ဆန်းဒါးလန်းကို ဂိုးပြတ်အနိုင်ယူပြီး ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ကို တက်လှမ်းခွင့်ရရှိခဲ့သည့် အာဆင်နယ်

ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ် တစ်ပွဲဖြစ်သည့် ပရီမီယာလိဂ်ကလပ် အာဆင်နယ်အသင်း နှင့် လိဂ်ဝမ်းကလပ်ဆန်းဒါးလန်း အသင်းတို့ပွဲစဉ်ကို ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက အမ်းမရိတ် အားကစားကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ အာဆင်နယ်အသင်းက အင်ဒီတီယာ ခြေစွမ်းပြမှုနှင့်အတူ ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။

ကာရာဘောင်ဖလား စတုတ္ထအဆင့်တွင် လိဒ်စ်အသင်းကို နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့သော အာဆင်နယ် အသင်းသည် ယခုကွာတား ဖိုင်နယ်ပွဲစဉ်တွင်လည်း ဆန်းဒါးလန်းအသင်းကို ဂိုးပြတ်နိုင်ပွဲ ထပ်မံ ဖော်ဆောင်နိုင်ခဲ့သည်။ ယခုပွဲစဉ်အတွက် ဦးဆောင်ဂိုးကို အာဆင်နယ်အသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် ၁၇ မိနစ်တွင် အင်မီတီယာက သွင်းယူပေးနိုင်ခဲ့သည်။ ဒုတိယဂိုးကို ပွဲချိန် ၂၇ မိနစ်တွင် ပီပီက သွင်းယူ ပေးနိုင်ခဲ့ပြီး ဆန်းဒါးလန်းအသင်းမှ ဘရွတ်ဟက်က ပွဲချိန် ၃၁ မိနစ်တွင် ချေပဂိုးသွင်းယူနိုင်ခဲ့သော ကြောင့် ပထမပိုင်းကို အာဆင်နယ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် အာဆင်နယ်အသင်းက ဆန်းဒါးလန်းအသင်းကို သိသိသာသာဖိအားပေးကစားနိုင်ခဲ့ပြီး သွင်းဂိုးများ ရရှိခဲ့သည်။

အသင်းအတွက် တတိယဂိုးနှင့် စတုတ္ထဂိုးကို ပွဲချိန် ၄၉ မိနစ်နှင့် ၅၈ မိနစ်တွင် အင်မီတီယာက သွင်းယူပေးနိုင်ခဲ့သည်။ အင်မီတီယာသည် ယခုပွဲစဉ်တွင် ဟက်ထရစ်ရရှိခဲ့သောကြောင့် ယခုနှစ်ရာသီ ကာရာဘောင်ဖလား ပြိုင်ပွဲသုံးပွဲတွင် ငါးဂိုးအထိ ရှိလာပြီဖြစ်သည်။ အာဆင်နယ်အသင်းအတွက် ပဉ္စမဂိုးကို ပွဲချိန်ပြည့်ခါနီးတွင် ပါတီနိုက သွင်းယူပေးနိုင်ခဲ့သည်။

ယခုနှစ်ရာသီ ကာရာဘောင်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်သို့ ပရီမီယာလိဂ်ပြင်ပမှ ဆန်းဒါးလန်း တစ်သင်းသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

အောင်ဇော်