ကို အင်အားချည့်နဲ့အောင် မကောင်းကြံရင်း ကိုယ်ကိုယ်တိုင် ဒဏ်သင့်ပြီး ဆုတ်ယုတ်ပျက်ယွင်းလာတဲ့ အကုသိုလ်အဖြစ်အပျက်တွေကို သံဝေဂယူဖွယ် တွေ့နေရပါတယ်။ အနောက်နိုင်ငံက ပြည်သူတွေဟာ သူတို့အစိုးရတွေ ကိုယ်တိုင်က စစ်ကိုလိုလားသူတွေဖြစ်နေကြတယ်လို့ ခံစားလာကြရပြီး သူတို့အစိုးရတွေကို သပိတ်မှောက်ဆန္ဒပြတာတွေ လုပ်လာကြတယ်။

 

ယူကရိန်းဘက်ကို ပါ၀င်ကူညီထောက်ခံမှုပေးနေတဲ့ နိုင်ငံတိုင်းက နိုင်ငံသားတွေဟာ စစ်ကြောင့် သူတို့ဘဝတွေ မလုံခြုံတော့ဘူးလို့ ခံစားလာကြရပါတယ်။ ဒါဟာ အနောက်နိုင်ငံနဲ့ အရှေ့ဘက်က ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတွေက ပြည်သူတွေရဲ့ သောကတွေက သာဓကပါပဲ။ ဒါကြောင့် အမေရိကန်အစိုးရအဖွဲ့၀င်တွေ ထိုနိုင်ငံတွေရောက်တဲ့အခါ ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ရင်ဆိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

 

ရုရှား - ယူကရိန်းစစ်ဟာ လနဲ့ချီ ကြာလာတာနဲ့အမျှ သင်ခန်းစာ ယူဖွယ်ရာတွေလည်း လစဉ်အပါတ်စဉ်တိုးလျက်ပါပဲ။ သုသာန်ပြင်လို တစ်စစီဖြစ်နေတဲ့ စစ်နယ်၀န်းက ပြည်သူတွေရဲ့ ဒုက္ခတွေကို မျက်ကွယ်ပြုပြီး မိုက်တွင်းနက်သူကလည်း နက်နေဆဲပါပဲ။ စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းပြည်သူတွေနဲ့ ငတ်မွတ်မှုဒဏ်ခံနေရတဲ့ ကမ္ဘာ့ပြည်သူတွေအတွက် ရုရှား၊ ယူကရိန်း၊ တူရကီနဲ့ ကုလသမဂ္ဂတို့က လနဲ့ချီ ကြိုးစားနေချိန်မှာ အမေရိကန်ဘက်ကတော့ ယူကရိန်းဘက်ကို အဆင့်မြင့် လက်နက်တွေထောက်ပံ့ပြီး နိုင်ငံကို မီးလောင်တိုက်သွင်းလို့ ကောင်းတုန်းပါပဲ။

 

EU တောင်မှ ယူကရိန်းကို စစ်ရေးထောက်ပံ့ဖို့ ဘာမှပြောသံ မကြားရတော့တာ သတိထားမိပါတယ်။ ယူကရိန်းစစ်ပွဲကြီး ပြီးဆုံးသွားမှာကို အမေရိကန်အနေနဲ့ လိုလားပုံမရတဲ့ပုံ ပေါ်နေပါတယ်။ တစ်ဖက်မှာလည်း ရုရှားဘက်က ရိက္ခာတွေထောက်ပံ့မယ့် အိုဒက်ဆာရှိ အဓိကဆိပ်ကမ်းနဲ့ သင်္ဘောတွေကို ရုရှားဘက်က ပစ်ခတ်တိုက်ခိုက်တဲ့ သတင်းတွေလည်း ကြားရပြန်ပါတယ်။ ရိက္ခာကို အကြောင်းပြပြီး ယူကရိန်းက လက်နက်တွေသယ်နေတယ်လို့ ရုရှား ဘက်ကတော့ အကြောင်းပြတာတွေ့ရပါတယ်။ ဆိုတော့... ရုရှား - ယူကရိန်းပဋိပက္ခဟာ မရိုးဖြောင့်မှု၊ မသမာမှု၊ ပြည်ပစွက်ဖက်မှုတွေကြောင့် ပြီးဆုံးမယ့်ပုံတော့ မပေါ်သေးပါဘူး။

 

မဆင်ခြင်ဘဲ ခေါ်လိုက်ရင်တော့ စစ်ပွဲဆိုတာ လာမှာပါပဲ။ ခေါ်လိုက်မိတဲ့ စစ်ပွဲတစ်ပွဲဟာ အဆုံးသတ်ဖို့ရန်လည်း ခက်ပါတယ်။ သို့ပေမယ့် ယူတတ်ရင်စစ်ပွဲကြောင့် ကိုယ့်ဆီက အားနည်းချက်နဲ့ ရလိုက်တဲ့သင်ခန်းစာတွေ၊ ပွင့်လာတဲ့အခွင့်အလမ်းတွေ၊ အားသာချက် တွေ မြင်နိုင်သလောက် မြင်ကြည့်ပေးဖို့လည်း လိုပါမယ်။

 

ဘာပဲဖြစ်ဖြစ် စစ်ပွဲကြားထဲက သဘောတူညီချက်လေးတစ်ခုကြောင့် ငြိမ်းချမ်းရေးရောင်ခြည်သဲ့သဲ့လေးမျှ မြင်ရပြီလား။ အခွင့်အလမ်းရေးရေးလေးကို အမိအရဆုပ်ကိုင်ကြပြီး အပြန်အလှန် ပိတ်ဆို့မှုတွေကို ဖြည်းဖြည်းချင်း ဖြေလျှော့နိုင်ကြဖို့တော့ ဆက်လက်လိုအပ်နေပါကြောင်း အပြုသဘောမျှော်လင့်ချက်များဖြင့် ရေးသား လိုက်မိပါတယ်။