Chinese 8 Ball ပြိုင်ပွဲ၌ အဆင့် ၁ ဖြင့် ဘုန်းမြင့်ကျော်(ခ)အားတီ ဆီမီးဖိုင်နယ်တက်

ရန်ကုန်  ၂၂   ဇွန်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချောင်ရန်မြို့၌ ပြုလုပ်လျက်ရှိသော Chinese 8 Ball ပြိုင်ပွဲ၏ ပထမအဆင့် ပွဲစဉ်များ ဇွန် ၂၁ ရက်ညပိုင်းက ကျင်းပပြီးစီးသွားဖြစ်သည်။

 

ပထမအဆင့်ပွဲစဉ်များ၏ နောက်ဆုံးပွဲအဖြစ် ဇွန် ၂၁ ရက်ညက ချောင်ရန်မြို့၌ ဆက်လက်ကစားခဲ့ရာ ကမ္ဘာ့ချန်ပီယံရှစ် ထပ်ကွမ်း လက်ရှိချန်ပီယံ Zheng Yu Bo ကို ကမ္ဘာ့မာစတာလက်ရှိချန်ပီယံ Chu Bing Jie က ၂၁ ပွဲ ၁၂ ပွဲဖြင့် အနိုင်ရခဲ့သည်။

 

ကမ္ဘာ့လက်ရှိချန်ပီယံ ကစားသမားနှစ်ဦး၏ အဆိုပါထိပ်တိုက်တွေ့ဆုံမှု ရလဒ်အရ မြန်မာ့လက်ရွေးစင် ပူးလ်ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီမှာ ခုနစ်ပွဲစလုံး ကစားပြီးခဲ့စဉ်ကတည်းက ရရှိထားသော မူလနေရာ အဆင့် ၁ ဖြင့်ပင် ဒုတိယအဆင့် ဆီမီးဖိုင်နယ်ပွဲစဉ်သို့ တက်ခွင့်ရရှိခဲ့သည်။

 

အားတီ ခုနစ်ပွဲကစားပြီးချိန်တွင် Zheng Yu Bo မှာ လက်ကျန်ပွဲ လေးပွဲကစားရန် ကျန်ရှိနေသေးသဖြင့် ၎င်း၏ရလဒ်များကို စောင့်ကြည့်ပြီးမှ အားတီသည် အဆင့် ၁ သို့မဟုတ် အဆင့် ၂ အဖြေပေါ်မည်ဟု ခန့်မှန်းခဲ့ရသော်လည်း ယခုနောက်ဆုံးပွဲ၌ Chu Bing Jie ကို အနိုင်ရခဲ့လျှင်တောင် ရမှတ် ၃၀၀ အသာဖြင့် အဆင့် ၁ ကို အားတီ ဆက်လက်ရရှိမည် ဖြစ်သည်။ အားတီသည် ပရိသတ်မဲပေးမှုအရ ရရှိထားသော ရမှတ် ၃၈၀၀ အပါအဝင် စုစုပေါင်း ရမှတ် ၄၁၈၀၀ ရရှိထားရာ Zheng Yu Bo သည် Chu Bing Jie ကို အနိုင်ရခဲ့လျှင်တောင်မှ ရမှတ် ၄၁၅၀၀ သာ ရရှိမည် ဖြစ်သည်။ အားတီသည် ရမှတ်အများဆုံးဖြင့် အဆင့် ၁ နေရာကို ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်း ဖြစ်သည်။

 

ပထမအဆင့်ပတ်လည် ခုနစ်ပွဲစီ ကစားအပြီးတွင် အားတီသည် ၆ ပွဲနိုင် ၁ ပွဲရှုံး ရမှတ်ပေါင်း ၄၁၈၀၀ ဖြင့် အဆင့် ၁၊ ငါးပွဲနိုင် နှစ်ပွဲရှုံးကစားသမား သုံးဦးအနက် Yu Hai Tao က ရမှတ်ပေါင်း ၃၉၉၀၀ ဖြင့် အဆင့် ၂၊ Zheng Yu Bo က ရမှတ်ပေါင်း ၃၇၅၀၀ ဖြင့် အဆင့် ၃ ရရှိပြီး ဒုတိယအဆင့်ပြိုင်ပွဲဖြစ်သည့် ဆီမီးဖိုင်နယ်သို့ တိုက်ရိုက်တက်ခွင့် ရရှိကြသည်။

 

အဆင့် ၄ သာ ရသည့် Chu Bing Jie ငါးပွဲနိုင် နှစ်ပွဲရှုံးသည့် Chu Bing Jie မှာ ရမှတ်ပေါင်း ၃၅၆၀၀ သာ ရရှိသဖြင့် အဆင့် ၄ သာရရှိခဲ့ပြီး လေးပွဲနိုင် သုံးပွဲရှုံးပြီး ရမှတ် ၂၆၈၀၀ ဖြင့် အဆင့် ၅ ရရှိခဲ့သည့် Liu Hai Tao နှင့်အတူ Play-Off ပွဲ ဆက်လက်ကစားရမည် ဖြစ်သည်။

 

လက်ရှိ ကမ္ဘာ့ချန်ပီယံ အမျိုးသမီးပါဝင်နေသော ဆီမီးဖိုင်နယ်ကစားခွင့် အဆင့် ၄ နေရာလုရမည့် Play-Off ပွဲကို ၈ ယောက်ပတ်လည်ပွဲစဉ်၌ အဆင့် ၄ နှင့် အဆင့် ၅ ရရှိသည့် ကစားသမားနှစ်ဦးကို  အခြားကစားသမား အသစ်နှစ်ဦးနှင့်အတူ ဆီမီးဖိုင်နယ်ပုံစံ ကစားရန် စီစဉ်ထားသည်။ Play-Off ကစားခွင့်ရရှိမည့် ကစားသမားအသစ်နှစ်ဦးကို ကစားသမား ၆ ဦးထဲမှ ရွေးချယ်မည်ဖြစ်သော်လည်း ပွဲမကစားစေဘဲ ပရိသတ်မဲပေးမှုအရ အမှတ်အများဆုံး ရရှိသူ နှစ်ဦးကိုသာ Play-Off ကစားခွင့်ရ ကစားသမားအဖြစ် ရွေးချယ်မည်ဖြစ်သည်။

 

အဆိုပါကစားသမား ၆ ဦးတွင် အမျိုးသမီးကစားသမား ၂ ဦးနှင့် အမျိုးသားကစားသမား ၄ ဦး ပါဝင်ပြီး မလေးရှားနိုင်ငံသား ကစား သမားတစ်ဦး ပါဝင်သည်ဟု သိရသည်။ အမျိုးသမီးကစားသမား ၂ ဦးအနက် တစ်ဦးမှာ ကမ္ဘာ့လက်ရှိချန်ပီယံ ကစားသမားဖြစ်ပြီး ကျန်တစ်ဦးနှင့် အမျိုးသားကစားသမား လေးဦးတို့မှာ အိုးပင်းချန်ပီယံ ဖြစ်ဖူးသူများဖြစ်သည်ဟုလည်း သိရသည်။

 

ယင်း ၆ ဦးထဲမှ ပရိသတ်မဲပေးမှုအရ အမှတ်အများဆုံးရရှိသူသည် ၈ ယောက်ပတ်လည်ပွဲမှ အဆင့် ၅ ရရှိသူ Liu Hai Tao နှင့် ကစားရမည်ဖြစ်ပြီး ဒုတိယအမှတ်အများဆုံး ရရှိသည့် ကစားသမားသည် ၈ ယောက်ပတ်လည်ပွဲမှ အဆင့် ၄ ရရှိသူ Chu Bing Jie နှင့် ကစားရမည်ဖြစ်သည်။

 

အဆိုပါ Play-Off ပွဲစဉ်ကို လာမည့် ဇူလိုင်လ ၄ ရက်တွင် ကစားမည်ဖြစ်ပြီး အနိုင်ရရှိသူနှစ်ဦး၏ ဗိုလ်လုပွဲကို ဇူလိုင် ၅ ရက်တွင် ဆက်လက်ကစားစေမည် ဖြစ်သည်။

 

ယင်းဗိုလ်လုပွဲမှ အနိုင်ရရှိသူသည် အားတီနှင့် ဒုတိယအဆင့်ပြိုင်ပွဲအဖြစ် ဆီမီးဖိုင်နယ်ပွဲ ကစားရမည် ဖြစ်သည်။ ဆီမီးဖိုင်နယ်နောက်တစ်ပွဲအဖြစ် Yu Hai Tao နှင့် Zheng Yu Bo တို့ ကစားရမည်ဖြစ်သည်။

 

ဆီမီးဖိုင်နယ်ပွဲ ကစားရမည့်ရက်များ မထွက်ပေါ်သေးသော်လည်း ဇူလိုင်လလယ်၌ ကစားရမည်ဟု ခန့်မှန်းရသည်။

အာကာစိုး