ဆိုရယ်ဂျီ ဆုပေးပွဲတက်ရောက်မည်မဟုတ်ကြောင်း အေဂျင်စီထုတ်ပြန်

မကြာမီပြုလုပ်သွားမယ့် Baeksang Arts Awards ဆုပေးပွဲမှာ လူကြိုက်အများဆုံး မင်းသမီးဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသမီးတစ်ဦးဖြစ်တဲ့ ဆိုရယ်ဂျီဟာ အဆိုပါ ဆုပေးပွဲအခမ်းအနား တက်ရောက်ကာ ဆုလက်ခံရယူဖို့အတွက် ဆွေးနွေးနေကြောင်း သတင်းတွေ ပေါ်ထွက်ခဲ့ပြီးနောက် လတ်တလောမှာ ဆိုရယ်ဂျီအနေနဲ့ ဆုပေးပွဲကို တက်ရောက်မှာမဟုတ်ကြောင်း သူ့ရဲ့ ဖျော်ဖြေရေး အေဂျင်စီက ထုတ်ဖော်ပြောကြားခဲ့တယ်လို့ အားကေပေါ့ပ်ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရ ပါတယ်။

ယခုနှစ်မှာ ပြုလုပ်မယ့် ၅၇ ကြိမ်မြောက် Baeksang Arts Awards ဆုပေးပွဲမှာ ဆိုရယ်ဂျီဟာ တစ်တော့မှာ လူကြိုက်အများဆုံး မင်းသမီးဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး အဆိုပါ ထူးချွန်ဆုကို တက်ရောက်လက်ခံဖို့ ဆွေးနွေးနေကြောင်း မေ ၁၁ ရက်မှာ ကနဦးသတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။

ဆိုရယ်ဂျီဟာ လူကြိုက်အများဆုံး မင်းသမီးဆုကို မဲအရေအတွက် ၇၈၀၀၀၀ ဖြင့် ဆွတ်ခူးရရှိခဲ့တဲ့အပြင် သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲ ရုပ်ရှင် It's Okay to Not Be Okay နဲ့ ယခုနှစ်အတွက် အ ကောင်းဆုံး မင်းသမီးဆုအတွက်လည်း လျာထားခံရတာဖြစ်ပါတယ်။ ဆိုရယ်ဂျီအနေနဲ့ ဆုပေးပွဲ တက်ရောက်ရန် ဆွေးနွေးနေကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့ပြီးနောက် အွန်လိုင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ ဆိုရယ်ဂျီဟာ အရှက်တရားကင်းမဲ့သူတစ်ဦးဖြစ်ကြောင်း ရေးသား ဖော်ပြမှုတွေလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆိုရယ်ဂျီရဲ့ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ ဂိုးမက်ဒယ်လစ်က မင်းသမီးအနေနဲ့ ဆုပေးပွဲအခမ်းအနား တက်ရောက်မှာမဟုတ်ကြောင်း ထုတ်ပြန်ခဲ့ ပါတယ်။

အေးပြည့်