ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ

ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ

 

သွေးတွင်း သကြားဓာတ်မြင့် တက်ခြင်း (hyperglycemia)

 

သင့်မှာ ဆီးချိုရောဂါရှိနေတယ်ဆိုရင် သွေးတွင်းသကြားဓာတ်မြင့်လွန်းတာ (hyperglycemia) ပဲဖြစ်ဖြစ်၊ သွေးတွင်းသကြား ဓာတ်ကျဆင်းတာ(hypoglycemia) ပဲဖြစ်ဖြစ် အန္တရာယ်အဆင့်ကိုရောက်ရင် ဆီးချိုကိုမာ ရနိုင်ပါတယ်။

 

ဆီးချို ကိုမာ အခြေအနေကို ရောက်နေပြီဆိုရင် သင်ဟာ အသက်ရှင်နေသေးပေမယ့် မြင်ရ၊ကြားရသမျှ သို့မဟုတ် လှုံ့ဆော်မှုအာရုံအားလုံးကို မတုံ့ပြန်နိုင်၊ မနိုးထနိုင်တဲ့အနေအထား ခံစားရနိုင်ပါတယ်။ မကုသဘဲထားရင် diabetic coma က လူကိုသေစေတဲ့အထိဖြစ်စေနိုင်ပါတယ်။

 

Hyperglycemia သွေးတွင်းသကြားဓာတ်များခြင်း မှာ အမျိုးအစားနှစ်မျိုးရှိပါတယ် –

 

အစာမစားခင်သွေးစစ်ချိန်သွေးတွင်းသကြားဓာတ်မြင့်နေခြင်း(Fasting hyperglycemia)

အစာမစားမီ ၈ နာရီအတွင်း တိုင်းတာချိန်မှာ သွေးတွင်းသကြားဓာတ်ပမာဏ 130 mg/dL ထက်ကျော် လွန်နေခြင်း ဖြစ်ပါတယ်။

 

အစာစားပြီး သွေးစစ်ချိန် သွေးတွင်းသကြား ဓာတ်မြင့်နေခြင်း (After-meal hyperglycemia)

 

အစာစားပြီး ၂ နာရီအကြာ တိုင်းတာချိန်မှာ သွေးတွင်းသကြားဓာတ်ပမာဏ 180 mg/dL ထက်ကျော်လွန် နေခြင်းဖြစ်ပါတယ်။

 

သွေးတွင်း သကြားဓာတ် မကြာခဏ သို့မဟုတ် ဆက်တိုက်မြင့်တက်နေမယ်ဆိုရင် အာရုံကြောတွေ၊သွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီကနေ တခြားဆိုးရွားတဲ့ အခြေအနေ တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

 

အမျိုးအစား ၁

 

ဆီးချိုရောဂါရှိသူတွေမှာ ketoacidosis လို့ခေါ်တဲ့ သွေးတွင်းအက်စစ်ဓာတ်များနေခြင်းကို ခံစားရဖို့များပါတယ်။

 

အမျိုးအစား၂

 

ဆီးချိုရောဂါရှိနေရင် ဒါမှမဟုတ် ဖြစ်နိုင်တဲ့အလားအလာရှိနေရင် သွေးတွင်းသကြားဓာတ်မြင့်တက်လွန်းတဲ့အခါ ခန္ဓာကိုယ်က သကြားဓာတ်ကို မစီမံ မဖြေရှင်းနိင်တော့တဲ့ အန္တရာယ်အခြေအနေဖြစ်လာစေနိုင်ပါတယ်။ ဒါကို hyperglycemic hyperosmolar nonketotic syndrome (HHNS) လို့ခေါ်ပါတယ်။အစမှာ ဆီးမကြာခဏ သွားရရာကနေ နောက်ပိုင်းမှာ အကြိမ်ရေနည်းလာပြီး ဆီးအရောင်က ရင့်လာပြီး ရေဓာတ်ဆုံးရှုံးမှု ဆိုးရွားလာနိုင်ပါတယ်။

 

အောက်ပါအချက်တွေ ရှိနေရင် သွေးတွင်းသကြားဓာတ်မြင့်တက်လာနိုင်ပါတယ်-

 

အင်ဆူလင်ထိုးဖို့မေ့တာ၊ ဒါမှမဟုတ် ဆီးချိုထိန်းဆေးသောက်ဖို့မေ့တာ

 

ဆေးထိုးထားတဲ့အင်ဆူလင်ပမာဏနဲ့ကိုက်ညီတဲ့အတိုင်းအတာထက်ကျော်လွန်တဲ့

 

ကာဗိုဟိုက်ဒရိတ်ပမာဏကို စားသုံးမိတာ

 

ရောဂါတစ်စုံတစ်ခု ကူးစက်ခံရတာ၊

 

နာမကျန်းဖြစ်တာ

 

စိတ်ဖိစီးမှုခံစားနေရတာ

 

လှုပ်ရှားမှုနည်းတာ၊ ဒါမှမဟုတ် ပုံမှန်လောက် လေ့ကျင့်ခန်းမလုပ်ဖြစ်တာ

 

အားစိုက်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ အထူးသဖြင့်  သွေးတွင်းသကြားဓာတ်မြင့် နေချိန်နဲ့ အင်ဆူလင်ပမာဏ ကျဆင်းနေချိန်။

 

သွေးတွင်းသကြား ဓာတ်မြင့်လာချိန်မှာ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေက –

 

ရေငတ်လာခြင်း

 

ခေါင်းကိုက်ခြင်း

 

အာရုံစိုက်မရခြင်း

 

အမြင်အာရုံဝေဝါးခြင်း

 

မကြာခဏဆီးသွားခြင်း

 

မောပန်းနွမ်းနယ်ခြင်း (အားနည်းခြင်း၊ပင်ပန်းနေသလိုခံစားရခြင်း)

 

ကိုယ်အလေးချိန်ကျဆင်းခြင်း

 

သွေးတွင်းသကြားဓာတ်က 180 mg/dL ထက်ကျော်လွန်ခြင်း

 

သွေးတွင်းသကြားဓာတ်ဆက်တိုက် မြင့်တက်နေမယ်ဆိုရင် –

 

မိန်းမကိုယ် နဲ့ အရေပြား ပိုးဝင်ခြင်း

 

အနာကျက်နှေးခြင်း

 

အမြင်အာရုံမကောင်းခြင်း

 

ခြေဖျားအေးစက်ခြင်း၊ထုံကျဉ်ခြင်းဖြစ်စေတဲ့အာရုံကြောထိခိုက်မှု၊ခြေချောင်းလက်ချောင်းတွေမှာ အမွှေးကျွတ်ခြင်း၊ဒါမှမဟုတ် ပန်းသေပန်းညှိုးဖြစ်ခြင်း

 

ကာလတာရှည်ဝမ်းချုပ်နေခြင်း သို့မဟုတ် ဝမ်းပျက်ခြင်း တို့လို အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာများ

 

မျက်စိ၊ သွေးကြောနဲ့ ကျောက်ကပ်ထိခိုက်ခြင်း

 

Hyperglycemia အခြေအနေပြင်းထန်တဲ့အခါ အရေးပေါ်ကုသမှု

 

ပြင်းထန်တဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်မှုလက္ခဏာတွေဖြစ်လာရင် အရေးပေါ်ခန်းသို့မဟုတ် ဆေးရုံတင် ကုသရနိုင်ပါတယ်။ အရေးပေါ် ရှေးဦးသူနာပြုနည်းကတော့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပြန်ဖြစ်စေ ဖို့ပဲဖြစ်ပါတယ်။

 

အရည်ဓာတ်ပြန်လည်ဖြည့်တင်းခြင်း

 

ရေဓာတ်ပြန်လည်ပြည့်ဝလာတဲ့အထိ ပါးစပ်မှတစ်ဆင့် သို့မဟုတ် သွေးကြောမှတစ်ဆင့် အရည်ဓာတ် သွင်းပေးရပါလိမ့်မယ်။ ဒီအရည်ဓာတ်တွေက ဆီးမကြာခဏသွားခြင်းကြောင့် ဆုံးရှုံးသွားတဲ့ အရည်ပမာဏ ကို ပြန်လည်ဖြည့်တင်းပေးမှာဖြစ်ပြီး သွေးထဲမှာပိုလျှံနေတဲ့ သကြားဓာတ်တွေကို လျော့ကျသွားစေနိုင်ပါတယ်။

 

ဓာတ်ဆား(electrolytes)တွေက ခန္ဓာကိုယ်တစ်ရှူးတွေကို လုပ်ဆောင်ချက်မှန်ကန်စေဖို့ လိုအပ်တဲ့ သွေးတွင်း သတ္ထုဓာတ်တွေဖြစ်ပါတယ်။ အင်ဆူလင်မရှိတဲ့အခါ သွေးထဲက ဓာတ်ဆားပမာဏကိုလျော့ပါးစေနိုူင်ပါတယ်။ ဒါ့ကြောင့်နှလုံး၊ ကြွက်သား၊နဲ့ အာရုံကြောဆဲလ်တွေကို ပုံမှန်အတိုင်း လုပ်ဆောင်ချက်ရှိစေ ဖို့ သွေးကြောကတဆင့် electrolytes တွေကိုသွင်းရပါတယ်။

 

အင်ဆူလင်ကုထုံး – အင်ဆူလင်က သွေးထဲမှာ ketones တွေများပြားစုပုံစေတဲ့ဖြစ်စဉ်တွေကို ပြောင်းလဲကုသပေးနိုင်ပါတယ်။ အရည်ဓာတ်နဲ့ ဓာတ်ဆားတွေအပြင် အင်ဆူလင်ကုထုံးကိုလည်းသွေးကြောကတစ်ဆင့် သွင်းရနိုင်ပါတယ်။

 

hyperglycaemia အခြေအနေ ပြင်းထန်တာ သို့မဟုတ် တာရှည်နေတာတွေမဖြစ်အောင် ကြိုတင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေရှိပါတယ် –

 

အစားအသောက်ကိုချင့်ချိန်ပါ

 

သရေစာ စားတဲ့အခါမှာ သတိနဲ့ချင့်ချိန်ပါ သို့မဟုတ် အချိုဓာတ်နဲ့ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ အစားအစာတွေ စားရင် သွေးတွင်းသကြားဓာတ်မြင့်တက်နိုင်ပါတယ်။

 

ကုသမှုကို သေချာလိုက်နာပါ –

 

အင်ဆူလင် သို့မဟုတ် တခြားဆီးချိုဆေး ကုထုံးများကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာခံယူဖို့ မမေ့ပါနဲ့။

 

တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားနေပါ –

 

ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာက သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို ဟန့်တားနိုင်ပေမယ့် ကိုယ်က ဆီးချိုထိန်းဆေးတွေ သောက်သုံးနေတာဆိုရင် ဆရာဝန်နဲ့အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ လှုပ်ရှားမှုများလွန်း ရင်လည်း ဆေးတွေကြောင့် သွေးတွင်းသကြားဓာတ်ကျဆင်းမှုလွန်ကဲတာတွေ ဖြစ်လာနိုင်လို့ပါ။

 

နေမကောင်းဖြစ်ရင်ပိုဂရုစိုက်ပါ– ရောဂါဝေဒနာတစ်ခုခုကြောင့် ခံစားနေရချိန်အတွင်း သွေးတွင်းသကြားဓာတ်ကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ဆရာဝန်ပေးထားတဲ့လမ်းညွှန်ချက်အတိုင်း လိုက်နာပါ။

 

သွေးတွင်းသကြားဓာတ်ကို အမြဲစောင့်ကြည့်စစ်ဆေးပါ – ကိုယ့်အိမ်မှာပဲ သွေးချိုတိုင်းစက်နဲ့ စစ်ဆေးတာက ဆီးချိုအတက်အကျကို စောစောသိရှိနိုင်ပြီး တားဆီးကုသမှုမြန်စေနိုင်ပါတယ်။

 

အချိုမပါတဲ့အရည်တွေများများသောက်ပါ – ဒီလိုသောက်သုံးခြင်းအားဖြင့် ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။

 

ရေးသားသူ Yun Sandi Nan Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar