ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲများ ထွက်ပေါ်

၅  ဒီဇင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၁၉ ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲများ ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အုပ်စုပွဲစဉ်များမှာ ဒီဇင်ဘာ ၅ ရက်က ပြီးဆုံးခဲ့ပြီး အုပ်စု (က) တွင် မြန်မာအသင်းက ၁၀ မှတ်ဖြင့် အုပ်စုပထမ၊ ကမ္ဘောဒီးယားအသင်းက ခုနစ်မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (ခ) တွင်ဗီယက်နမ်အသင်းက ၁၃ မှတ်ဖြင့် ပထမ၊ အင်ဒိုနီးရှားအသင်းက ၁၂ မှတ်ဖြင့် အုပ်စုဒုတိယရရှိခဲ့သည်။ လက်ရှိချန်ပီယံ ထိုင်းအသင်းအပါအဝင် နာမည်ကြီးအသင်းများဖြစ်သည့် မလေးရှား၊ စင်ကာပူအသင်းတို့လည်း အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ ဒီဇင်ဘာ ၅ ရက်ကစားသည့် နောက်ဆုံးပွဲတွင် ထိုင်းအသင်းသည် ဗီယက်နမ်ကို သရေသာကစားနိုင်သောကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲများကို ဒီဇင်ဘာ ၇ ရက်တွင် မနီလာမြို့ရှိ ရီဇယ်လ်အမှတ်တရကွင်း၌ ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ ညနေ ၆ နာရီခွဲတွင် ဗီယက်နမ်အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာအသင်းသည် အုပ်စုပွဲများတွင် ရှုံးပွဲလုံးဝမရှိခဲ့ဘဲ သုံးပွဲနိုင်၊ တစ်ပွဲသရေဖြင့် တက်ရောက်လာခြင်း ဖြစ်သည်။ မြန်မာအသင်းသည် အဖွင့်ပွဲတွင် မလေးရှားနှင့် တစ်ဂိုးစီသရေကျကာ အိမ်ရှင်ဖိလစ်ပိုင်ကို နှစ်ဂိုး-တစ်ဂိုး၊ တီမောအသင်းကို သုံးဂိုး-တစ်ဂိုး၊ ကမ္ဘောဒီးယားအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရလာခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ