ဆီဆိုင်မြို့နယ်တွင် သဘာဝမြေဩဇာထောက်ပံ့ပေးအပ်ခြင်းနှင့် မိုးစပါးပေါင်စနစ်ဖြင့် ပျိုးထောင်နည်းလက်တွေ့ပြသပွဲကျင်းပ

ဆီဆိုင်    ၁၅   ဇူလိုင်

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု ဆမ်ဆိုင်ကျေးရွာရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ခင်းကြီးများအတွက် သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ခြင်း၊ “ဖော”ငမြောင်တောင် (FAW) ကာကွယ်နှိမ်နင်းရေးအတွက် ထောက်ပံ့ပစ္စည်း များပေးအပ်ခြင်းနှင့် မိုးစပါးဘောင်စနစ် (Raised Bed)ဖြင့် ပျိုးထောင်နည်း လက်တွေ့သရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဆမ်ဆိုင်ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ၌ ကျင်းပသည်။

 

အခမ်းအနားတွင်  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သန်းထူးက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးက ပြည်နယ်အတွင်း ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများ  ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် မိုးစပါးပေါင်စနစ် (Raised Bed)ဖြင့် ပျိုးထောင်နည်းလက်တွေ့ပြသပွဲ ဆောင်ရွက်မှု များအား ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ဆမ်ဆိုင်ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာရှိ စံပြစိုက်ခင်းကြီးများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ တောင်သူ(၁၁၃)ဦးအတွက် ရွှေတောင်တန်းသဘာဝအော်ဂဲနစ် ကြက်ချေးမြေဩဇာ တစ်ဧကလျှင် တစ်အိတ်နှုန်းဖြင့် ဧက(၃၀၀)အတွက် အိတ်(၃၀၀) တန်ဖိုး ငွေကျပ်(၄၅)သိန်း၊ ဆီဆိုင်မြို့နယ်အတွင်း အစေ့ထုတ်ပြောင်း စိုက်တောင်သူများအတွက် “ဖော” ငမြှောင်တောင်ကာကွယ်နှိမ်နင်းရန် ဧက(၃၀၀)စာအတွက် အလန်းပိုးသတ်ဆေးထုပ်(၁၁၀) ၊ ဆိုင်ကလုံး ပိုးသတ်ဆေး ဘူး(၁၀၀)၊ တမာပိုးသတ်ဆေး(၁၂)ဘူး တန်ဖိုးငွေကျပ်(၁၅)သိန်း၊ ဖီရိုမုန်းထောင်ချောက် အခု(၄၀) တန်ဖိုး ငွေကျပ် (၁)သိန်း(၆)သောင်း စုစုပေါင်းထောက်ပံ့ပစ္စည်း တန်ဖိုးငွေကျပ်(၆၁)သိန်း (၆) သောင်းတို့ကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သန်းထူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ပြီး ခေတ်မီသိပ္ပံနည်းကျ ပေါင်စနစ်(Raised Bed)ဖြင့် မိုးစပါးပျိုးထောင်ပွဲဆောင်ရွက်နေမှုအား ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)