​​​​ဆင်ခြေထောက်ရောဂါကင်းဝေးရေး၊ သန်ချဆေးပေါင်း တိုက်ကျွေးပေး

ဒေါက်တာ နေရည်ရည်လင်း၊ ဒုတိယညွှန်ကြားရေးမှူး(သွေးလွန်တုပ်ကွေး/ဆင်ခြေထောက်)

ဆင်ခြေထောက်ရောဂါသည် လတ်တလောသေစေနိုင်သောရောဂါမဟုတ်သော်လည်း ခြေလက်အင်္ဂါပုံသ္ဌာန်ပျက်ယွင်းခြင်းကြောင့် လူမှုရေး၊ စီးပွားရေး ထိခိုက်နစ်နာဆုံးရှုံးမှုရှိသောရောဂါတစ်ခု ဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော အပူပိုင်းဒေသတွင် ဖြစ်ပွားသောရောဂါ(Neglected Tropical Diseases)အမေ့ခံ၊ အပစ်ပယ်ခံရောဂါ(၁၇) ခုအနက် တစ်ခုအပါအဝင် ဖြစ်ပါသည်။


ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၈၅၆ သန်းသည် ဆင်ခြေထောက်ရောဂါကူးစက်နိုင်သည့် အန္တရာယ်ရှိသော နိုင်ငံပေါင်း ၅၂ နိုင်ငံတွင် နေထိုင်လျက်ရှိပြီးယင်းတို့အနက် လူဦးရေသန်း ၁၂၀ ၌ ဆင်ခြေထောက်ရောဂါကူးစက်မှုရှိနေပါသည်။ လူဦးရေ သန်း ၄၀ ကျော်မှာ ဆင်ခြေထောက်ရောဂါလက္ခဏာတစ်ခုခုကို ခံစားနေကြရကာ သန်း ၇၀ ကျော်မှာ ရောဂါလက္ခဏာမပြဘဲ ရောဂါငုပ်နေသည့်အခြေအနေတွင်ရှိပါသည်။ အရှေ့တောင်အာရှဒေသဆိုင်ရာနိုင်ငံ ၁၁ နိုင်ငံအနက် မြန်မာနိုင်ငံအပါအဝင် ခုနစ်နိုင်ငံသည် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုရှိပြီး ပြည်သူလူထုအတွင်း ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် သတ်မှတ်ထားရှိပါသည်။


နည်းဗျူဟာနှစ်ရပ်ချမှတ်ထားရှိ


ထို့ကြောင့် ၁၉၉၇ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး၏ အကြိမ်(၅၀)မြောက်ညီလာခံမှ ဆုံးဖြတ်ချက် ၅၀.၂၉ အရ “၂၀၂၀ ပြည့်နှစ်တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး” ရည်မှန်းချက်ကို မြန်မာနိုင်ငံအပါအဝင် ဆင်ခြေထောက်ရောဂါအမြစ်တွယ်မှုရှိသော နိုင်ငံများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြပါသည်။ နည်းဗျူဟာနှစ်ရပ်ချမှတ်ထားရှိပြီး “ဆင်ခြေထောက် ရောဂါအမြစ်တွယ်မှုရှိသောဒေသများတွင် လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း(Mass Drug administration) လုပ်ငန်းဆောင်ရွက်ရန်”နှင့် “ဆင်ခြေထောက်ရောဂါဝေဒနာခံစားနေရသူများအား ကုသမှုပေးခြင်း၊ ပြည်သူလူထုအခြေပြုမိသားစုအတွင်း ပြုစုစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်ရန်” တို့ဖြစ်ပါသည်။


၉၃ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့


မြန်မာနိုင်ငံတွင် ဆင်ခြေထောက်ရောဂါအမြစ်တွယ်မှုရှိသော ခရိုင်ပေါင်း ၄၅ ခရိုင်တွင် လူအားလုံးဆေးတိုက်ကျွေးခြင်းကို တစ်နှစ်လျှင်(၁)ကြိမ်အနည်းဆုံးငါးနှစ်ဆက်တိုက် တိုက်ကျွေးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် စုစုပေါင်းအမြစ်တွယ်သည့် ၄၅ ခရိုင်တွင် ၁၀ ခရိုင် (၂၂%)၌ ဆေးတိုက်ကျွေးခြင်းကိုအောင်မြင်စွာ ရပ်ဆိုင်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ခရိုင်ပေါင်း ၃၃ ခရိုင်၊ မြို့နယ်ပေါင်း ၁၉၂ မြို့နယ်မှာ လူဦးရေ ၃၂ သန်းခန့် တိုက်ကျွေးနိုင်ခဲ့ပြီး သန်ချဆေးပေါင်းတိုက်ကျွေးခြင်းလုပ်ငန်းလွှမ်းခြုံခဲ့သော ရာခိုင်နှုန်းမှာ ၂၀၁၇ ခုနှစ်တွင် ၈၇ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ၉၃ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ပါသည်။


အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်သွားမည်ယခုနှစ်တွင် လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းကို ဆင်ခြေထောက်ရောဂါကူးစက်မှုမရှိသည့် မြို့နယ်များ၊ ကူးစက်မှုကင်းစင်သွားသည့် မြို့နယ်များတွင် သန်ချဆေးပေါင်းတိုက်ကျွေးရန် မလိုအပ်ပါ။ ဆင်ခြေထောက်ရောဂါပိုး ကူးစက်မှုရှိနေသေးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုရှိ မြို့နယ် ၂၀ဝ တွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ(စုစုပေါင်း ၁၀ ရက်အတွင်း)တစ်ပြိုင်နက် အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၂)ခုမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့ဖြစ်ပါသည်။


လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းအတွက် သန်းပေါင်း ၅၄၃.၈ သန်း တန်ဖိုးရှိသော DEC ဆေးပြားများနှင့် ကျပ်သန်းပေါင်း ၇၃၉.၅ သန်း တန်ဖိုးရှိသောAlbendazole ဆေးပြားများကို Eisai နှင့် Galxo Smith Kline  ဆေးကုမ္ပဏီများ မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီအစဉ်ဖြင့် လှူဒါန်းထားပါသည်။ ဆေးများဖြန့်ဝေခြင်း၊ လုပ်ငန်းလမ်းညွှန်စာအုပ်များ ရိုက်နှိပ်ဖြန့်ဝေခြင်းနှင့် အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားရန်အတွက် နိုင်ငံတော်ဘတ်ဂျက်မှ ကျပ်သန်းပေါင်း ၇၃၃ သန်းကို ကျခံသုံးစွဲမည်ဖြစ်ပါသည်။


ယခုနှစ် လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းကို မြို့နယ်အလိုက် စီမံချက်များရေးဆွဲပြီး လူဦးရေစာရင်းကောက်ယူခြင်း၊ လိုအပ်သောဆေးဝါးများကို မှာယူခြင်း၊ ဆေးများကို မြို့နယ်များသို့ ဖြန့်ဝေခြင်း၊ ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်များ၊ ဆေးတိုက်လမ်းညွှန်များကို ဖြန့်ဝေခြင်း၊ ဆေးတိုက်ရာတွင်ပါဝင်မည့်ဆေးတိုက်အဖွဲ့ဝင်များကို စေတနာ့ဝန်ထမ်းဆောင်ရွက်မည့် ပြည်သူလူထုတို့ဖြင့် ကြိုတင်၍ဖွဲ့စည်းထားပြီး အိမ်တိုင်ရာရောက် ဆေးတိုက်ကျွေးခြင်းကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန် သင်တန်းများပို့ချလျက် ရှိပါသည်။


သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးရှိ မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများ၊မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာမှ လူမှုရေးလုပ်ငန်းစိတ်ဝင်စားသူများက ပြည်သူလူထုအတွင်း ဆေးတိုက်ကျွေးရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ဦးဆောင်မှု၊ ကျန်းမာရေးဦးစီးဌာနများ၏ညှိနှိုင်းမှုဖြင့် ပူးပေါင်းပါဝင်၍ကူညီဆောင်ရွက်ကြမည် ဖြစ်ပါသည်။

25


မြန်မာနိုင်ငံအတွင်း ဆင်ခြေထောက်ရောဂါကင်းဝေးရန်အတွက် ဆေးသောက်ရမည့် ဦးတည်အုပ်စုတွင် ပါဝင်သူများအားလုံး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အထက်ဖော်ပြပါအစီအစဉ်အတိုင်း“လူအားလုံးဆေးတိုက်ကျွေးခြင်း”ကို ဆောင်ရွက်တော့မည်ဖြစ်ပါသဖြင့် ပြည်သူလူထုအားလုံး ယုံယုံကြည်ကြည်နှင့် အမှန်တကယ်သောက်သုံးနိုင်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာအဆင့်အသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိကြသော အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ နှီးနွှယ်ဆက်စပ်နေသော ဦးစီးဌာနများနှင့် လူမှုရေးအဖွဲ့အစည်းများသည် တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ။


မြန်မာ့အလင်း