ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းကို ကစားသမား ၃၆ ဦးဖြင့် ဖွဲ့စည်း

ရန်ကုန် ၁၇ ဩဂုတ်


၂၀၁၉ ခုနှစ် အကြိမ် (၃၀) မြောက် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းကို ပဏာမ ကစားသမား ၃၆ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။


မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ယခုနှစ်အတွင်း ဖွဲ့စည်းခဲ့သည့်အသင်းမှ ကစားသမားအများစုကို အခြေခံကာ ကစားသမားသစ်များဖြင့် ပေါင်းစပ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် လိဂ်ပြိုင်ပွဲအသီးသီးတွင် ခြေစွမ်းပြကစားနေသည့် ကစားသမားများကို ဇူလိုင်လဆန်းမှ သြဂုတ်လလယ်အထိ စမ်းသပ်လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် ပဏာမလူစာရင်းတွင် ကစားသမားသစ်များ ထည့်သွင်းရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် သြဂုတ် ၁၉ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းဝင်လေ့ကျင့်မှု တောက်လျှောက် ပြုလုပ်မည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာတွင် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အောက်တိုဘာ တတိယပတ်တွင် ကာတာနိုင်ငံ၌ သွားရောက်လေ့ကျင့်မည်ဖြစ်သည်။ 


ယခုဖွဲ့စည်းလိုက်သည့် မြန်မာ ယူ-၂၂ အသင်းတွင် နည်းပြချုပ်-ပိုပေါ့ဗ်၊ လက်ထောက်နည်းပြ-ဦးချစ်နိုင်၊ ဦးဇော်ဝင်းထွန်း၊ ဂိုးနည်းပြ-ဦးအောင်ကျော်ကျော်၊ ကစားသမားများအဖြစ် ဂိုး- ဘုန်းသစ္စာမင်း (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန်)၊  စိုးအာကာ (မကွေး)၊ ထွန်းနန္ဒဦး (မြဝတီ)၊ ဇင်ညီညီအောင် (အား/ကာသိပ္ပံ)၊ နောက်တန်း- သူရိန်စိုး၊ ထူးခန့်လွင် (ရန်ကုန်)၊ ဇင်ရဲနောင်၊ စိုးထက်ဝင်း၊ သန်းထိုက်ဇင် (အား/ကာသိပ္ပံ)၊  အောင်ဝဏ္ဏစိုး၊ ကျော်ဖြိုးဝေ (ဇွဲကပင်)၊ ရဲရင့်အောင် (ရတနာပုံ)၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း (ရှမ်းယူနိုက်တက်)၊ ကျော်သူထွန်း (မကွေး)၊ အလယ်တန်း-ပြည့်မောင်မောင်၊ ကျော်မျိုးနိုင်၊ မင်းမြတ်စိုး၊ ဝေလင်းအောင် (အား/ကာသိပ္ပံ)၊ မျိုးမင်းဖြိုး (စစ်ကိုင်း)၊ လွင်မိုးအောင် (ဧရာဝတီ)၊ နေမိုးနိုင်၊ ဇင်မင်းထွန်း၊ စိုးလွင်လွင် (မကွေး)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း (ရတနာပုံ)၊ ကောင်းထက်စိုး (ရန်ကုန်)၊ ရှေ့တန်း-အောင်ကောင်းမာန် (ဧရာဝတီ)၊ ပြည့်စုံနိုင်၊ ဝင်းနိုင်ထွန်း (ရတနာပုံ)၊ ထက်လင်းလင်း၊ ဟိန်းထက်အောင် (ဟံသာဝတီ)၊ ထက်ဖြိုးဝေ၊ စအောင်ပြည့်ကို (ရှမ်းယူနိုက်တက်)နှင့်  သန့်ဇင်မြင့် (အား/ကာသိပ္ပံ) တို့ ပါဝင်ကြသည်။


မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲရှစ်ပွဲနှင့်အထက် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်