ဆိပ်ဖြူမြို့နယ်၌ နွေရာသီ နေကြာစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

ဆိပ်ဖြူ   ၄   မေ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် နွေရာသီကာလ နေကြာစိုက်ပျိုး လုပ်ဆောင်လျက်ရှိသော တောင်သူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

 

ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူအများသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး နွေရာသီကာလတွင် ပဲတီစိမ်းနှင့် နွေနှမ်းတို့ကို ရေသွင်းစိုက်ပျိုးထုတ်လုပ်ခဲ့ကြပြီး ယခုနှစ်နွေရာသီတွင် နေကြာကို ရေသွင်းစနစ်ဖြင့် စမ်းသပ်စိုက်ပျိုးလာကြသည်ကို တွေ့ရှိရသည်။ ထိုသို့စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးတောင်သူများအနေဖြင့်   ပဲတီစိမ်းနှင့် နွေနှမ်းစိုက်ပျိုးထုတ်လုပ်မှုတို့ထက် စိုက်ပျိုးစရိတ် လုပ်သားစရိတ် ကုန်ကျမှုတို့ကို သိသိသာသာ လျှော့ချစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ နေကြာမျိုးကို နေပြည်တော် တပ်ကုန်း စိုက်ပျိုးရေးသုတေသနခြံမှ  နေကြာမျိုးစေ့များ မှာယူ၍  ဆောင်းသီးနှံ အဖြစ်သာ စိုက်ပျိုး ထုတ်လုပ်ခဲ့ရာမှ ယခုနှစ်နွေရာသီမှစတင်၍ စမ်းသပ်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး လက်ရှိ တောင်သူ ၅ ဦးခန့် စိုက်ပျိုးလျက်ရှိသည်။

 

နွေသီးနှံနေကြာ သီးထပ်အဖြစ် စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ပြီး ဆောင်းသီးနှံ ကြက်သွန်နီ စိုက်ပျိုးပြီး တူးဖော်ခဲ့သည့်မြေကို ပထမဦးစွာ ရေသွင်းခြင်း၊ ထွန်စက်များဖြင့် ၁၀ နာရီခန့်ထွန်ယက်ပြီး ဒေသစိုက်နည်းစနစ် ပက်ကျဲစနစ်ဖြင့်သာ စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး တောင်သူများအနေဖြင့် စိုက်ပျိုးရေး သုတေသနခြံ၏ ရာသီမှန် စိုက်နည်းမှန်ဖြင့် စိုက်ပျိုးခဲ့မည်ဆိုလျှင် တစ်ဧကလျှင် နေကြာတင်း ၄၀ ခန့် ထွက်ရှိနိုင်ပြီး ယခုတောင်သူများအနေဖြင့်  ဒေသစိုက်နည်းစနစ် ပက်ကျဲစနစ်ဖြင့်သာ စိုက်ပျိုးခဲ့သည့်အတွက် တစ်ဧကကို နေကြာ ၂၅ တင်းခန့် ထွက်ရှိနိုင်ကြောင်းခန့်မှန်းထားပြီး စိုက်ပျိုးစရိတ်အနေဖြင့် မြေပြင်၊ ရေသွင်း၊ မျိုးစေ့၊ လုပ်သားစရိတ် (၅)သိန်းခွဲခန့် ကုန်ကျကြောင်း ၎င်းစိုက်ခင်းမှ ထွက်ရှိသော နေကြာ တစ်တင်းလျှင် နေကြာဆီ (၄) ပိဿာ ထွက်ရှိပြီး  တစ်ဧကမှထွက်ရှိ နေကြာဆီပိဿာ(၁၀ဝ) ရှိမည်ဖြစ်ကြောင်း  တောင်သူတို့သည် နေကြာစိုက်ပျိုးမည်ဆိုလျှင် ဆောင်းသီးနှံထက် နွေသီးထပ်ကို စိုက်ပျိုးသင့်ပြီး ကြက်တူရွေး ငှက်တို့ကြောင့် သီးနှံပျက်စီးမှုကို ကာကွယ်နိုင်မှာဖြစ်ပြီး အထွက်နှုန်းမြင့်မား၍ မိသားစုအတွက် ကျန်းမာရေးနှင့်ညီညွတ်သော နေကြာဆီများရရှိကာ   စားသုံးဆီဖူလုံမှု၊ စိုက်ပျိုးစရိတ် သက်သာခြင်းရှိသည့်အတွက် နွေသီးထပ်နေကြာများကို စိုက်ပျိုးသင့်ကြောင်း နေကြာစိုက်ပျိုးသည့်  တောင်သူ ဦးစောထွန်းက ပြောကြား သိရှိရသည်။   

ကိုဇွဲ(အညာမြေ)