ဆီးရီးယားအနောက်မြောက်ဘက်တွင် တိုက်ခိုက်မှုဖြစ်ပွားရာ ကလေး ခုနှစ်ဦးထက်မနည်း သေဆုံး

၉ ဇူလိုင်

 

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ က ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက်ရှိ ရွာတစ်ရွာတွင် ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့က တိုက်ခိုက်မှုဖြစ်ပွားနေစဉ် ကလေးခုနှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

 

Mhambel ကျေးရွာတွင် ပြီးခဲ့သည့် စနေ ၊ တနင်္ဂနွေ နေ့က တိုက်ခိုက်မှုဖြစ်ပွားကာ ကလေးခုနှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဖော်ပြထားသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ် ၏ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ဆိုသည်။

 

စစ်တပ်ဝိုင်းထားသည့် ဒေသအတွင်း ပြီးခဲ့သည့် စနေနေ့က တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာတွင် သေဆုံးခဲ့သည့် ကလေးများအပါအဝင် ယခုနှစ်ယခုချိန်ထိ သေဆုံးခဲ့သူပေါင်း ၁၄၀ ဦးထက်မနည်း ရှိပြီဖြစ်ကြောင်း Farhan Haq က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က အကြမ်းဖက်မှုပြင်းထန်စွာဖြစ်ပွားသဖြင့် ဒဏ်ရာရသေဆုံးသူကလေးများ အရေအတွက် ပိုမိုများပြားလာကြောင်း အမှုဆောင်ဒါရိုက်တာ Henrietta Fore က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားထားသည်။

 

၂၀၁၈ ခုနှစ် စက်တင်ဘာ က သူပုန်များ၏ နောက်ဆုံးအမာခံစခန်းဖြစ်သော ဆီးရီးယား အနောက်မြောက်ပိုင်း  အိုင်ဒလစ် (Idlib) ပြည်နယ်  အပစ်အခတ်ရပ်စဲရေးအတွက် ရုရှား နှင့် တူရကီနိုင်ငံတို့က ပြေလည်မှုရရှိရန် ဆောင်ရွက်ပေးခဲ့ကြသည်။ ထိုသဘောတူညီချက်က ယင်းဒေသ အစိုးရ ထိုးစစ်ဆင်မှု တစ်ရပ်ကို တားဆီးခဲ့သည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို