ဆီးဂိမ်း Pool 9 Ball တစ်ဦးချင်းပြိုင်ပွဲတွင် ဘုန်းမြင့်ကျော် ရွှေတံဆိပ်ဆွတ်ခူး

(၃၂) ကြိမ်မြောက် ဆီးဂိမ်း Pool 9 Ball တစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို မေ ၁၀ ရက်က ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင် Pool ကစားသမား ဘုန်းမြင့်ကျော် ရွှေတံဆိပ် ဆုရရှိခဲ့သည်။

 

ဘုန်းမြင့်ကျော်သည် နံနက်ပိုင်းက ကျင်းပသည့် ဆီမီးဖိုင်နယ်ပွဲတွင် ဗီယက်နမ်ကစားသမား ငုယင်အန် ကျူရန်ကို ၉-၄ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

 

ဘုန်းမြင့်ကျော်သည် ပွဲစကတည်းက လက်ရည်အသာဖြင့် ကစားနိုင်ခဲ့ပြီး ပွဲငယ်သုံးပွဲဆက်တိုက် စတင်အနိုင်ရရှိခဲ့သည်။ သုံးပွဲပြတ်အသာရထားသည့် ဘုန်းမြင့်ကျော်သည် နောက်ပိုင်းပွဲငယ်များတွင် အသာစီးမှထိုးကာ ၉-၄ ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

ဗိုလ်လုပွဲတွင် စင်ကာပူနိုင်ငံသား အယ်လိုစီယက်ပ်နှင့် တွေ့ဆုံခဲ့ပြီး ၉-၃ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။ ပထမပွဲငယ်တွင် ဘုန်းမြင့်ကျော်က အနိုင်ရပြီး ဒုတိယပွဲငယ်တွင် စင်ကာပူကစားသမားက ပြန်လည်အနိုင်ရရှိခဲ့သည်။

 

သို့သော် တတိယမြောက် ပွဲငယ်မှ သတ္တမမြောက်ပွဲငယ်အထိ ဘုန်းမြင့်ကျော်က ဆက်တိုက်အနိုင်ရပြီး ၆-၁ ပွဲဖြင့် အပြတ်အသတ်ဦးဆောင်နိုင်ခဲ့သည်။ ဘုန်းမြင့်ကျော်သည် နောက်ထပ်ပွဲငယ်နိုင်ပွဲ သုံးပွဲကို ငါးပွဲအတွင်းရယူကာ ၉-၃ ပွဲဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

 

ဘုန်းမြင့်ကျော်သည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် Pool 9 Ball တစ်ဦးချင်းနှင့် နှစ်ယောက်တွဲ ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ဆုရရှိထားသူဖြစ်ပြီး ယခုအကြိမ်တွင် တစ်ဦးချင်းပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန