ဆီးဂိမ်းအုပ်စု မဲခွဲပွဲကို အောက်တိုဘာ ၁၅ ရက် ပြုလုပ်မည်

၂ အောက်တိုဘာ

 

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ပြုလုပ်မည် ဖြစ်သည်။

 

ယင်းမဲခွဲပွဲတွင် အုပ်စုပုံစံဖြင့် ကျင်းပမည့် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဟော်ကီ၊ Floorball၊ Handball၊Netball စသည့် အားကစားနည်းများအတွက် အုပ်စုများ မဲနှိုက်ရေးဆွဲမည် ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပုံစံဖြင့် ကျင်းပမည့် အားကစားနည်းအများစုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဘောလုံးအားကစားနည်းတွင် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံး၌ ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ဆီးဂိမ်းဘောလုံးပြိုင်ပွဲအနက် အမျိုးသားပြိုင်ပွဲကို နိုဝင်ဘာ ၂၅ ရက် အမျိုးသမီးပြိုင်ပွဲကို နိုဝင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည် ဖြစ်သည်။ အမျိုးသား ဘောလုံးပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ခြောက်သင်း တစ်အုပ်စုနှင့် ငါးသင်းတစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်သည်။

 

အုပ်စုမဲခွဲရန် သတ်မှတ်ချက်အရ အိမ်ရှင်ဖိလစ်ပိုင်အသင်းက အုပ်စု(က)၊ လက်ရှိချန်ပီယံ ထိုင်းအသင်းက အုပ်စု(ခ) တွင်ထားကာ အခြားအသင်းများကို မဲနှိုက်ရေးဆွဲမည် ဖြစ်သည်။ အခြားအသင်းများအား မဲနှိုက်ရေးဆွဲရန် ဆီဒင် သတ်မှတ်ရာတွင် Pot-1 ၌ မလေးရှားနှင့် အင်ဒိုနီးရှား၊ Pot-2 ၌ မြန်မာနှင့် စင်ကာပူ၊ Pot-3 ၌ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ လာအို၊ တီမောနှင့် ဘရူနိုင်းအသင်းတို့ ပါဝင်နေသည်။

 

မြန်မာအသင်းသည် ၂၀၁၇ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သောကြောင့် Pot-2 တွင် ပါဝင်ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ၂၀၁၇ ပြိုင်ပွဲတွင် မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ လာအိုတို့နှင့် ကျရောက်ခဲ့ပြီး အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။

 

အမျိုးသမီး ဘောလုံးပြိုင်ပွဲကိုမူ ပြိုင်ပွဲဝင်အသင်းများအပေါ် မူတည်၍ ပြိုင်ပွဲပုံစံ သတ်မှတ်မည်ဖြစ်သည်။ ပြိုင်ပွဲဝင် အသင်းများပါက အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အသင်းနည်းပါက ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ ၂၀၁၇ ပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ကျင်းပခဲ့ပြီး မြန်မာအသင်းက တတိယဆုရရှိခဲ့သည်။

 

မြန်မာဘောလုံးအသင်းများသည် ဆီးဂိမ်းပြိုင်ပွဲအတွက် စတင်ပြင်ဆင်နေပြီဖြစ်ပြီး ပြိုင်ပွဲအကြို ခြေစမ်းပွဲနှင့် ဖိတ်ခေါ်ပွဲများ ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသားအသင်းကို ပိုပေါ့ဗ် (ဘူလ်ဂေးရီးယား)၊ အမျိုးသမီးအသင်းကို ဦးဝင်းသူမိုး (မြန်မာ) တို့က ကိုင်တွယ်နေသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်