ဆီးဂိမ်းပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပါဝင်မည့် ပြိုင်ပွဲအမျိုးအစားများ အတည်ပြု

ရန်ကုန်   နိုဝင်ဘာ   ၃၀

၂၀၂၂ ခုနှစ် မေလတွင် ပြန်လည်ကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ပိုက်ကျော်ခြင်း အားကစားနည်းတွင် ပါဝင်မည့် ပြိုင်ပွဲအမျိုးအစားများ အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်သည်။ ဆီးဂိမ်းပိုက်ကျော်ခြင်းပြိုင်ပွဲတွင် သုံးယောက်တွဲပြိုင်ပွဲ၊ သုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲ၊ လေးယောက်တွဲပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီးပွဲစဉ် ခြောက်ခု ပါဝင်မည်ဖြစ်သည်။ ယခင်က အမျိုးသား၊ အမျိုးသမီးပွဲစဉ် စုစုပေါင်း ရှစ်မျိုး ထည့်သွင်းကျင်းပရန် စီစဉ်ထားသော်လည်း အိမ်ရှင်ဗီယက်နမ်နိုင်ငံ က နှစ်ယောက်တွဲပွဲစဉ်များ လျှော့ချခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ခြောက်မျိုး ထည့်သွင်းကျင်းပမည်ဖြစ်သော်လည်း ပြိုင်ပွဲဝင်နိုင်ငံများအနေဖြင့် အမျိုးသားပွဲစဉ်နှစ်ခုနှင့် အမျိုးသမီးပွဲစဉ် နှစ်ခုသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ မည်ဖြစ်သည်။ ဆီးဂိမ်းအိမ်ရှင်နိုင်ငံများအနေဖြင့် မဖြစ်မနေထည့်သွင်းကျင်းပရမည့် အားကစားနည်း များမှလွဲ၍ ၎င်းတို့အားသာသည့် အားကစားနည်းအများစုကိုသာ ထည့်သွင်းကျင်းပလေ့ရှိပြီး ပြိုင်ပွဲ အမျိုးအစားများကိုလည်း ၎င်းတို့အားနည်းပါက ထည့်သွင်းကျင်းပခြင်းမရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ပြန်လည်ကျင်းပရန် စီစဉ်ထားသည်။

မြန်မာပိုက်ကျော်ခြင်းအဖွဲ့သည် လာမည့်ဆီးဂိမ်းပြိုင်ပွဲအတွက် နေပြည်တော်၌ စခန်းဝင်လေ့ကျင့် လျက်ရှိသည်။

ကိုညီလေး